DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားသားများ လုပ်ကိုင်ခွင့်မရှိသည့် အလုပ်အကိုင် ၁၀ မျိုး ထိုင်းအစိုးရ ထုတ်ပြန်
DVB
·
June 15, 2026
 ချင်းမိုင် မေဒေးနေ့ လှုပ်ရှားမှု၌ ပါဝင်သည့် ရွှေ့ပြောင်းလုပ်သားများ။ Photo: DVB
ချင်းမိုင် မေဒေးနေ့ လှုပ်ရှားမှု၌ ပါဝင်သည့် ရွှေ့ပြောင်းလုပ်သားများ။ Photo: DVB
Donate to DVB

အလုပ်လုပ်ကိုင်ခွင့် ပါမစ်ရှိပေမဲ့ နိုင်ငံခြားသားတွေ လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်အကိုင် ၁၀ မျိုးစာရင်းကို ထိုင်းအစိုးရက ထုတ်ပြန်လိုက်တဲ့အကြောင်း The Nation Thailand သတင်းမှာ ဇွန် ၁၄ ရက်က ဖော်ပြပါတယ်။

လူအများစုဟာ ထိုင်းနိုင်ငံထဲကို တရားဝင် ဝင်ရောက်လာပြီး နိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်ကိုင်ခွင့် ပါမစ်ရှိထားရင် ကြိုက်တဲ့အလုပ်ကို ရွေးချယ်လုပ်ကိုင်နိုင်တယ်လို့ မှားယွင်း ယုံကြည်နေကြဆဲဖြစ်လို့ ဒီအခြေအနေဟာ အလုပ်ရှင်တွေရော နိုင်ငံခြားသား အလုပ်သမားတွေပါ သေသေချာချာ သတိပြုစစ်ဆေးရမဲ့ အရေးကြီးတဲ့ ကိစ္စဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ နိုင်ငံခြားသားများ အလုပ်အကိုင် စီမံခန့်ခွဲမှုဆိုင်ရာ အရေးပေါ်အမိန့် ညွှန်ကြားချက်အရ ထိုင်းနိုင်ငံသားတွေအတွက်ပဲ သီးသန့် ကာကွယ်သတ်မှတ်ပေးထားတဲ့ အလုပ်အကိုင်တွေကို ဥပဒေပြဋ္ဌာန်းချက်တွေနဲ့ သတ်မှတ်ထားပြီး အခုအခါမှာ နောက်ဆက်တွဲစာရင်းတွေကို ရှင်းရှင်းလင်းလင်း ခွဲခြား ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

နိုင်ငံခြားသား အလုပ်သမားတွေ လုပ်ကိုင်ဖို့ တင်းကျပ်စွာ တားမြစ်ထားတဲ့ အလုပ်အကိုင် ၁၀ မျိုးထဲမှာတော့ လမ်းဘေး ပလက်ဖောင်းတွေမှာ ဆိုင်ခန်းဖွင့်တာ၊ ဈေးလှည်းတွန်းပြီး ကုန်ပစ္စည်း၊ ဒါမှမဟုတ် ထီလက်မှတ်တွေ ရောင်းချတာ၊ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ ပွဲစားလုပ်ငန်းကလွဲလို့ ကျန်တဲ့ပွဲစားလုပ်ငန်းတွေ၊ အလှအပဆိုင်ရာ ဝန်ဆောင်မှု၊ လက်သည်း ခြေသည်း အလှပြင်တာနဲ့ ဆံပင်ညှပ်တာ စတဲ့ လုပ်ငန်းတွေ၊ ထိုင်းရိုးရာအနှိပ်လုပ်ငန်း၊ တက္ကစီ၊ ဗန်ကား၊ သုံးဘီးကား တုတ်တုတ်၊ ဘတ်စ်ကား၊ ဒါမှမဟုတ် တခြားမော်တော်ယာဉ်တွေ မောင်းနှင်တာမျိုးတွေအထိ ပါဝင်နေတာပါ။

