Home
ဆောင်းပါး
စစ်သူပုန်တို့ နေဝင်ချိန်
DVB
·
April 15, 2022

လောကမှာ အယုတ်ညံ့ဆုံး သတ္တဝါတွေဆိုတာ သူတပါး‌ကျေးဇူး ခံယူပြီး မှီတွယ် ရှင်သန်နေရပေမဲ့ အဲဒီကျေးဇူးတရားကို အသိအမှတ် မပြုတဲ့အပြင် ကျေးဇူးကန်းပြီး ရန်ပြုတိုက်ခိုက် ကျေးစွပ်တတ်တဲ့ သတ္တဝါမျိုးပါပဲ။ အထူးသဖြင့် အမိ အဖ အရာထားအပ်တဲ့ မိဘပြည်သူလူထုကို ရန်ပြု သတ်ဖြတ်နေတဲ့ လက်နက်ကိုင် စစ်မိစ္ဆာသတ္တဝါတွေဟာ ကျေးဇူးကန်းတဲ့ ယုတ်ညံ့ဆုံး သတ္တဝါတွေပါပဲ။

အာဏာရူး မအလနဲ့ လက်ပါးစေ နောက်လိုက် စစ်ပြိတ္တာတွေရဲ့ လည်ချောင်းကို ခြေမနဲ့ ကလော်ထုတ်ရင် မိဘပြည်သူတွေရဲ့ ဘဏ္ဍာငွေကြေးတွေ၊ ခိုးဆိုးလုယက် ဓားပြတိုက်ယူလို့ရတဲ့ မသန့်ရှင်းတဲ့ ဓနဥစ္စာနဲ့ သံသရာကြွေးပါတဲ့ ကျေးဇူးတွေ အတောင့်လိုက် ထွက်လာမှာ မုချပါပဲ။

တချိန်တုန်းကတော့ ဆုံးရှုံးခဲ့ရတဲ့ လွတ်လပ်ရေးကို ဗြိတိသျှကိုလိုနီနယ်ချဲ့နဲ့ ဖက်ဆစ်ဂျပန်ကို တော်လှန်ဖို့၊ ပြည်သူတွေကို ကာကွယ်ဖို့ လူထုခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ဦးစီးတည်ထောင်ခဲ့တာမို့ ပြည်သူကြားက ပေါက်ဖွားလာတဲ့ မြန်မာ့တပ်မတော်ဟာ သန္ဓေယုတ်တဲ့ ဗိုလ်နေဝင်း၊ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဗိုလ်သန်းရွှေ၊ ဗိုလ်မင်းအောင်လှိုင်တို့လို သီလသိမ်ဖျင်းတဲ့ အယုတ်ညံ့ဆုံး စစ်မိစ္ဆာသတ္တဝါတွေလက်ထဲ ကျရောက်ခဲ့ရတော့ ပြည်သူ့ချဉ်ဖတ်၊ ဖက်ဆစ်တပ် ဖြစ်ခဲ့ရပြီး နိုင်ငံသူနိုင်ငံသားအားလုံးရဲ့ ဘုံရန်သူအဖြစ် ဝိုင်းဝန်းချေမှုန်းတာ ခံနေရတဲ့ဘဝကို ရောက်နေခဲ့ရတာပါပဲ။

ဒီလိုဖြစ်နိုင်ချေရှိတာကို ကြိုတင်ခန့်မှန်းနိုင်ခဲ့လို့လား‌တော့ မသိပါဘူး၊ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ ၁၉၄၄ ခုနှစ်၊ မတ်လ ၁၃ ရက် တနင်္လာနေ့မှာ ဗမာနိုင်ငံတော် စစ်ကျောင်း (၁၉၄၂-၄၃ ခုနှစ်) ဗမာ့တပ်မတော် ဗိုလ်သင်တန်းကျောင်းဆင်းပွဲနဲ့ ဘွဲ့နှင်းသဘင်အပ်နှင်းပွဲ အခမ်းအနားမှာ‌ အောက်ပါမိန့်ခွန်းကို မြွက်ကြား သတိ‌ပေးခဲ့ပါတယ်။

“တပ်မတော်ဟာ လူတဦးတယောက်အတွက်လည်း တည်ထောင်ထားတာ မဟုတ်ဘူး။ တနိုင်ငံလုံး၊ တမျိုးသားလုံးအတွက် ဖြစ်တယ်။ ဒီတပ်မတော်ဟာ တဖွဲ့၊ တပါတီ၊ လူတစုအတွက် တည်ထောင်ထားတာ မဟုတ်၊ တနိုင်ငံလုံး၊ တမျိုးသားလုံးအတွက် ဖြစ်တယ်။”

