DVB Logo
Home
Lead Story
အဝယ်တော်များ
DVB
·
April 18, 2022
အဝယ်တော်များ
Donate to DVB

၁။

လမ်းလျှောက်စကားပြောစက်မှရသည့်သတင်းအရ နဝတစစ်သားတချို့ ဒုံသမိချောင်းအတိုင်း လာနေကြသည်ဟု သိရသဖြင့် ကျနော်တို့လူသိုက် နေရာပြောင်းအိပ်ကြရန် ချောင်းတဖက်ကမ်းသို့ ကူးလာခဲ့ကြ၏။

ချောင်းနှင့်မလှမ်းမကမ်း တောင်ကုန်းတခုပေါ်ရောက်တော့ ည ၆ နာရီထိုးပြီးနေပြီ ဖြစ်သည်။ သည်တောင်ကုန်းပေါ်တွင်ပင် တညမျှ ပုန်းအိပ်ကြရန် ဆုံးဖြတ်လိုက်ကြ၏။ ရွာသားများအဖို့တော့ မသိ၊ ကျနော့်အဖို့မူ တောင်ကုန်းထိပ်တွင် တညအိပ်ရမည်ဖြစ်သဖြင့် အတော့်ကို ကျေနပ်သွားရ၏။

သည်ဒေသတဝိုက်ကို အတော်ဝေးဝေးအထိ အပေါ်စီးမှမြင်နိုင်သည့် တောင်ကုန်းဖြစ်သဖြင့် ကျေနပ်မိခြင်းလည်း ဖြစ်သည်။

ကျနော် ထိုင်ကြည့်နေရာ တောင်ကုန်းပေါ်မှတဆင့် ခပ်ဝေးဝေးနေရာများတွင် မိဆိုင်းတောင်၊ လေးကေတောင်၊ ကားမဲတောင်နှင့် ဖလံတောင်များကို မြင်နေရ၏။ ထိုအထဲတွင် လေးကေတောင်ကြီးမှာ အကြီးဆုံး အလှဆုံးဟု ထင်ရ၏။ တောင်တန်းတခုပေါ်တွင် လက်သီးဆုပ်ကြီးတခု ထုတင်ထားသလို ဖြစ်နေလေသည်။

လေးကေတောင်၏ နောက်ခံနှင့်အထက်တွင် တိမ်များ အုပ်လိုက် တွေ့နေရ၏။ ဝါဂွမ်းစိုင်များကို အောက်ဘက်မှ အနီရောင် မီးဆလိုက်များ ထိုးထားသလို ဖြစ်နေ၏။ 

ဒုံသမိချောင်းသည် တောင်ကုန်း၏ အနောက်ဘက် တောအုပ်တောတန်းများကြား မြောက်မှ တောင်သို့ စီးဆင်းနေ၏။ ခန္ဓာကိုယ်ကို တွန့်ကာလိမ်ကာ တောအုပ်ထဲ ခေါင်းထိုးဝင်သွားလိုက် တောအုပ်ထဲမှ ခေါင်းယမ်းပြီး ထွက်လာလိုက် ရှိနေ၏။

တောင်ကုန်းပတ်လည် တောအုပ် တောတန်းတွေဆီက အိပ်တန်းတက် ငှက်သံများကို ကြားနေရ၏။ စိမ်းနု၊ စိမ်းပုပ်၊  စိမ်းဝါ၊ စိမ်းပြာ အရောင်ကွဲ အဆင်အမျိုးမျိုးဖြစ်နေသည့် မြေပြင်ကြီးမှာ အပြာဖျော့ရောင် တောင်တန်းတွေထဲ ရောနှောပျော်ဝင်ပေါင်းစပ်သွားနေကြ၏။ ထိုအချိန် အခိုက်အတန့်မှာပင် ကျောက်ဖြာရွာဘက်ဆီက သေနတ်သံလေးချက် ဆက်တိုက်ကြားလိုက်ရ၏။ တောထဲတွင် ခပ်အုပ်အုပ် ထွက်လာသည့်အသံများပင် ဖြစ်သည်။ ငြိမ်းချမ်းမှုကို အန်တုဖို့ ကြိုးစားလိုက်သည့် မရဏအသံပင် ဖြစ်သည်။

၂။

ညအိပ်ခါနီးကာမှ ဘောသပြုရွာနှင့် လူသုံးဦး တောင်ကုန်းပေါ် ရောက်လာကြသည်။ သူတို့ ပုန်းအောင်းနေသည့်ဘက်သို့ နဝတစစ်သားများ ဦးတည်လာနေသည်ဟု သတင်းရသဖြင့် ကျနော်တို့ ရှိရာသို့ လာရောက်ပူးပေါင်းလိုက်ကြခြင်း ဖြစ်သည်။

