DVB Logo
Home
မြန်မာသတင်း
ယခုဘဏ္ဍာနှစ်တွင် ပို့ကုန် ၁၅ ဒသမ ၅ ဘီလီယံ တင်ပို့နိုင်ရန် မျှော်မှန်း
DVB
·
April 17, 2022
ယခုဘဏ္ဍာနှစ်တွင် ပို့ကုန် ၁၅ ဒသမ ၅ ဘီလီယံ တင်ပို့နိုင်ရန် မျှော်မှန်း
Donate to DVB

ပြီးခဲ့တဲ့ ၆လ ဘဏ္ဍာနှစ်၀က်မှာ ပြည်ပပို့ကုန် ၈ ဒသမ ၁ ဘီလီယံဖိုးသာ တင်ပို့နိုင်ခဲ့ပြီး လျာထားချက် မပြည့်မီခဲ့ပေမဲ့  ၂၀၂၂−၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ  ပြည်ပပို့ကုန်ကို နှစ်အလိုက်ဈေးနှုန်းအရ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅ ဘီလီယံ တင်ပို့နိုင်ဖို့ စစ်ကောင်စီက မျှော်မှန်းထားပါတယ်။

မကြာသေးခင်က စစ်ကောင်စီပြဠာန်းတဲ့ အခု၂၀၂၂−၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းဥပဒေမှာ မြန်မာနိုင်ငံရဲ့ ပြည်ပပို့ကုန်ကို နှစ်အလိုက်ဈေးနှုန်းအရ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅ ဘီလီယံတင်ပို့နိုင်ရန်နဲ့  ပြည်ပသွင်းကုန်ကို အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံ တင်သွင်းရန် ရည်မှန်းထားတယ်လို့  ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ မီနီဘတ်ဂျတ် ၆ လအတွက် ရေးဆွဲတဲ့ အမျိုးသားစီမံကိန်းဥပဒေမှာ ပြည်ပပို့ကုန်ကို နှစ်အလိုက် ဈေးနှုန်းအရ အမေရိကန်ဒေါ်လာ ၈ ဒသမ ၂ ဘီလီယံ၊ ပြည်ပသွင်းကုန်ကို အမေရိကန်ဒေါ်လာ ၈ ဒသမ ၈ ဘီလီယံ တင်သွင်းနိုင်ဖို့ ရည်မှန်းထားပေမဲ့ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၈ ဒသမ ၁ ဘီလီယံနဲ့ ကုန်ပစ္စည်းတင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၉ ဘီလီယံရှိခဲပြီး လျာထားချက် ပြည့်မီဖို့အတွက် လိုအပ်ချက်ရှိခဲ့ပါတယ်။

စစ်ကောင်စီက ၂၀၂၂−၂၀၂၃ ဘဏ္ဍာရေးနှစ်ရဲ့ အမျိုးသားစီမံကိန်းဥပဒေကို  ၂၀၂၂ မတ် ၃၁ ရက်နေ့ ရက်စွဲနဲ့  ပြဋ္ဌာန်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။  ဒီဥပဒေက ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်ကနေ့က စတင် အသက်၀င်မှာဖြစ်ပြီး ၂၀၂၃ ခုနှစ် မတ် ၃၁ နေ့အထိ အကျုံး၀င်မှာ ဖြစ်ပါတယ်။

ဒီသတ်မှတ်ကာလအတွင်းမှာ ကုန်သွယ်မှုကဏ္ဍကို  ၄ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ဖို့ ရည်မှန်း လျာထားတယ်လို့ ဥပဒေမှာ  ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ မီနီဘတ်ဂျတ် ၆လအတွက်ရေးဆွဲတဲ့ အမျိုးသား စီမံကိန်းဥပဒေမှာတော့ ၄ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်မှုရှိဖို့ လျာထားခဲ့ပါတယ်။ 

စစ်ကောင်စီ စီးပွာရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကုန်သွယ်ရေးကိန်းဂဏန်းတွေအရ အရပ်သား အစိုးရလက်ထက်  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ  ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၆ ဘီလီယံကျော်ရှိခဲ့ပြီး စစ်ကောင်စီလက်ထက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံသာ ရှိခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၁−၂၀၂၂ ဘဏ္ဍာနှစ် နှစ်၀က်ဘတ်ဂျတ် ၆ လအတွင်းမှာတော့ ကုန်သွယ်မှုတန်ဖိုး  စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံရှိခဲ့ပါတယ်။ ကာလတူကုန်သွယ်မှုနဲ့ နှိုင်းယှဥ်ရင် ၆ လအတွင်း ပို့ကုန်တင်ပို့မှုက ရငွေ အမေရိကန် ဒေါ်လာ ၅၅ သန်းကျော်လျော့ကျခဲ့ပြီး ကုန်ပစ္စည်းတင်သွင်းမှုအတွက် အမေရိကန်ဒေါ်လာ ၁၆၄ သန်းကျော် ပိုမိုသုံးစွဲခဲ့ရပါတယ်။ 

