DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်ပြုတ်ကျရေး ဆက်လက်ပံ့ပိုးသွားမည်ဟု ထိုင်းရောက် မြန်မာလုပ်သားများ ပြော
DVB
·
April 14, 2022
စစ်အာဏာရှင်ပြုတ်ကျရေး ဆက်လက်ပံ့ပိုးသွားမည်ဟု ထိုင်းရောက် မြန်မာလုပ်သားများ ပြော
Donate to DVB

တော်လှန်ရေး အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့တာ မပြုကြဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားပေမယ့် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကတော့ ‌စစ်အာဏာရှင် ပြုတ်ကျရေးအတွက် အလှူငွေတွေကို ဆက်လက် ပံ့ပိုးပေးသွားမယ်လို့ ပြောဆိုလိုက်ကြပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေဟာ မြန်မာပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး နီးစပ်ရာ တော်လှန်ရေး အဖွဲ့အစည်းတွေကို ထောက်ပံ့လှူဒါန်းကာ နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတာပါ။ ဒီလို ပါဝင်ထောက်ပံ့ ကူညီပေးနေကြတဲ့အတွက် စစ်ကောင်စီလက်အောက်ခံ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကနေ ပြည်ပနိုင်ငံတွေကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို အကြမ်းဖက်မှုဆိုင်ရာ ပြစ်မှုတွေနဲ့ ငြိစွန်းမှာဖြစ်ကြောင်း သတိပေး ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် ထိုင်းရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ကတော့ စစ်ကောင်စီ လက်အောက်ခံ သံရုံးရဲ့ ထုတ်ပြန်ချက်ကို ဝေဖန်ရှုတ်ချလိုက်ပြီး ‌အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် ဆက်လက်ကူညီ ထောက်ပံ့မှုတွေ ဆက်လုပ်သွားမှာဖြစ်ပြီး မိမိပေးခဲ့တဲ့ မဲကို အဆုံးအရှုံး မခံဘူးလို့ ထိုင်းရောက် မြန်မာလုပ်သားတဦးက ပြောပါတယ်။

"ကိုယ့်ကိုယ်ကို ထောက်ပို့လို့ပဲ ခံယူထားတယ်။ အရင်တုန်းက အဲလောက်မကြိုးစားခဲ့ဘူး။ အခုကတော့ ကြိုးလည်း ကြိုးစားတယ်။ ကိုယ့်အတွက်ရယ်လို့ သိမ်းရတယ် မရှိဘူး။ ကိုယ့်အတွက် စားဖို့ဖယ်ပြီးတာနဲ့ ကျန်တာကတော့ အကုန်လှူတာပဲ။ လှူတယ်ဆိုတာ အမတို့က ဒီတိုက်ပွဲကို နိုင်စေချင်တာ။ ကလေးတွေလည်း သေတယ်၊ ကျတယ်ဆိုတာ ကြားရင် ကိုယ့်သားသမီး သေသလိုပဲ ခံစားရတယ်။ မအလနဲ့ စစ်မိစ္ဆာတွေကို အမြန်ဆုံး ကျရှုံးစေချင်တာ၊ ဒါမို့ အမတို့က အကုန်ထောက်ပံ့မှာ။ စားနပ်ရိက္ခာလည်း ထောက်ပံ့တယ်၊ လက်နက်ဆိုလည်း ထောက်ပံ့တယ်၊ အန်ယူဂျီအတွက် တလ ၅၀၀ ဆိုလည်း ထောက်ပံ့တယ်။ အခုလိုမျိုး ထောက်ပံ့လို့ ဖမ်းမယ်ဆိုလည်း ဖမ်း၊ သူတို့က အဲ့လိုလုပ်လေ အမတို့က ၂ ဆလုပ်မှာ၊ လှူမှာ အမတို့က ‌မကြောက်ဘူး။"

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ပြည်ပနိုင်ငံတွေကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တာ၊ အဲ့ဒီအဖွဲ့အစည်းတွေကို ပံ့ပိုးပေးဖို့အတွက် ရန်ပုံငွေပွဲတွေ ပြုလုပ်တာ၊ တဦးတယောက်ဖြစ်စေ အသင်းအဖွဲ့နဲ့ဖြစ်စေ ငွေကြေးကောက်ခံတာတွေ မပြုကြဖို့ မြန်မာသံရုံးက ဧပြီ ၈ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကို ထောက်ခံအားပေးတဲ့ အပြုအမူတွေ ဆက်လက်လုပ်ဆောင်နေရင် ကျူးလွန်သူ မြန်မာနိုင်ငံသားတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ (၂၃/၂၀၁၄) အခန်း ၁၂ ပါ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများအား တားဆီးနှိမ်နင်းခြင်းအရ အကြမ်းဖက်ပြစ်မှုများနဲ့ ငြိစွန်းမယ်လို့ ပြောဆိုထားပါတယ်။

အခုလိုမျိုး လက်နက်အားကိုး အုပ်ချုပ်မှာမျိုးကို မကြိုက်ဘဲ ပြည်သူ့ဝန်ထမ်းတွေက ပြည်သူ့ဝန်ဆောင်မှု ပေးနေရတဲ့အတွက် ပြည်သူ့ဆန္ဒတွေကို နားထောင်ဖို့ လိုအပ်တယ်လို့ ထိုင်းနိုင်ငံ မြန်မာသံရုံးက စီဒီအမ်လုပ်ထားတဲ့ ဝန်ထမ်းတဦးက ပြောပါတယ်။

"ပြည်သူ့ဝန်ထမ်းဆိုတာ ပြည်သူကို ဝန်ဆောင်မှု ပေးရမယ်၊ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်တွေရှိမယ်၊ အစိုးရတွေရှိမယ်။ အဲ့ဒီ လွှတ်တော်တွေကနေ ချမှတ်တဲ့ဟာတွေကို အကောင်အထည် ဖော်ပေးရတာ ကျနော်တို့ ဝန်ထမ်းတွေ ‌တာဝန်တွေပေါ့။ ပြည်သူ့ဝန်ထမ်းဆိုတာ ပြည်သူတွေရဲ့ ဆန္ဒတွေကို နားထောင်ဖို့ လိုပါတယ်။ ပြည်သူတွေက မဲပေးခဲ့တာကို ပြည်သူတွေကို ဝန်ထမ်းတွေက လေးစားရမယ်၊ လက်နက်အားကိုးပြီး ပြည်သူတွေကို အုပ်ချုပ်တာကို မကြိုက်လို့ ကျနော်လည်း စီဒီအမ် လုပ်ရတာပါ။"

ထိုင်းရောက် မြန်မာနိုင်ငံသားတွေဟာ အာဏာသိမ်းမှုကို ဆန့်ကျင်‌ကြောင်း ဆန္ဒပြပွဲတွေကိုလည်း ဘန်ကောက် ယူအန်ရုံးရှေ့နဲ့ မြန်မာသံရုံးရှေ့မှာ သွားရောက်ပြုလုပ်ခဲ့ကြလို့ ထိုင်းရဲတွေရဲ့ ဖမ်းဆီးထိန်းသိမ်းတာလည်း ခံခဲ့ကြရပါသေးတယ်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေဟာ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲတွေ ပြည်တွင်းထဲမှာ ပြုလုပ်စဉ်က လိုအပ်တဲ့ အကူအညီတွေကို ပံ့ပိုးနိုင်ဖို့ လှူဒါန်းခဲ့ကြတဲ့အပြင် စစ်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံသားတွေကို အကူအညီပေးနိုင်ရေး စဉ်ဆက်မပြတ် လှူဒါန်းနေကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013