
ရေမထိ ရေမသိ သင်္ကြန်ရက်များအတွင်း အိမ်တွင်းအောင်းကုလားမလုပ်ကာ စာအုပ်တွေဖတ်မည်ဟု ကြံစည်ထားသည့်ဖေကြီးတယောက် အကြံအစည် အထမမြောက်ပါ။ အဘဘိုးတော်စောမူးသာ၏ မြေးလေးစောမူးလာ လာခေါ်ပါလေ၏။
“မြို့ကဆရာဖေကြီးကို အဘ ခေါ်ခိုင်းလို့”
“မြို့ပေါ်ကသင်္ကြန်မဏ္ဍပ်ကို သွားဖို့လား”
“သိဘူး . . . အိမ်မှာ မိုက်တွေတော့ စမ်းနေတာ တွေ့ရတယ်ဂျ”
စောမူးလာလေးနဲ့ ထွက်လာပြီး သူတို့ အိမ်နားရောက်တော့ သင်္ကြန်သီချင်း တီးလုံးသံတွေကို သဲ့သဲ့ကြားရတယ်။ တော်လှန်သင်္ကြန်ရက်များအတွင်းမှာ အဘစောမူးသာ အာသာပြေ သင်္ကြန် သီချင်းတွေ ဖွင့်နားထောင်နေပုံပါပဲ။
အိမ်ခြံဝိုင်းထဲရောက်တော့ အေးမြတဲ့ မန်ကျည်းပင်အိုကြီးအောက်အရိပ်က ကွပ်ပစ်မှာ TV ကြီးတင်ထားပြီး မိုက် ကရိုဖုန်းကို 'ဟယ်လို ဟယ်လို' လို့ စမ်းနေတာလည်း မြင်ရပါတယ်။
" လာဟေ့ ဖေကြီး . . . သင်္ကြန်သီချင်းလေးတွေ ဆိုကြရအောင်ကွ "
"ကျနော်က အသံလည်းမကောင်းဘူး၊ သင်္ကြန်သီချင်းဆိုလည်း "သင်္ကြန်မိုး" ဇာတ်ကားထဲက သီချင်းတွေလောက်သာ သိတာအဘ "
" ဟားဟား ဟားဟား ဟားဟား အိုကေပြီဟေ့ . . . ငါ့မှာလည်း သင်္ကြန်မိုးတစ်ခွေပဲ ရှိသဟ၊ ဟန် ကိုကျလို့ဟေ့ . . . "
အဘစောမူးသာကိုကြည့်ရတာ ရွှင်နေပါ၏။ တနိုင်ငံလုံးနည်းတူ စစ်မိစ္ဆာသင်္ကြန်ကို သပိတ်မှောက်ထား သော်ငြား အိမ်တွင်းအောင်းကာ စိတ်အကြောတွေ ဖြေမယ့်ပုံပါပဲ။
" ကြည့်ကျက်လုပ်အုံးနော် အဘ စောမူးသာ၊ ကျော်ကျော်ဆူတာ ခံနေရအုံးမယ်ဗျား . . . ဟားဟား ဟားဟား ဟားဟား . . . "
" ဟားဟား ဟားဟား ဟားဟား၊ ငါ့တေးသံကြားရင် မင်းတို့ကိုကျော် ကျော်လို့ခေါ်တဲ့ တော်လှန်ရေးသမားမင်းမော်ကွန်းက ဆူမယ်မထင်ပါဘူးဗျား . . . ဟားဟား ဟားဟားဟားဟား "
ပြည်သူလူထုတစ်ရပ်လုံးက ' အပျော် သင်္ကြန် ဒို့ငြင်းဆန်၊ တော်လှန်သင်္ကြန် ပြည်သူ့အသံ ' ကို လိုက်နာပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကအစ အမြို့မြို့အရွာရွာမှာ အာဏာသိမ်းစစ်မိစ္ဆာတွေရဲ့ ကမ္ဘာကိုဟန်ပြချပြမယ့် သင်္ကြန်မှာ လမ်းပေါ်မထွက်ဘဲ မပါဝင်မဆင်နွှဲဘဲ သပိတ်မှောက်ခဲ့ကြတာ ကြောက်ခမန်းလိလိ အားရစရာကြီးပါ။
ဒါပေမဲ့ အဲ့သည် စစ်မိစ္ဆာစောက်ရူးတွေရဲ့ဟန်ပြမဏ္ဍပ်တွေမှာ ပူးပေါင်းပါဝင်ဆင်နွှဲပြီး သူတပါးသီချင်းတွေကို သံသေးသံကြောင်တွေနဲ့ ကပေါက်တိ ကပေါက်ချာ အစွမ်းကုန်ဖျက်ဆီးနေတဲ့ ' ဘောမတွေ ' လည်း နည်းနည်းပါးပါး တော့ ရှိတာတွေ့ရပါတယ်။ အဲသည် 'အဘဘောမ' တွေကိုလည်း မင်းမော်ကွန်းသာမက ပြည်သူလူထုကလည်း ဒဏ်ခတ်ရှုတ်ချနေတာ မြင်ရပါသဗျ။
၈၈ ကာလတုန်းကလည်းပဲ စစ်ဘီလူးတွေနဲ့ ပလူးပလဲနေခဲ့ကြတဲ့ အနုပညာရှင်တွေကို လူထုက သပိတ် မှောက်ပြီးဒဏ်ခတ်ခဲ့လို့ အနုပညာစင် မြင့်ပေါ်ကနေ ပြုတ်ကျသွားခဲ့ကြတဲ့သူတွေ အနုပညာနလန်မထူတော့တဲ့သူတွေ ရှိခဲ့ကြတာ သင်ခန်းစာတွေပါ။
" လာဟေ့ ဖေကြီး . . . ဆိုရအောင် "
" ဆိုရမှာတော့ ခပ်လန့်လန့်ပဲ အဘ "
" ဟားဟား ဟားဟား ဟားဟား . . .
