DVB Logo
Home
မြန်မာသတင်း
ပြည်ပဆန်တင်ပို့မှု များလာပြီး ပြည်တွင်း ဆန်၊ စပါးစျေး မြင့်တက်နေ
DVB
·
April 13, 2022
ပြည်ပဆန်တင်ပို့မှု များလာပြီး ပြည်တွင်း ဆန်၊ စပါးစျေး မြင့်တက်နေ
Donate to DVB

မြန်မာနိုင်ငံကနေ ပြည်ပဆန်တင်ပို့မှုပမာဏ ပြီးခဲ့တဲ့နှစ်ကာလတူထက် ပိုမိုများပြားခဲ့ပြီး ပြည်တွင်း ဆန်၊ ဆန်ကွဲနဲ့ စပါးစျေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ ဆန်စပါးဈေးကွက်ကနေ သိရပါတယ်။

ပုံမှန်အားဖြင့် စပါးအသစ်ပေါ်ချိန် စျေးကျဆင်းနိုင်ပေမဲ့ မိုးစပါး လက်ကျန်နည်းတာ၊ နွေစပါးအထွက်နှုန်း နည်းနိုင်တာ၊  ပြည်တွင်း ပြည်ပ လိုအပ်ချက်ရှိပြီး ဝယ်လိုအားများနေတာ၊ နိုင်ငံတကာဆန်စျေးတက်နေတာတို့ကြောင့် စျေးကောင်းနေတာဖြစ်ပါတယ်။

ပို့ကုန်ရငွေ၊ နိုင်ငံခြားသုံးငွေကို တစ်ရက်အတွင်းရောင်းရမယ်ဆိုတဲ့ ဗဟိုဘဏ်ထုတ်ပြန်ချက်ကြောင့် အရှိန် ကောင်းနေတဲ့ ဆန်၊စပါးစျေးကွက် အနည်းငယ်တုံ့ဆိုင်းသွားခဲ့ပေမဲ့ အခုအခါ စျေးထပ်မံ မြင့်တက်လာခဲ့တာပါ။

တဘက်မှာလည်း မြေသြဇာဈေး အဆမတန်မြင့်တက်တာ၊ ကုန်ကျစရိတ်ကြီးမြင့်တာအပြင် ပဋိပက္ခတွေဖြစ်ပွားနေတဲ့ နေရာဒေသတွေမှာ စိုက်ပျိုးရေးကောင်းကောင်းမလုပ်နိုင်တွေတာကြောင့် စိုက်ဧကတွေလည်း ကျဆင်းခဲ့ပါတယ်။

ဆန်စပါးလုပ်ငန်းရှင်တစ်ဦးက “ပို့ကုန်ရငွေ တစ်ခုတည်း ကြည့်လို့မရပါဘူး။ နိုင်ငံတကာစျေး၊ ရောင်းလိုအား ၊၀ယ်လိုအား အနည်း အများ ပြီးတော့ အထွက်နှုန်း ဒီအချက်တွေအပေါ်မှာလည်း မူတည်တယ်။ လက်ရှိအနေအထားအရတော့ ဝယ်လိုအား များတာ၊ လက်ကျန်နည်းတာ၊ နိုင်ငံတကာ ဆန်ဈေးတက်နေတာကြောင့် ပြည်တွင်းမှာ ဆန်စျေး၊ ဆန်ကွဲစျေးတက်လာတယ်။ စပါးစျေးလည်း တက်လာတယ်”လို့ ပြောပါတယ်။

လက်ရှိမှာ ပြည်ပဝယ်လိုအား ဆက်လက်အားကောင်းနေတာကြောင့် ဆန်စပါးဈေးကွက်ဟာ စပါးပေါ်ရာသီမှာ ဈေးကျတာမျိုးကို ရပ်တန့်စေပြီး ရေရှည်မှာ ဈေးအတက်ဘက်ကို ဦးတည်နိုင်တယ်လို့ ကုန်သည်တစ်ဦးက မှတ်ချက်ပြုပါတယ်။  

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားတဲ့ စာရင်းအရ ဆန်နဲ့ ဆန်ကွဲ ပြည်ပ တင်ပို့မှုကလည်း ပြီးခဲ့တဲ့ ၆ လတာအတွင်း တန်ချိန် ၁ ဒသမ ၄ သန်းကျော်ရှိခဲ့ပြီး ကာလတူ မနှစ်ကတင်ပို့မှုထက် တိုးတက်ခဲ့ပါတယ်။

အဲဒီလို ပြည်ပ ဈေးကွက်ဝယ်လိုအား တက်နေပေမဲ့ တဖက်မှာ ပြည်တွင်း ဖူလုံရေးနဲ့ စျေးနှုန်းတည်ငြိမ်ရေး ထောက်ပြပြီး ပြည်ပတင်ပို့မှုကို ထိန်းချုပ်ရေး ဆွေးနွေးနေတာတွေလည်း ရှိနေတယ်လို့လည်း လုပ်ငန်းရှင်တွေက ပြောပါတယ်။ 

အခုနှစ် နွေစပါးအတွက် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိပြီး အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ကာ အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန် စံညွှန်းများနဲ့ ကိုက်ညီတဲ့ ၄၆ ပေါင်၊ စပါးတင်း ၁၀၀ရဲ့ အခြေခံရည်ညွှန်းစပါးဈေးကို ကျပ် ၅၄၀,၀၀၀ သတ်မှတ်ထားပါတယ်။

လက်ရှိ ဧရာ၀တီတိုင်းစျေးကွက်မှာ စပါးစျေးနှုန်းက အရည်အသွေးအပေါ်မူတည်ပြီး စပါးတင်း ၁၀၀ ကို  ကျပ် ၈ သိန်း၀န်းကျင်ကနေ ကျပ် ၁၁ သိန်းခွဲ၀န်းကျင် စျေးမြင့်တက်နေပါတယ်။

သို့ပေမဲ့ တစ်ဧက စိုက်ပျိုး ထုတ်လုပ်မှုကုန်ကျစရိတ် ကြီးမြင့်နေတာ၊ ငွေကြေးဖောင်းပွပြီး၊ အထွေထွေကုန်စျေးနှုန်း မြင့်တက်နေတာတွေကြောင့် လယ်သမားတွေအတွက် အကျိုးအမြတ်များများ ရရှိနိုင်ခြေလည်း နည်းနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013