DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပူးပေါင်းပြင်ရန် တိုင်းရင်းသားအဖွဲ့၊ အန်အယ်လ်ဒီနှင့် ၈၈ မျိုးဆက်တို့ သဘောတူ
DVB
·
March 6, 2014
ဖွဲ့စည်းပုံပူးပေါင်းပြင်ရန် တိုင်းရင်းသားအဖွဲ့၊ အန်အယ်လ်ဒီနှင့် ၈၈ မျိုးဆက်တို့ သဘောတူ
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်တို့ ဘုံသဘောတူညီချက် ရရှိခဲ့ကြပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ ခေါင်းဆောင်တွေနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေ ရန်ကုန်မြို့မှာ ဒီနေ့ မနက်ပိုင်းက တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး နှစ်ဘက် သဘောတူညီချက် ၃ ခု ရရှိခဲ့ကြပါတယ်။

[caption id="attachment_52820" align="alignright" width="300"]ဓာတ်ပုံ - ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဓာတ်ပုံ - ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း[/caption]အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှု ပေါ်ပေါက်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးမှာ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အခန်း (၁၂)၊ ပုဒ်မ (၄၃၆) ကို ပြင်ဆင်ရေးဟာ ပထမဆုံးခြေလှမ်းအဖြစ် လက်ခံသဘောတူပြီး ပူးပေါင်းဆောင်ရွက်သွားကြဖို့နဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားကြဖို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

ပုဒ်မ ၄၃၆ ဟာ ဖွဲ့စည်းပုံကို ပြင်ဖို့အတွက် လွှတ်တော်အမတ်ဦးရေရဲ့ လေးပုံသုံးပုံကျော်က ထောက်ခံရမယ်၊ လူထုဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိသူဦးရေရဲ့ ထက်ဝက်ကျော် ထောက်ခံမဲ ရရမယ် စတဲ့အချက်တွေ ပါရှိပါတယ်။

ဒီပုဒ်မကို ဦးစားပေးပြင်ရေး ပူးပေါင်းလုပ်ဆောင်သွားဖို့ အန်အယ်လ်ဒီနဲ့ ၈၈ မျိုးဆက်တို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက သဘောတူညီမှု ရရှိခဲ့ကြပြီး အခုတခါ တိုင်းရင်းသားမဟာမိတ်အဖွဲ့နဲ့ပါ သဘောတူညီချက် ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီသဘောတူညီချက်ဟာ အန်အယ်လ်ဒီ၊ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေနဲ့ ၈၈ တိုရဲ့ ဘုံသဘောတူညီချက်လို့ ပြောနိုင်ကြောင်း ဒီနေ့ ဆွေးနွေးပွဲတက်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

“ပြင်ဆင်တဲ့ အပိုင်းမှာ ကျနော်တို့လည်း ကျထားပြီးသားဆိုတော့ သိပ်ငြင်းစရာ မရှိဘူး။ သို့သော် ဘယ်ကနေစလုပ်မလဲဆိုတော့ အခန်း ၁၂ ပုဒ်မ ၄၃၆ ပေါ့ဗျာ၊ အဲဒါကနေ စမယ်ဆိုပြီး ဒီနေ့ အဲဒီလိုမျိုး သဘောတူကြတာပေါ့။ တိုင်းရင်းသားတွေနဲ့ ၈၈ နဲ့ အန်အယ်လ်ဒီနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဘုံသဘောတူညီချက် သွားတူတာပေါ့။ အန်အယ်လ်ဒီနဲ့ ကျနော်တို့နဲ့က ဒီကိစ္စကို မဆွေးနွေးရသေးဘူး။ သို့သော်လည်းပဲ ၈၈ က အန်အယ်လ်ဒီနဲ့ ဆွေးနွေးထားပြီးပြီ၊ သဘောတူထားတယ်။ အခု ၈၈ က ကျနော်တို့နဲ့ လာဆွေးနွေးတယ်၊ သဘောတူထားတယ်။”

ဒီသဘောတူညီချက်တွေ အကောင်အထည်ဖော်ဖို့ ဆက်လက်တွေ့ဆုံ ဆွေးနွေးကြရဦးမယ်လို့လည်း ပြောပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) အဖွဲ့မှ ဦးနိုင်ငွေသိမ်း (မွန်ဒီမိုကရေစီပါတီ)၊ ဦးခွန်ထွန်းဦး (SNLD)၊ ဦးအေးသာအောင် (ALD)၊ ဦးမင်းကျော်ဝင်း (မွန်ဒီမိုကရေစီပါတီ)၊ ဦးကျင့်ဆွမ်းမန် (ZCD)၊ ဦးမျိုးကျော် (ALD)၊ ဦးစောဘာရီ (KNCD)၊ ဦးစိုင်းညွှန့်လွင် (SNLD)၊ ဦးစိုင်းစောအောင်(SNLD)၊ ဒေါ်အိန်ဂျလာသောင်း (KNP) တို့ ပါဝင်တက်ရောက်ခဲ့ကြပြီး ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦးဂျင်မီ၊ ဒေါ်နီလာသိန်းနဲ့ ဒေါ်မီးမီးတို့ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013