မကြောက်ပါနဲ့ဖေကြီးရာ . . . လုပ်စမ်းပါ "
အဘစောမူးသာက သင်္ကြန်မိုးခွေထည့် ပြီးတော့ TV ကိုမကြည့်ဘဲ သူ့လက်ထဲ ကစာရွက်ကိုသာကြည့်နေတာကို ထူး ခြားစွာ မြင်ရပါ၏။
" ဘာတွေရေးမှတ်ထားတာလဲ အဘ "
" ဟားဟား ဟားဟား ဟားဟား . . .
အွန်လိုင်းပေါ်မှာတွေ့ပြီး ကြိုက်လွန်းလို့ ကူးရေးထားတာတွေကွ "
TV ပေါ်မှာ ကာရာအိုကေတီးလုံးသံတွေ ထွက်ပေါ်လာလေပြီ။ သင်္ကြန်မိုးထဲက သီချင်းတီးလုံးသံတွေပေါ့။ အဘစောမူးသာကား မိုက်တပြင် ပြင် ပါးစပ်တပြင်ပြင်။
" လေယာဉ်ပျံတွေ ဝယ်သည်
ရဟတ်ယာဉ်တွေပါ မကျန်ပြီ
ပြန်အမ်းပစ်မယ့် ဒို့ NUG . . .
အစ်ကိုတွေမောင်တွေ အကုန်ညီ
တစ်ခါတစ်လေသာ မာန်ဖီ
အမေရေ ပြည်သူတွေ နိုင်နေပြီ "
"လွမ်း လွမ်း လှပြီ . . .
တမ်း တမ်း တသည် . . .
အားပေးတဲ့အမေ့ရဲ့အသံကို ကြားယောင်သည်
ကြမ်း ကြမ်း လှပြီ . . .
ရမ်း ရမ်း လှသည် . . .
အားတင်းပြီး သမီးတို့အသားကုန် တိုက်ပါမည်"
" မသာကောင်တွေ စုံစည်
နေ့စဉ် အသားကုန် သေသည်
မုန့်ဟင်းခါးနံ့ သင်းနေပြီ . . .
ဒလန်တွေအကုန် ရှောင်ပြီ
ရဲတွေ C D M ပြီ
( အမေရေ ) ၃ နိုင်နေပြီ
အမေရေ ပြည်သူတွေ နိုင်နေပြီ "
အသံ့သြဇာလည်းကောင်း စည်းဝါးကလည်းနိုင် သီချင်းစာသားတွေကလည်း မိုက်လှပေလေရာ ဖေကြီးကြက်သီးတွေတောင်မှ ထလာ၏။
‘" ရေးတာ ဆိုတာ ဘယ်သူတွေလဲ အဘ "
" အေး . . . တေးသံရှင်က ' သံစဉ် ' တဲ့၊ တီးလုံးက ' မောင် ' တဲ့ကွ "
" ကောင်းလိုက်တာ အဘရာ "
" အေးကွ . . . ငါလည်း သိပ်ကြိုက်လို့ ကူးထားတာ ဖေကြီးရ။ ရှိသေးတယ် "
" ဒါဆို ဆက်ဆိုပါအုံး အဘရေ "
" အေး . . . ဒီအပုဒ်မှာ တေးဆိုက 'ပဟေဠိဆန်သောအနုပညာရှင်' တဲ့။ တီး လုံးကတော့ ' မောင် ' ပဲ "
" နားဆင်ပါရစေ ခင်ဗျ "
အဘစောမူးသာကား အခွေထဲမှ မူရင်းသီချင်းသံစဉ်ကိုရှာကာ အဆိုသံကိုပိတ် လိုက်၏။ ပြီးသည့်အခါ ပီသပြီး ကြည်မြသည့် အဆိုသံကို အရသာရှိစွာ ကြားရပါတော့၏။
"လွမ်းဆွတ်တဲ့ဝိဉာဉ် မျောလွင့်လို့နေ ခြောက်သွေ့တဲ့ တန်ခူးလေမှာ . . .
