DVB Logo
Home
မြန်မာသတင်း
ငြိမ်းစုစီပါ ပုဒ်မ ၃ ခု ပြစ်ဒဏ်လျှော့ချပြီး ပြည်သူ့လွှတ်တော်အတည်ပြု
DVB
·
March 5, 2014
ငြိမ်းစုစီပါ ပုဒ်မ ၃ ခု ပြစ်ဒဏ်လျှော့ချပြီး ပြည်သူ့လွှတ်တော်အတည်ပြု
Donate to DVB

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပါ ပြစ်မှုပြစ်ဒဏ်တွေကို လျှော့ချ ပြင်ဆင်ထားတဲ့ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။

parliment july4 againဥပဒေပါ ပြစ်မှုပြစ်ဒဏ်တွေ ပါဝင်တဲ့ ပုဒ်မ ၁၇၊ ၁၈ နဲ့ ၁၉ တို့က ပြစ်ဒဏ်တွေကို လျှော့ချပြီး အတည်ပြုလိုက်တာပါ။

“ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ တွင်ပါသော ၁ နှစ်ထက် မပိုသော စကားရပ်ကို ၆ လနဲ့ မပိုသော ထောင်ဒဏ်ချမည်ဆိုတဲ့ စကားရပ်ဖြင့် အစားထိုးရမှာဖြစ်ပါတယ်။ ထောက်ခံဆန္ဒမဲ ၂၃၅၊ ကန့်ကွက်ဆန္ဒမဲ ၄၃၊ ကြားနေ ၄ ဖြစ်တဲ့ ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်အဆိုပြုချက် အတည်ဖြစ်ကြောင်း ကြေညာပါတယ်။”

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဖတ်ကြား အတည်ပြုသွားတာပါ။

ဒီဥပဒေ ပုဒ်မ ၁၇ မှာ ခွင့်ပြုချက်နဲ့ ဆန္ဒပြနေသူတွေကို ပတ်ဝန်းကျင်က အနှောင့်အယှက်ပေး လာရင် အနှောင့်အယှက်ပေးလာသူတွေကို အရင် ထောင်ဒဏ် ၂ နှစ်အစား အခု ထောင်ဒဏ် ၁ နှစ်၊ ပုဒ်မ ၁၈ မှာပါတဲ့ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြရင် အရင် ထောင်ဒဏ် ၁ နှစ်အစား အခု ၆ လ၊ ပုဒ်မ ၁၉ မှာပါတဲ့ ခွင့်ပြုထားတဲ့ အချက်တွေထက်ပိုပြီး အသုံးပြုရင် အရင်ထောင်ဒဏ် ၆ လအစား အခု ထောင်ဒဏ် ၁ လ ချမှတ်ဖို့ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

အခု ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်အရ ဆန္ဒပြဖို့ ခွင့်ပြုချက် တောင်းနေရအုန်းမှာ ဖြစ်ပေမယ့် ခွင့်ပြုချက်တောင်းခံလာရင်တော့ သက်ဆိုင်ရာက ခွင့်ပြုချက်ထုတ်ပေးရမှာ ဖြစ်တဲ့အကြောင်း မြေပုံမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

“နိုင်ငံသား တဦးဦးဖြစ်စေ၊ အဖွဲ့အစည်းတခုခုကဖြစ်စေ သတ်မှတ်ချက်နဲ့အညီ တင်ပြ လျှောက်ထားလာလို့ရှိခဲ့ရင် မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ အတည်ပြုချက်နဲ့ ခွင့်ပြုချက် ထုတ်ပေးရမယ်လို့ ပါထားတယ်။ ထုတ်ပေးရမည်ဟုကို ပြဋ္ဌာန်းထားတယ်။ ငြင်းပယ်ချင်း မပြုရ ဆိုတဲ့ စာပိုဒ်ကိုလည်း ကျနော်တို့ ဖျောက်လိုက်ပါတယ်။ ဒါက သိပ်ပြီးတော့ ပြဿနာ မရှိတော့ဘူးလို့ ကျနော်မြင်တယ်။”

ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီကတင်တဲ့ ပြင်ဆင်ချက်ဥပဒေကို ပြည်သူ့လွှတ်တော်က အတည်ပြုပြီး အမျိုးသားလွှတ်တော်ကို ဆက်လက်ပေးပို့သွားမှာ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်က ဒီပြင်ဆင်ချက်အတိုင်း သဘောတူရင်တော့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း အတည်ဖြစ်မှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေကို ၂၀၁၁ခုနှစ်အတွင်းကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဌာန်းပေးခဲ့တာဖြစ်ပြီး ဥပဒေပါ ပုဒ်မ ၁၈ နဲ့ ငြိစွန်းပြီး ထောင်ဒဏ်ကျခံရသူ အမြောက်အမြား ရှိခဲ့တာကြောင့် ဒီတကြိမ်လွှတ်တော်မှာ ပြင်ဆင်ဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013