“ငါတို့စစ်တပ်ဟာ နိုင်ငံသူ၊ နိုင်ငံသားတွေကို ညှဉ်းဖို့မဟုတ်၊ လက်နက်အားကိုး တန်ခိုးပြုဖို့မဟုတ်၊ စစ်တပ်ဟာ နိုင်ငံရဲ့အစေခံ ဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့အစေခံ မဖြစ်ရဘူး။

“ဒါက စကားရိုင်းရိုင်းနှင့် နားလည်အောင် ပြောပြတာပဲ။ ဒီစကားကို ကျုပ်ပြောတာဟာ စစ်တပ်ကို ကျုပ် ပြန်နှိမ်ချင်တဲ့သဘောနဲ့ ပြောတာမဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင်လူတွေ ဖြစ်ကြသော်လည်း မတရားမလုပ်၊ နိုင်ငံရဲ့ရန်သူတွေ မဟုတ်၊ နိုင်ငံရဲ့မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာ အားလုံး သဘောပေါက်အောင် ပြောပြခြင်းပဲ။ အမှန်ပြောရရင် လူတွေဟာ ပုထုဇဉ်တွေပဲ။ အားရှိတဲ့အခါ အားနည်းတဲ့ လူတွေကို ညှဉ်းချင်တဲ့စိတ် ရှိတယ်။ အားနည်းတဲ့လူတွေကလည်း အားကြီးနေတဲ့ လူကို လက်နက်အားကိုး၊ အာဏာအားကိုး လုပ်ချင်တယ် ပြောကြတယ်။”

“မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ၊ အာဏာရှိတဲ့နေရာရောက်တော့ အရင်တုန်းက ပြောတာတွေ မေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါ ထုံးစံအတိုင်းပဲ။ ငါတို့က ဒီလိုမဟုတ်၊ အားနည်းတဲ့အခါ အားကြီးတဲ့လူကို မတရားရင် မကြောက်။ အားကြီးတဲ့အခါမှာလည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်၊ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့အခြေခံ ဖြစ်တယ်လို့ ပြောတာပဲ။ နိုင်ငံဟာ ဘာလဲ၊ နိုင်ငံဟာ အမျိုးပဲ။ အမျိုးဟာ ဘာလဲ၊ အမျိုးဟာ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရဲ့အကျိုးကို၊ နိုင်ငံရဲ့အမှုကို ဘယ်အခါမဆို ထမ်းမယ်ဆိုတဲ့ လူအားလုံးပဲ။ ရှေ့ကို ရဲဘော်တွေဟာ လူကြီးဖြစ်ပြီ။ လူကြီးဆိုတာ ဘာလဲ၊ အသက်ကြီးတာကို ဆိုလိုသလား၊ မဟုတ်ဘူး။ အသက်မကြီးပေမယ့် လုပ်တဲ့အလုပ်ကြီးရင် လူကြီးပဲ။ ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက်ကြရမယ်၊ အစစအရာရာ ဆင်ခြင်တတ်ရမယ်။ ကောင်းသည်၊ တော်သည်၊ ဟုတ်သည်၊ မဟုတ်သည်ကို ဆင်ခြင်တိုင်းထွာနိုင်ရမယ်။ ဘေးကလူတွေ လာပြောတိုင်း အရမ်းမယုံကြနှင့်၊ စူးစမ်းဆင်ခြင်ပြီးမှ ယုံကြရမယ်။ ငါတို့ဝတ္တရားနှင့် မဆိုင်တဲ့ အကျယ် အကျယ်ဖြစ်မည့် ကိစ္စဆိုလျှင် ငါတို့ ရှောင်ရမယ်၊ ဘယ်လို ဘေးလူက ဗိုလ်ကြီးရဲ့ ဘာကြီးနဲ့ မြှောက်ပေးပေး ငါတို့ မရပါဘူး။ ဆွေမျိုးကိစ္စ၊ မိတ်ဆွေကိစ္စဟာ ကိုယ့်တာဝန်လုပ်တဲ့ အရေးမှာ မနှောင့်ယှက်ပါစေနဲ့” လို့ ဗိုလ်ချုပ်အောင်ဆန်းက အတန်တန် ဆုံးမခဲ့ပါတယ်။

