
ရှမ်းတိုင်းရင်းသား ကျောင်းသူကျောင်းသားတွေ တက်ရောက်သင်ကြားနေတဲ့ အစိုးရစာသင်ကျောင်းတွေမှာ မိခင်ရှမ်းဘာသာကို အပိုဘာသာရပ်အနေနဲ့ မဟုတ်ဘဲ မသင်မနေရ ဘာသာရပ်တခုအဖြစ် ထည့်သွင်းပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗဟို ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းက တိုက်တွန်းလိုက်ပါတယ်။
မန္တလေးမြို့မှာ မတ်လ ၆ ရက်နေ့က ကျင်းပပြီးစီးသွားတဲ့ ၁၂ ကြိမ်မြောက် ဗဟိုရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းရဲ့ သင်းလုံးကျွတ်အစည်းအဝေးမှာ ခုလို ထုတ်ပြန်ပြောကြား လိုက်တာပါ။
၂၀၁၂ ခုနှစ်ကစလို့ ပညာရေးဝန်ကြီးဌာနကနေ တိုင်းရင်းသားစာပေတွေကို ကျောင်းချိန်ပြင်ပမှာ သင်ကြားခွင့် ပြုခဲ့ပေမယ့်လည်း မိခင်ဘာသာ စာပေကို ကလေးတွေ ပိုမိုအလေးအနက်ထား သင်ကြားရေးအတွက် ခုလိုတောင်းဆိုလိုက်တာလို့ တနိုင်ငံလုံးဆိုင်ရာ ဗဟိုရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း ဒု-ဥက္ကဋ္ဌ ၂ ဦးစိုင်းခင်မောင်စိန်က ပြောပါတယ်။
“ဘာသာရပ်တခုအနေနဲ့ သင်ကြားပေးမယ်ဆိုရင်တော့ ကျနော်တို့ ရည်မှန်းထားတဲ့ တတ်သိပညာရှင်တွေ မွေးထုတ်တဲ့အခါမှာ ရှမ်းစာကလည်း ပေါင်းကူးတံတားတခုအနေနဲ့ ဖြစ်စေချင်တာပေါ့နော်။ အထူးသဖြင့် နယ်စပ်ဒေသတွေမှာ နေထိုင်တဲ့ ကလေးတွေလည်း ဥာဏ်ပညာ တွေးခေါ်သိတတ် ပညာရှင်တွေ ဖြစ်လာမယ်။ ဘာသာရပ်အဖြစ် သင်ကြားရလို့လည်း ကျနော်တို့ လူမျိုးဂုဏ် စာပေဂုဏ်လည်း ပိုမိုပြီးတော့ မြင့်မြင့်မားမားရှိမယ်၊ ကျနော်တို့လည်း ဂုဏ်ယူရပါတယ်။”
ဒါဟာ ရှမ်းကလေးတွေအတွက်သာ ရည်ညွှန်းပြီး ရှမ်းမဟုတ်တဲ့ အခြား တိုင်းရင်းသားကလေးတွေအတွက်တော့ သူတို့ဆန္ဒအလျောက်ပဲလို့ ဆိုပါတယ်။
ဒါ့အပြင် ရှမ်းစာပေသင်ရိုးညွှန်းတမ်းစာအုပ်မှာ ၁၉၆၀ ခုနှစ်က ရှမ်းပြည်နယ်အစိုးရ အသိအမှတ်ပြု ကျားခေါင်းပုံ ဖတ်စာအုပ်ကို အခြေခံပြီး ခေတ်နဲ့အညီ ပြန်လည်ပြင်ဆင်မွမ်းမံ အသုံးပြုသွားဖို့လည်း ဆုံးဖြတ်ခဲ့ကြပါတယ်။
ရှမ်းလူမျိုးတွေဟာ ရှမ်းပြည်နယ်တင်မဟုတ်ဘဲ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ် ကယားပြည်နယ်တို့မှာလည်း ပျံ့နှံ့တည်ရှိနေတဲ့အတွက် ရှမ်းလူမျိုးတို့ရှိရာ ဒေသတိုင်းမှာ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းတွေ ပိုပြီးကျယ်ပြန့်စွာ စည်းရုံးဖွဲ့စည်းသွားဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။
ဒါ့အပြင် ရှမ်းလူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အိုင်တီ (နည်းပညာ) အဖွဲ့ကလည်း ရှမ်းစာပေ ယဉ်ကျေးမှု တိုးတက်ရေးအတွက် နည်းပညာတွေနဲ့ ထောက်ကူပံ့ပိုးဖို့ ပူးပေါင်းပါဝင် လာတာလည်း ဒီနှစ် အစည်းအဝေးရဲ့ ထူးခြားချက်လို့ ဆိုပါတယ်။
အစည်းဝေးမှာ အလုပ်မှုဆောင်ကော်မတီတွေလည်း ပြန်လည်ရွေးချယ်ခဲ့ပြီး ဥက္ကအဖြစ် ဦးစိုင်းကောင်း နဲ့ ဒုဥက္ကဋ္ဌ - ၁ အဖြစ် ပင်လုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုင်းအောင်ဆန်းကို ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။
လာမယ့် ၁၃ ကြိမ်မြောက် သင်းလုံးကျွတ်အစည်းအဝေးကို ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပသွားဖို့ သဘောတူခဲ့ကြပါတယ်။
ဗဟိုရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းရဲ့ ၁၂ ကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေးကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နဲ့ စစ်ကိုင်းတိုင်းမှာရှိတဲ့ မြို့နယ်ပေါင်း ၇၈ မြို့နယ်က ရှမ်းစာပေနဲ့ယဉ်ကျေးမှု ကိုယ်စားလှယ် ၂၀၀ နီးပါး တက်ရောက်ဆွေးနွေးခဲ့ပါတယ်။