သူတို့တတွေ ရောက်လာမှ အနယ်နယ်အရပ်ရပ်က သတင်းများ ပိုပြီး ကြားလာရပြန်သည်။ ကြားရသည့် သတင်းအားလုံး စာရင်းချုပ်ကြည့်တော့ ဘားအံမြို့နယ်အတွင်း (၁၉၊ ၁၁၊ ၉၂) မှ (၁၉၊၂၊ ၉၃) နေ့အထိ ကျေးရွာ ၉ ရွာမှ အသတ်ခံခဲ့ရသည့် လူအရေအတွက်မှာ ၁၇ ယောက် ရှိနေသည်ကို တွေ့ရသည်။ ထို့ကြောင့် နဝတ စစ်တပ်များအနေနှင့် ဒေသခံ ကရင်တိုင်းရင်းသားများကို အကြောင်းအမျိုးမျိုးစွပ်စွဲကာ ၁၀ ရက်လျှင် ၂ ဦးနှုန်း သတ်ဖြတ်ခဲ့ကြသည်ကို တွေ့ရတော့ ကျနော့်မှာ တုန်လှုပ်သွားခဲ့ရ၏။ ထိုအထဲတွင် မောင်သိန်းတို့၏ ဘောသပြုရွာသား ၄ ဦး ပါရှိခဲ့လေသည်။ ယခုအခါ နဝတစစ်တပ်ကို ကြောက်သဖြင့် ဘောသပြုရွာသား အများစုမှာ တောထဲတွင် ပုန်းအောင်းနေကြရပြီ ဖြစ်သည်။ 

တောင်ကုန်းပေါ်တွင် ကျနော်တို့အပါအဝင် လူ ၉ ဦး စုအိပ်ကြမည်ဖြစ်သည်။ ထိုအထဲတွင် ဘောသပြုရွာသား ၄ ဦးနှင့် ကျောက်ဖြာရွာသား ၂ ဦး ပါဝင်၏။ အိပ်ရာမဝင်ခင် ကင်းစောင့်သူက စောင့်နေစဥ် ကျန်သူများမှာ စကားခပ်တိုးတိုးပြောကာ ဝိုင်းဖွဲ့ထိုင်နေခဲ့ကြ၏။

ကျေးရွာများ အဓမ္မပြောင်းရွှေ့ခံကြရသည့်ကိစ္စ၊ ကင်းကြေး ချောကြေး ပေးကြရသည့်ကိစ္စ၊ ကားမိုင်းဘိုး အတောင်းခံကြရသည့်ကိစ္စ၊ တောင်ယာနှင့် လယ်ယာများ မလုပ်နိုင်ကြတော့သည့် ကိစ္စများကို ကြားရတော့ ကျနော့်နှလုံးသားများ ထုံကျင်ကိုက်ခဲလာရတော့၏။ သည်ဒေသတဝိုက်တွင် ၂ လမျှ နေထိုင်ခဲ့စဥ်အတွင်း ဟိုရွာ သည်ရွာမှ အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးများ၏ သတင်းကို ကျနော် မှတ်သားခဲ့ရ၏။ လူကိုယ်တိုင်တွေ့ပြီးမှ သတင်းမေးခွင့်ရသူ ၃ ဦး ရှိ၏။ မျက်ရည်နှင့် သွေးများ လိမ်းကျံလျက်ရှိသည့် ကြေကွဲဖွယ်ဇာတ်လမ်းများမှာ တတော တတောင်လုံးသို့ တောမီးလို ပျံ့နှံ့လျက် ရှိလေသည်။

၃။

ရေဒီယိုလေးကို ဘေးတွင်ချကာ ခပ်တိုးတိုးဖွင့်ပြီး နားထောင်နေစဥ် အမှတ်မထင် အိပ်ပျော်သွားခဲ့ပြီး အိပ်ရာက နိုးတော့ ရေဒီယိုလေးမှာ တဂျစ်ဂျစ်အသံများ မြည်နေသေး၏။ ရေဒီယိုမပိတ်ဘဲ အိပ်ပျော်သွားခဲ့ခြင်း ဖြစ်သည်။ လက်က နာရီကို လရောင်တွင် ထောင်ကြည့်တော့ ည ၁ နာရီကျော်နေပြီ ဖြစ်သည်။

လရောင်များက သစ်ပင် သစ်ရိပ်ရာ နေရာများပေါ် ရေတံခွန်မှ ရေများ သွန်ချသလို ကျလာနေ၏။ လရောင်များ ကျနော့်ခန္ဓာကိုယ်ပေါ် ကျလာနေသည်ကို ကြည့်ကာ ကျနော့်မှာ ကျေနပ် ကြည်နူးနေရ၏။ ကျနော်က နေထွက်ခြင်းများကို စောင့်ကြည့်ခြင်း၊ လရောင်များကို ငေးကြည့်ခြင်းဖြင့် ကျနော့်ဘဝ အလွမ်းအမောများကို ဤနည်းဖြင့် ဖြေသိမ့်နိုင်ဖို့ ကြိုးစားခဲ့သူ ဖြစ်သည်။