စစ်ကောင်စီက အခုဘဏ္ဍာနှစ်မှာ ကုန်သွယ်ရေးကဏ္ဍကို တိုးတက်ဖို့ ရည်မှန်းထားပေမဲ့ ပြည်တွင်းမှာ စိုက်ပျိုးရေး သွင်းအားစုစျေးနှုန်းတွေ အဆမတန်မြင့်တက်နေတာ၊ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ စိုက်ပျိုးရေး ကောင်းကောင်း မလုပ်နိုင်တာတွေကြောင့် ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုကျဆင်းပြီး လယ်ယာထွက်ကုန် တင်ပို့မှု လျော့ကျနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ 

ပြီးခဲ့တဲ့ ၆ လဘဏ္ဍာနှစ်၀က်မှာ မြန်မာနိုင်ငံရဲ့ အဓိကပို့ကုန်ဖြစ်တဲ့ လယ်ယာထွက်ကုန်တင်ပို့မှုက ကာလတူထက် ကန်ဒေါ်လာ သန်း ၅၀၀ ကျော် လျော့ကျခဲ့ပါတယ်။

ဒါအပြင် လျှပ်စစ်မီး ပုံမှန်မရတာ၊ လောင်စာဆီဈေးမြင့်တက်တာတွေကြောင့်လည်း ကုန်ထုတ်လုပ်မှုတွေကို ထိခိုက်နေပါတယ်။ တစ်ဖက်မှာလည်း ဘဏ်အကြပ်အတည်းပြဿနာကို မဖြေရှင်းနိုင်သေးတဲ့အပြင် မကြာသေးခင်က ထုတ်ပြန်တဲ့ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေကြေးဆိုင်ရာ မူ၀ါဒအပြောင်းအလဲက Expot ကဏ္ဍအပေါ် သက်ရောက်မှုရှိလာနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအ၀ိုင်းက မှတ်ချက်ပြုထားကြပါတယ်။ 

စစ်ကောင်စီပြဋ္ဌာန်းတဲ့ ၂၀၂၂−၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းဥပဒေမှာ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး (GDP) ကိုလည်း ပုံမှန်ဈေးနှုန်းအရ ၃ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်ဖို့ ရည်မှန်းထားပြီး၊ ကဏ္ဍအလိုက် တိုးတက်မှုနှုန်းတွေကို ပုံမှန်ဈေးနှုန်းအရ လယ်ယာကဏ္ဍမှာ ၂ ဒသမ ၆ ရာခိုင်နှုန်း၊ သားငါးကဏ္ဍမှာ ၁ ဒသမ ၈ ရာခိုင်နှုန်း၊ သစ်တောကဏ္ဍမှာ ၁၃ ဒသမ ၅ ရာခိုင်နှုန်း၊ စွမ်းအင်ကဏ္ဍမှာ ၂ ဒသမ ၆ ရာခိုင်နှုန်း၊ သတ္တုနဲ့ တွင်းထွက်ပစ္စည်းကဏ္ဍမှာ ၂၁ ဒသမ ၁ ရာခိုင်နှုန်း၊ စက်မှုလက်မှုကဏ္ဍမှာ ၄ ဒသမ ၅ ရာခိုင်နှုန်း၊ လျှပ်စစ်ဓာတ်အား ကဏ္ဍမှာ ၆ ဒသမ ၃ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးကဏ္ဍမှာ ၂ ဒသမ ၉ ရာခိုင်နှုန်း၊ ပို့ဆောင်ရေး ကဏ္ဍမှာ ၄ ဒသမ ၆ရာခိုင်နှုန်း၊ ဆက်သွယ်ရေးကဏ္ဍမှာ ၃ ဒသမ ၅ ရာခိုင်နှုန်း၊ ငွေရေးကြေးရေး ကဏ္ဍမှာ ၄ ဒသမ ၁ ရာခိုင်နှုန်း၊ လူမှုရေးနဲ့ စီမံခန့်ခွဲရေးကဏ္ဍမှာ  ၂ ရာခိုင်နှုန်း၊ အခြားဝန်ဆောင်မှု ကဏ္ဍမှာ  ၄ ဒသမ ၈ ရာခိုင်နှုန်းနဲ့ ကုန်သွယ်မှု ကဏ္ဍမှာ ၄ ဒသမ ၃ ရာခိုင်နှုန်း အသီးသီး တိုးတက်ဖို့ ရည်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013