DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံးရှိ နိုင်ငံရေးအကျဉ်းသားစာရင်း ၆ လအတွင်း အပြီးကောက်မည်
DVB
·
March 6, 2014
တနိုင်ငံလုံးရှိ နိုင်ငံရေးအကျဉ်းသားစာရင်း ၆ လအတွင်း အပြီးကောက်မည်
Donate to DVB

မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားအားလုံးရဲ့စာရင်းကို အချိန်ခြောက်လအတွင်း သမိုင်းမှတ်တမ်းတင်ဖို့ ကောက်ယူပြုစုသွားမယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) ၀င် ဦးရဲအောင်က ပြောပါတယ်။

၁၉၆၂ ခုနှစ်ကနေ လက်ရှိကာလအတွင်းမှာ နိုင်ငံရေးလုပ်ဆောင်မှုကြောင့် အကျဉ်းကျခံရသူတွေရဲ့ စာရင်းကို ပထမဆုံးအကြိမ် ဆောင်ရွက်ကြမှာဖြစ်ပါတယ်။

prison of inseinဒီလို စာရင်းကောက်နိုင်ဖို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းလုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

ရှေ့ပြေးကောက်ခံမှုကို ပြည်နယ်တိုင်းအချို့မှာ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလက စတင်ခဲ့ပြီး လာမယ့်ဇွန်လကုန်အပြီး ကောက်ခံသွားကြမှာဖြစ်ပါတယ်။ ကောက်ခံမယ့်စာရင်းအတွင်း ပါဝင်မယ့်သူဟာ နိုင်ငံရေးအကျဉ်းသားဆိုတာကို ဘယ်လို သတ်မှတ်ကောက်ခံလဲလို့ မေးမြန်းရာမှာ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS) ဦးရဲအောင်က အခုလို ပြောပါတယ်။

“နိုင်ငံရေးနဲ့ပတ်သက်တဲ့ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ ဆက်နွှယ်ပြီး ထောင်ကျခဲ့တဲ့လူတွေပါ။ ဒုတိယတချက်က ကျနော်တို့ သက်ဆိုင်ရာ ဒေသမှာရှိတဲ့ လူတွေရဲ့ သဘောမှတ်ချက်ပေါ်မှာလည်း မူတည်ပြီး ယူပါတယ်။ သက်ဆိုင်ရာ ဒေသအသီးသီးမှာ သူ့သက်ဆိုင်ရာ ခုနှစ်အလိုက် နိုင်ငံရေး အကျဉ်းသားတွေ ရှိနေကြပါတယ်။ အဲဒီလူတွေကနေပြီး သတ်မှတ်ပေးတာမျိုးတွေ ရှိပါတယ်။ ဘယ်သူတွေကတော့ သူတို့နဲ့ တူတူနေခဲ့တယ်၊ နိုင်ငံရေးဖြစ်စဉ်နဲ့ ထောင်ကျခဲ့တယ်။ အဲဒီအပေါ်မှာ မူတည်ပြီး ကောက်ယူပါတယ်။”

နိုင်ငံရေးအကျဉ်းသားစာရင်း ကောက်ခံတဲ့နေရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတချို့ကို ပဲခူးတိုင်း သာယာဝတီခရိုင်အတွင်း ကိုယ်တိုင်ကောက်ခံခဲ့တဲ့ ကိုကျော်နိုင်ဦးက “နံပါတ် ၁ ဘာပြောလဲဆိုတော့ မိသားစုကနေပြီး ဒီဥစ္စာကြီးကတော့ ထားလိုက်ပါတော့ ဘာမှလည်း ထပ်ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ တချို့က ဒီဥစ္စာတွေ လုပ်လိုက်ခြင်းအားဖြင့် နောက်ကြောင်း ပြန်လှည့်သွားရင် သူတို့တွေ ဒုက္ခရောက်သွားနိုင်တယ်လို့ အမြင်မျိုး မြင်တဲ့သူတွေက တမျိုးရှိတယ်။ နောက်တမျိုးက သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်က ပထမ စစ်ကြောရေး ခံရတဲ့အခါမှာ မေးမြန်းခံရတဲ့ ဖိအားတွေက များလာခဲ့တော့ အဲဒီလိုမျိုးတွေတော့ လာမမေးပါနဲ့ အဲဒီလိုမျိုးမေးလို့ရှိရင် မခံစားနိုင်လို့ပါဆိုပြီး မဖြေတဲ့သူတွေ ရှိတယ်” လို့ ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားစာရင်း ရှေပြေးကောက်ခံရရှိမှုတွေအရ နိုင်ငံရေးအကျဉ်းသားဟောင်း အများစုဟာ ကျန်းမာရေးချို့တဲ့နေသူတွေ အလုပ်အကိုင် အခွင့်အလမ်း မရှိဘဲ မိသားစု စားဝတ်နေရေး အဆင်မပြေသူတွေ ဖြစ်နေတာတွေ့ရတယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်း ဟံသာဝတီဦးဝင်းတင်က နိုင်ငံရေးအကျဉ်းသားစာရင်း ကောက်ယူနိုင်ရင် နိုင်ငံရေးအင်အားစုကြီးတရပ် ဖြစ်ထွန်းပေါ်ပေါက်လာနိုင်တယ်လို့ သုံးသပ် ပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေမှာ ကိုယ်စီတော့ နိုင်ငံရေးရှိကြတယ်။ တချို့က အန်အယ်လ်ဒီတွေဖြစ်မယ်၊ တချို့ နိုင်င့ရေးအဖွဲ့အစည်းတွေကို ယုံတဲ့သူတွေဖြစ်မယ်၊ တချို့က တိုင်းရင်းသားတွေဖြစ်မယ်။ ဘာပဲပြောပြော ဒီနိုင်ငံရေးအကျဉ်းသားတွေဟာ အတိုင်းအတာတခုထိ စုစည်းနိုင်မယ်ဆိုရင် နိုင်ငံရေးအင်အားကြီးတခုဖြစ်လာမယ်။ အဲလိုဖြစ်လာရင် ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ အများကြီး အထောက်အကူဖြစ်နိုင်မယ်။ တိုင်းပြည်ရဲ့ နိုင်ငံရေးလုပ်ငန်းတွေ၊ နိုင်ငံရေးဦးတည်ချက်တွေအတွက် အများကြီး အထောက်အကူဖြစ်မယ်လို့ ထင်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013