DVB Logo
Home
မြန်မာသတင်း
အိုင်စီအာစီ ရုံးခွဲ မြစ်ကြီးနားတွင် ဖွင့်လှစ်
DVB
·
March 6, 2014
အိုင်စီအာစီ ရုံးခွဲ မြစ်ကြီးနားတွင် ဖွင့်လှစ်
Donate to DVB

လူသားချင်းစာနာတဲ့ အထောက်အပံ့တွေ တိုးမြှင့်ပေးနိုင်ဖို့ ရည်ရွယ်ပြီး နိုင်ငံတကာကြက်ခြေနီအဖွဲ့ (အိုင်စီအာစီ) ရဲ့ ၆ ခုမြောက် ရုံးခွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီနေ့ ဖွင့်လှစ်လိုက်ပါတယ်။

ICRC12အိုင်စီအာစီအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီ၊ တွဲဖက်အတွင်းရေးမှူး ဦးဂဲလ်နက်က ဒီရုံးခွဲဖွင့်နိုင်တဲ့အတွက် ဝေးလံတဲ့ဒေသတွေကို ပိုမိုထောက်ပံ့နိုင်မယ့်အပြင် စီမံချက် ၁၁ ခုကိုလည်း ဆောင်ရွက်သွားမယ်လို ပြောပါတယ်။

“ဒီမှာ ရုံးဖွင့်လိုက်တဲ့အတွက် ထောက်ပံ့ရေးတွေ ပိုပြီးတော့ လုပ်နိုင်တာပေါ့။ ပူတာအိုတို့ ပန်ဝါတို့ စတဲ့ ဝေးလံတဲ့ ဒေသတွေမှာ လုပ်ငန်းတွေ လုပ်ဖို့၊ နောက်တခါ ရှေ့ဆက်ပြီးတော့မှ ဘ၀လုံခြုံဖို့အတွက် ထောက်ပံ့မှုတွေ ပေးဖို့အတွက် ဆွေးနွေးပါတယ်။ နောက်တချက်ကတော့ နောက်ထပ် ပရော့ဂျက် ၁၁ ခုကို ဒီလအတွင်း ပြန်လည်စတင်ဖို့ အားလုံးသဘောတူညီထားပြီ။”

ကချင်ပြည်နယ် လူမူရေးဝန်ကြီး ဒေါ်ဘောက်ဂျာကလည်း ဒီရုံးခွဲဖွင့်နိုင်တဲ့အတွက် မြန်မာအစိုးရ လက်လှမ်းမမီနိုင်တဲ့ စစ်ပြေးဒုက္ခသည်စခန်းတွေအတွက် ပစ္စည်းထောက်ပံ့ရာမှာ အဆင်ပြေနိုင်မယ်လို့ ပြောပါတယ်။

“အဲဒါကတော့ နှစ်ဖက်စလုံးအတွက် အကောင်းဆုံး ဖြစ်လာမယ်။ ဘာဖြစ်လို့လဲဆိုတော့ လိုအပ်တဲ့ IDP တွေက နှစ်ဖက်စလုံးရှိတာကိုး။ အစိုးရ လက်လှမ်းမမီတဲ့ နေရာတွေလည်း ရှိတယ်။ အဲဒီအတွက်ကြောင့် ပစ္စည်းတွေကို အိုင်စီအာစီက သူကူညီပေးသွားနိုင်တယ်ပေါ့။ ဒါဖွင့် ခြင်းအားဖြင့် ပိုပြီးတော့ အဆင်ပြေဖို့ပဲ ရှိပါတယ်။”

အိုင်စီအာစီအဖွဲ့ဟာ ကချင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၁ နှစ်ကတည်းက ဆေးဘက်ဆိုင်ရာ ၀န်ထမ်းတွေကို သင်တန်းပေးတာအပြင် မြစ်ကြီးနားမြို့မှာ ကိုယ်လက်အင်္ဂါ ပြန်လည်သန်စွမ်းရေး စင်တာကိုလည်း ဆောက်လုပ်နေပါတယ်။

၁၉၈၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင်း ၀င်ရောက်ခဲ့တဲ့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ (အိုင်စီအာစီ) ဟာ ရန်ကုန်၊ မန္တလေး၊ ဘားအံ၊ မြောက်ဦး၊ စစ်တွေမြို့တွေမှာလည်း ရုံးခွဲတွေ ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။

အစိုးရနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့အကြား ၂၀၁၁ ဇွန်လမှာ အပစ်အခတ်ရပ်စဲရေး သဘောတူချက် ပျက်ပြယ်ပြီး တိုက်ပွဲတွေပြန်ဖြစ်ခဲ့ပြီးတဲ့နောက် မြစ်ကြီးနား၊ ဗန်းမော်နဲ့ ၀ိုင်းမော် စတဲ့မြို့နယ်တွေအတွင်းက ဒုက္ခသည် ထောင်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေကြရတာ ပါတယ်။

အိုင်စီအာစီဟာ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီထောက်ပံ့တာ၊ နေရာဒေသမရွေး ကြုံတွေ့နေကြရတဲ့ လူမှုဒုက္ခတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ အရေးပေါ်အခြေအနေတွေမှာ ကျန်းမာရေးနဲ့ အသက်အန္တရာယ် အကာအကွယ်ပေးတာ စတဲ့ လူမှုရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013