ဒို့ချစ်တဲ့အမိမြေ ကောင်းစားဖို့လေ တော်လှန်ရေးကြီးရေ အောင်မြင်ရစေသား "
" ညီညီညာညာ အားတင်းရှေ့ဆက်သွားမယ် မေတွေ မောင်တွေ ဝိုင်းဝန်းမလျော့နဲ့ဦး . . .
ရောင်နီလာပြီ တရားသော ဒို့စစ်ပွဲမှာ အာဏာရှင်တွေ တပြုန်းပြုန်း ကျလို့ရှုံး . . .
ပြုံးကြဖို့ အချစ်တွေ ဝုန်းကြဖို့နော် အဆုံးသွားမယ့် ဒို့တတွေပါ . . .
ရှုံးတော့မယ့်မိစ္ဆာ ပြုန်းပြုတ်ဖို့ရာ တော်လှန်ရေးကြီးရေ အမြန်အောင်ရပါစေသား "
" ဖြောင်းဖြောင်း ဖြောင်းဖြောင်း ဖြောင်း ဖြောင်း "
ဖေကြီး လက်ခုပ်တွေဘာတွေတောင်မှ ရုတ်တရက်ကြီး ထတီးမိသွားပါလေ၏။ သံစဉ်နှင့်စာသား တသားတည်းကို ဖြစ် နေပါလေ၏။ ကောင်းလှပါပေ၏။
" နောက်ထပ်တစ်ပုဒ် ရှိသေးတယ် ဖေကြီးရ၊ ဒါလေးကလည်း လူတွေ က ' မြနန္ဒာ ' လို့သိနေတဲ့ ' မန်း တောင်ရိပ်ခို ' တေးသွားရဲ့အလိုက် ကလေးနဲ့ကွ "
" ဟုတ်ကဲ့အဘ "
"ဒီအထဲမှာ မောင်ရင်တို့ 'ကိုကျော်' လို့ ချစ်စနိုးခေါ်ကြတဲ့ တော်လှန်ရေး တပ်သားအနုပညာသမားကြီး 'မင်းမော်ကွန်း' ပါတယ်ကွ။ စာသားလေးတွေက သိပ်ချစ်စရာကောင်းတာ။
တေးဆိုက ' Z နဲ့ သံစဉ် ' စုံတွဲ၊ အတီး က ' မောင် ' ပဲကွ "
" နားဆင်ခံစားချင်လှပါပြီ ခင်ဗျ "
အဘစောမူးသာက သီချင်းကိုရွေး၏။ အဆိုသံကိုပိတ်ကာ လက်ထဲ ကစာရွက်ပေါ်ကစာသားတွေကို
ကြည့်နေပါလေ၏။
" သင်္ကြန် ကဲချင်တဲ့ နှမပျိုငယ် . . .
ကျော်ကျော်ဌေးလွင်က ဆဲနေတယ်
နောက်နှစ်မှ ပျော်ပါကွယ်
ကုန်တော့မယ် ကြင်စိုးကံရယ် . . . "
" ' စောက် ' ကလေးအစပြုကာ
ချစ်စရာ့အဆဲမှာ ဒို့ ရူးတယ် . . .
တော်လှန်ရေး ခွန်အားဖြစ်အောင်
' ကလစ်ကြ ' ပြောတာ ပါသေးတယ်
' နင် ' သွား ' နင် ' သွားလောက်တယ်
ရင်၀ ရင်၀ ဆောင့်တယ်
အဆူ အဆဲမှာကွယ် တကယ်ကျွမ်းတယ်
သွားသေးလေးနဲ့ ဒို့ ဘရို ရယ်
ဝေလေလေအကုန်လုံး ဆဲပေးပါကွယ်
အားလည်း ကိုးလောက်တယ်
ကျုပ်တို့ မင်းတို့ရဲ့ မော်ကွန်းကွယ် "
" လသင်္ကြန်မှာ ပုစဉ်းငှက်ကင် ချိုချိုစားဖို့
P D F ဆီများလည်း
လှူပါ လှူပါ အော်နေပါတယ် . . .
ဒီတန်ခူးလ သင်္ကြန်မှာ သင်္ကြန်မှာ
ဖရဲသီးတွေ လှိုင်လှိုင်ပေါဖို့ N U G နဲ့
အော်ဇီကူကာ ကြံဆောင်နေတယ်
မရပ်မနားလည်း ကလစ်ကြပါ့မယ်
ရှိခိုးပါတယ် ကိုကြီးကျော်ကျော်ရယ် "
ဖေကြီး (လေရှီး)