DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့ တော်လှန်သင်္ကြန် ရာနှုန်းပြည့်အောင်မြင်ဟု သပိတ်ဦးဆောင်ကော်မတီပြော
DVB
·
April 15, 2022
မုံရွာမြို့ တော်လှန်သင်္ကြန် ရာနှုန်းပြည့်အောင်မြင်ဟု သပိတ်ဦးဆောင်ကော်မတီပြော
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာမြို့အပါအဝင် မြို့ကြီးတွေမှာ စစ်ကောင်စီက သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် သင်္ကြန်ရက် ၃ ရက်ကြာလာတဲ့အထိ ပြည်သူတွေက မပူးပေါင်းဘဲ တော်လှန်သင်္ကြန်ကို ဆင်နွှဲနေကြပါတယ်။

သင်္ကြန်မတိုင်ခင်ကတည်းက ဒေသတွင်း PDF တွေက စစ်ကောင်စီမဏ္ဍပ်တွေနားကို မသွားဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့တဲ့အတိုင်း ပြည်သူတွေက PDF တွေဘက်က ရပ်တည်နေကြတဲ့ အကြောင်းနဲ့ မုံရွာမြို့တော်လှန်သင်္ကြန်ကတော့ ၁၀၀ ရာခိုင်နှုန်းအောင်မြင်နေပြီး စစ်ကိုင်းတိုင်းထဲက မြို့တွေအားလုံးမှာလည်း တော်လှန်သင်္ကြန်အောင်မြင်နေတယ်လို့ မုံရွာသပိတ်ဦးဆောင်ကော်မတီဝင်တစ်ယောက်က ပြောပါတယ်။

မုံရွာသပိတ်ဦးဆောင်ကော်မတီ ကိုဝင်းမိုးဇော်က "မုံရွာမြို့က တော်လှန်သင်္ကြန်က ၁၀၀ ရာခိုင်နှုန်းအောင်မြင်တယ်။ Silence Strike လိုမျိုးပဲ တိတ်ဆိတ်ငြိမ်သက်ခြင်းပုံစံ ရောက်နေတယ်။ စစ်ကောင်စီကဖွင့်တဲ့မဏ္ဍပ်တွေမှာ သူတို့ဘောမတစ်သိုက်ပဲ ပျော်ရွှင်နေပြီးတော့ ကျနော်တို့ ပြည်သူတွေ ဘယ်သူမှမသွားဘူး။ သူတို့ကတော့ လုံခြုံရေး အပြည့်အဝယူထားတယ်။ မုံရွာသင်္ကြန်က အရင်တုန်းက ချင်းတွင်းသင်္ကြန်တွေဘာတွေနဲ့ တော်တော် စည်စည်ကားကားရှိခဲ့တဲ့မြို့။ အခုကတော့ ဒေသတွင်း PDF အဖွဲ့တွေက ပြောထားတဲ့အတိုင်းပဲ ပြည်သူတွေက ပူးပေါင်းပါဝင်ကြတယ်။ ညီညွတ်ကြတယ်။ ပြည်သူက သူတို့တတ်နိုင်တဲ့ဘက်က ပါဝင်ပေးကြတယ်။ သူတို့ ငွေအားမတတ်နိုင်လို့ မလှူနိုင်တာပဲရှိမယ်။ စိတ်ဓာတ်ကတော့ တော်လှန်ရေးမှာပဲ နှစ်မြှုပ်ပြီးသားပဲ။ PDF တွေကပဲဖြစ်ဖြစ် သပိတ်ကော်မတီတွေကပဲဖြစ်ဖြစ် တစ်ခုခုပြောလိုက်တယ်၊ လမ်းပိုင်းတွေပိတ်လိုက်တယ်ဆိုရင်တောင် ဘယ်သူမှမသွားကြတော့ဘူး။ ပူးပေါင်းပါဝင်ပေးတယ်။"လို့ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ တော်လှန်သင်္ကြန်အောင်မြင်နေသလို မန္တလေးတိုင်းမှာလည်း အောင်မြင်တယ်လို့ မြင်းခြံ Zero ပြောက်ကျားအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ စစ်ကောင်စီက သင်္ကြန်ကိုအသုံးချပြီး ပြည်သူတွေကို အာရုံပြောင်းဖို့ကြိုးစားနေပေမဲ့ ပြည်သူတွေကတော့ တော်လှန်ရေးမှာပဲစိတ်စွဲနေတယ်လို့ မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့ မှ ဗိုလ် Zero က ပြောပါတယ်။

"ပြည်သူတွေရဲ့ တော်လှန်သင်္ကြန်မှာ ပူးပေါင်းပါဝင်မှုကတော့ မန္တလေးရော စစ်ကိုင်းရော အားကောင်းနေပါတယ်။ ပြည်သူတွေ ကျနော်တို့ ဘက်မှာ ပါပါတယ်ဗျ။"

သင်္ကြန်မဏ္ဍပ်တွေမှာ စစ်ကောင်စီက လုံခြုံရေးအပြည့်ယူထားပြီး တစ်ဖက်နဲ့ တစ်ဖက်မျက်ခြေမပြတ်စောင့်ကြည့်နေတဲ့  အခြေအနေမျိုးဖြစ်ပြီး ပစ်ခတ်မှုတွေတော့ မရှိသေးဘူးလို့ ပြောပါတယ်။ 

ဧပြီ ၁၅ ရက် ဒီကနေ့ သင်္ကြန်အကြတ်နေ့ဟာ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် မတရားဖမ်းဆီးခံရတဲ့ ၁ နှစ်ပြည့် အထိမ်းအမှတ်ဖြစ်တာမို့  ယင်းမာပင်နဲ့ ဆားလင်းကြီးဒေသက ကျေးရွာပေါင်းစုံပြည်သူတွေ စုပေါင်းပြီး  စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် ကနီမြို့နယ် မုံရွာ - ယာကြီး - ကလေးဝလမ်း လယ်ရှည်ဇရပ်တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ PDF ရဲဘော် ၅ ယောက်အတွက် ၁ နှစ်ပြည့် အထိမ်းအမှတ် ကျဆုံးသွားသော အာဇာနည်သူရဲကောင်းတွေကို အလေးပြုတာနဲ့  လွမ်းသူ့ပန်းခွေချတာတွေ ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီက အကြမ်းဖက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်းထဲမှာ အိမ်ခြေ ၄၀၀၀ နီးပါး  မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူ ၃ သိန်းကျော်ဟာ ဦးတည်ရာမဲ့ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

ဒါ့အပြင် နေအိမ်တွေပျက်စီးဆုံးရှုံးတာ၊ စိုက်ပျိုးရေးနဲ့စီးပွားရေးလုပ်ငန်း တွေမလည်ပတ်နိုင်တော့တာ၊ မိသားစုဝင်တွေသတ်ဖြတ်ဖမ်းဆီးထောင်ချခံရတာတွေရှိနေပေမဲ့ စစ်ကိုင်းတိုင်းထဲက ပြည်သူတွေဟာ စစ်အာဏာသိမ်းမှုကို အချိန်တစ်နှစ်ကျော်ကြာတဲ့အထိ နည်းမျိုးစုံနဲ့ ဆန့်ကျင်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013