၁၉၄၅ သြဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံ့ခေါင်းဆောင် အစည်းအဝေးမှာလည်း “အာဏာရှင်ဝါဒ၊ လူမျိုးအချင်းချင်း မုန်းတီးရေးဝါဒ၊ ဂျပန်ပြည်မှာလို စစ်ကသာ လွှမ်းမိုးရမယ်ဆိုတဲ့ ဖက်ဆစ်အာဏာရှင်စနစ်၊ သက်ဦးဆံပိုင် ရှင်ဘုရင်စနစ်ဝါဒ၊ အဲဒီဝါဒမျိုး အငယ်စားဖြစ်တဲ့ ပဒေသရာဇ် မြို့စား၊ ရွာစားဝါဒ (Feudalism) အထက်ကသာ ခန့်ထားပြီး တိုင်းသူပြည်သား ဆန္ဒအရ မဟုတ်ဘဲ တိုင်းသူပြည်သားတွေနှင့် ကင်းကွာပြီး မင်းစိတ်ပေါက်တဲ့ အရာရှိတွေ ခြယ်လှယ်တဲ့ စနစ်ဆိုးတမျိုး ရှိနေရင် အများပြည်သူတို့ ဆန္ဒနှင့် လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူယိုးမှားတွေ ပေါ်လာနိုင်တယ်။ ဒီဝါဒမျိုးတွေ ပေါ်လာရင် တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေးဆိုတာကို မရနိုင်တော့ဘူး” လို့ ထည့်သွင်း မြွက်ကြားခဲ့ပါတယ်။

“ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနှင့် ဆီလျော်တယ်။ ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်” လို့ လွတ်လပ်‌ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက အထပ်ထပ် သတိပေး မှာကြားခဲ့ပါတယ်။

ကျွေးတဲ့လက်ကို ပြန်ကိုက်တဲ့ ခွေးမျိုးယုတ်လို ပြည်သူ့ဘဏ္ဍာ ရိက္ခာ လစာနဲ့ စားသောက် ရှင်သန်နေရတဲ့ စစ်တပ်က နိုင်ငံပိုင်ဘတ်ဂျက်နဲ့ ဝယ်ယူထားတဲ့ လက်နက်ကျည်ဆန်၊ ဗုံး၊ အမြောက်၊ တင့်ကား၊ ရဟတ်ယာဉ်၊ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တိုက်လေယာဉ်တွေနဲ့ တိုင်းရင်းသားပြည်သူတွေကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်လုယက်၊ မုဒိမ်းကျင့်၊ မီးရှို့၊ လေကြောင်းက တိုက်ခိုက် ဗုံးကြဲနေတာဟာ အမိအဖသတ်တဲ့ အမျိုးယုတ် မွေးစားသားတွေလို နောင်သံသရာ ဘဝများစွာ ပေးဆပ် ဝဋ်ခံရရုံသာမက ဒီဘဝမှာတင် ငရဲခံကြရဦးမယ့် စစ်ပြိတ္တာမျိုးတွေပါပဲ။
ဒီကနေ့ ဧပြီလ ၆ ရက်နေ့ PVTV က ထုတ်ပြန်တဲ့ သတင်းထဲမှာ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဘင်ကျေးရွာနဲ့ အုတ်နှဲဘုတ်ကျေးရွာတွေကို အကြမ်းဖက်စစ်တပ် ဖေဖော်ဝါရီလဆန်းပိုင်းတုန်းက ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ရာမှာ CDM ကျောင်းဆရာမတချို့ အပါအဝင် အမျိုးသမီး ၃၀ ဦးကို အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့တဲ့ သတင်းကို ဖတ်လိုက်ရပါတယ်။

ဒီလိုမျိုး မိဘပြည်သူအပေါ် လူမဆန်တဲ့ မဟာအကုသိုလ်ကြီးတွေ လက်ရဲဇက်ရဲ ကျူးလွန်လာတာဟာ ဘာကို ညွှန်ပြနေသလဲဆိုတော့ စစ်သူပုန်ဗာလနံ အမျိုးယုတ်တပ်ဟာ ခေတ်ကုန်ကာ နေဝင်မိုးချုပ်သွားပြီ ဆိုတာပါပဲ။ ပြည်သူတွေရဲ့ နှလုံးသားထဲမှာ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ မြန်မာ့လွတ်လပ်ရေးတပ်မတော်ဆိုတာ အကြွင်းမဲ့ ပျောက်ဆုံးသွားပါပြီ။