ယခုလည်း ဒုံသမိချောင်းဘေး တောင်ကုန်းတခုပေါ်တွင် လရောင်ကို မော့ကြည့်ရင်း ကျနော် ရောက်ရှိနေရာဒေသ ကရင်တိုင်းရင်းသားသွေးချင်းများ၏ လောကငရဲ ဇာတ်လမ်းများအတွက် ဖြေသိမ့်နိုင်ဖို့ ကြိုးစားနေမိသည်။ ဖလံတောင်ရွာသူ “မရေသူ”၏ ငိုရှိုက်သံများကို နားထဲက ဖျောက်လို့မရ။ ပါးရိုက်ခံရသည့် သူကြီးမ “ဒေါ်စောမြိုင်”၏ မျက်နှာကို ကျနော် မေ့လို့မရ။ ကျောင်း၏ ထုပ်တန်းတွင် ကြိုးတုပ်ပြီး ဇောက်ထိုးဆွဲကာ ကြေးစည်ထုသည်ဟု ဆိုပြီး စစ်ဖိနပ်နှင့် ပါးအရိုက်ခံရသည့် ဘုန်းတော်ကြီးတပါး၏ တုန်တုန်ယင်ယင် အသံများကို ကျနော် ဖျောက်လို့မရ။

ကျနော်နှင့် လေး ငါးလှမ်းအကွာတွင် ကရင်တိုင်းရင်းသား ၇ ဦးသည် မောပန်းစွာ အိပ်ပျော်နေကြ၏။ ကျနော်နှင့် ဝါးနှစ်ရိုက်ခန့်အကွာ သစ်ပင်ပေါ်မှ ကင်းသမား၏ ခပ်အုပ်အုပ် ချောင်းဟန့်သံ ကြားလိုက်ရ၏။ တောင်ကုန်းအောက်ဘက် ချိုင့်ထဲက ချေဟောက်သံ ကြားရ၏။ ဒုံသမိချောင်းတဝိုက် နီးစပ်ရာ တောထဲတောင်ထဲတွင် သစ်ရွက်ခင်း လူတကိုယ်စာ အိပ်ရာငယ်များ နေရာအနှံ့ တွေ့ခဲ့ရသည်ကိုတွေးမိကာ စိတ်တွေ လေးလံလာရ၏။ 

လူ ဖြစ်လာပါလျက် လူ့ဥပဓိရုပ်များ ဆုံးရှုံးကာ ကြက်များ၊ ငှက်များလို တောတောင်များအတွင်း အဘယ်ကြောင့်များ အခုလို ပုန်းအောင်းအိပ်စက်နေကြရပါလိမ့်။ လရောင်မှာ သူတို့၏ဘဝနှင့် တင့်တယ်လိုက်ဖက်ခြင်း မရှိနိုင်တော့။ လရောင်ကို ကျနော် ချစ်သော်လည်း ဘဝ၏ အလွမ်းအမောများနှင့် ပေးပြီးမှ ဝယ်လို့ရသည့် လရောင်ကို ကျနော် မယူရဲအောင် ဖြစ်လာရသည်။ တကယ်တော့လည်း ကျနော် ဖတ်ဖူးခဲ့သည့် ကဗျာတပုဒ်ထဲကလို လရောင်ကို ကျနော်တို့တတွေ တကယ့်ကို မျက်ရည်တွေ သောကတွေနဲ့များ ဝယ်ခဲ့မိကြလေရော့သလား။ 

မျက်လုံးများပိတ်ကာ အိပ်ပျော်နိုင်ဖို့ ကြိုးစားစဥ် ကျနော် ဖတ်ဖူးခဲ့သည့် ကဗျာတပုဒ်ကို သတိရနေပြန်တော့၏။

အဝယ်တော်

ဆင်းရဲခြင်းကို
ရိုးသားခြင်းနဲ့ ဝယ်လို့ရတယ်။

ချမ်းသာခြင်းကို
ကောက်ကျစ်စဥ်းလဲခြင်းနဲ့ ဝယ်လို့ရတယ်။

သေဆုံးခြင်းကို
တန်ဖိုးရှိတဲ့ သုညနဲ့ ဝယ်လို့ရတယ်
တန်ဖိုးမရှိတဲ့ သုညနဲ့လည်း ဝယ်လို့ရတယ်။

ဒါပေမဲ့
လမင်းကို 
မျက်ရည်တွေ သောကတွေနဲ့
ခေတ်အဆက်ဆက်ကတည်းက
ဝယ်ခဲ့ရတာပေါ့။ ။

(၁၉၉၄ ဇူလိုင်လထုတ် မဟေသီမဂ္ဂဇင်းမှ လှိုင်းထက်၏ ‘အဝယ်တော်’ကဗျာ)

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013