ဒါကြောင့် လက်ရှိ မြန်မာနိုင်ငံမှာ တပ်ပျက်နေတဲ့ အာဏာလု အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာပြီး လူထုအာဏာဖီဆန်ရေး (CDM) လုပ်လာခဲ့ကြတဲ့ အောက်ခြေတပ်သား အဆင့်က‌နေ ဒုတိယဗိုလ်မှူးကြီး အဆင့်အထိ ပါဝင်တဲ့ တပ်သားအရာရှိ စုစုပေါင်း ၃,၀၀၀ ခန့်ရှိ‌နေပြီလို့ CDM ဝင်လာသူ‌တွေကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေထံက သိရတယ်ဆိုတဲ့ သတင်းကိုလည်း ဖတ်ခဲ့ရပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က စတင်ခဲ့တဲ့ ပြည်သူ့ခုခံတော်လှန်စစ်ဟာ အခုဆို ၇ လတင်းတင်း ပြည့်ခဲ့ပါပြီ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရ ထုတ်ပြန်ခဲ့တဲ့ သတင်းအချက်လက်အရ တလကို ပျမ်းမျှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂,၀၀၀ ကျော် သေဆုံးနေတာမို့ ၇ လအတွင်း အကြမ်းဖျင်း အနည်းဆုံး စစ်သား ၁၄,၀၀၀ ကျော် ကျဆုံးခဲ့တယ်လို့ ခန့်မှန်းနိုင်ပါတယ်။

စစ်အခွင့်ထူးခံအုပ်စုဟာ ပြည်တွင်းပြည်ပ၊ နိုင်ငံတကာထောက်ခံမှု‌၊ သံတမန်ဆက်ဆံရေး ကဏ္ဍတွေမှာလည်း လူရာမဝင်ဘဲ ခွက်ခွက်လန် ကျရှုံးသွားသလို ညစ်တွန်းတွန်းရင်း ကိုယ့်သေတွင်းကို မိုက်မဲစွာ တူးနေတာကလွဲလို့ ဆက်လုပ်စရာလည်း များများစားစား မကျန်တော့ပါဘူး။

အလုံးစုံပျက်သုဉ်း‌ရေးဆီ ဦးတည်နေပြီး ပြည်သူက လက်မခံ‌တော့တာမို့ အနာဂတ်မရှိ၊ ဆက်မနေအပ်တော့တဲ့ စစ်တပ်ထဲမှ ထွက်ပြေးသူများနဲ့ CDM ဝင်လာသူ‌တွေ တနေ့တခြား များလာတာကြောင့် အာဏာလု စစ်ဓားပြကောင်စီဟာ တပ်တွင်းစည်းရုံးရေးကို ဘယ်လောက်လုပ်လုပ် မာရ်နတ် လာကယ်ရင်တောင် မရနိုင်တော့တာ သေချာသထက် သေချာသွားပါပြီ။

ဒီကနေ့ မြန်မာပြည်သူအများစုဟာ ခါးသီးတဲ့ နာကြည်းချက်တွေ ပွေ့ပိုက်လို့ စစ်ဘီလူး အာဏာရူး မအလနဲ့ လက်ပါးစေ နောက်လိုက် စစ်ပြိတ္တာတွေရဲ့ အခွင့်ထူးခံစနစ်ကို မြန်မာ့မြေမှာ ရှင်သန်ခွင့်ပေးလို့ မရတော့ဘူးဆိုတာ ခိုင်မာသထက် ခိုင်မာလို့ လူသူအများကို သွေးရူးသွေးတန်း ကိုက်ခဲ မိုက်မဲနေတဲ့ ခွေးရူးတကောင်ကို အရပ်ရှစ်မျက်နှာကနေ ဝိုင်းသုတ်သင်‌နေကြလို့ စစ်သူပုန်တို့ နေဝင်ချိန်ဟာ နီးကပ်သထက် နီးကပ်လာနေတာမို့ စစ်သူပုန်တပ်ထဲက လက်ကျန် ဖရဲသီးတွေ၊ လူစိတ်ရှိသေးသူ‌တွေ ကျန်ရင် ကိုယ့်အသက်ကိုယ်ကယ်ဖို့ အချိန်မီ ပြည်သူ့ဘက် အမြန်ဆုံး ခိုလှုံကြဖို့ အလေးအနက် တိုက်တွန်းပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024