ဒါ့အပြင် ခရီးသွားဧည့်လမ်းညွှန်အဖြစ် ဆောင်ရွက်တာ၊ ဒါမှမဟုတ် ခရီးစဉ်တွေ စီစဉ်ပေးတာ၊ ရှေ့နေ၊ ဥပဒေအကြံပေး၊ ဒါမှမဟုတ် တရားစွဲဆိုမှုဆိုင်ရာ ဝန်ဆောင်မှုတွေလို လုပ်ငန်းတွေ၊ အထည်/ချည်မျှင် ကောက်တာနဲ့ ပိုးချည်တွေကို လက်နဲ့ကျစ်တာ စတဲ့ လက်ရက်ကန်း လုပ်ငန်းတွေ၊ သစ်သားပန်းပု၊ ငွေထည်၊ ရွှေထည်၊ ကျောက်သွေး ကြေးထည်လုပ်ငန်းနဲ့ ထိုင်းရိုးရာ အရုပ်လုပ်တဲ့ လုပ်ငန်းတွေလို လက်မှုအနုပညာ လုပ်ငန်းအမျိုးမျိုးနဲ့ အဆောက်အအုံတွေကို စောင့်ကြပ်တာနဲ့ လုံခြုံရေးဆိုင်ရာ ကာကွယ်မှု ပေးတဲ့ လုံခြုံရေးလုပ်ငန်းတွေလည်း ပါဝင်တယ်လို့ ဆိုပါ တယ်။

တကယ်လို့များ တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံခြားသား အလုပ်သမားတွေဟာ အခုလို သတ်မှတ်တားမြစ်ထားတဲ့ အလုပ်အကိုင်တွေမှာ ခိုးလုပ်နေတာကိုတွေ့ရှိရင် အဲဒီအလုပ်ဟာ အဓိကအလုပ်ပဲဖြစ်စေ၊ အချိန်ပိုင်းအလုပ်ပဲဖြစ်စေ၊ ဘယ်လိုခြွင်းချက်မှမရှိဘဲ ဥပဒေအရ အရေးယူသွားမယ်လို့ အလုပ်သမားဝန်ကြီးဌာနက  ပြောထားပါတယ်။

ပြစ်မှုကျူးလွန်သူတွေအတွက် ပြစ်ဒဏ်တွေအနေနဲ့ ထိုင်းဘတ် ၅,၀၀၀ ကနေ ၅၀,၀၀၀ အထိ ဒဏ်ရိုက်ခံရမဲ့အပြင် ထိုင်းနိုင်ငံကနေ ပြည်နှင်ဒဏ်ပေးခံရမှာ ဖြစ်ပြီး ပြစ်ဒဏ်ချမှတ်ခံရတဲ့ နေ့ကစလို့ ၂ နှစ်အထိ အလုပ်ပါမစ် ပြန်လည်လျှောက်ထားခွင့် ပိတ်ပင်ခံရမယ်လို့ ဆိုပါတယ်။

နိုင်ငံခြားသားတွေကို ခွင့်ပြုထားတဲ့ အခွင့်အရေးထက်ကျော်လွန်ပြီး အလုပ်လုပ်ကိုင်ခွင့်ပေးတဲ့ အလုပ်ရှင်တွေအနေနဲ့ကတော့ ခန့်အပ်ထားတဲ့ နိုင်ငံခြားသား အလုပ်သမား တယောက်ချင်းစီအတွက် ထိုင်းဘတ် ၁၀,၀၀၀ ကနေ ၁၀၀,၀၀၀ အထိ ဒဏ်ရိုက်ခံရမှာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

တကယ်လို့များ ပြစ်မှုကို ထပ်မံကျူးလွန်ရင်တော့ အမြင့်ဆုံး ထောင်ဒဏ် ၁ နှစ် ဖြစ်စေ၊ ဒါမှမဟုတ် ဘတ် ၅၀,၀၀၀ ကနေ ၂၀၀,၀၀၀ အထိ ဒဏ်ငွေဖြစ်စေ၊ ပြစ်ဒဏ် ၂ ရပ်လုံး ဖြစ်စေ ချမှတ်ခံရမှာဖြစ်ပြီး၊ နိုင်ငံခြားသား အလုပ်သမား ငှားရမ်းခွင့်ကို ၃ နှစ်အထိ ပိတ်ပင်ခံရမယ်လို့ ဆိုပါတယ်။

ဒါကြောင့် အလုပ်ရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဥပဒေအရ တရားစွဲဆိုခံရတာနဲ့ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ဆုံးရှုံးတာတွေ မဖြစ်ရလေအောင် အလုပ်သမားရဲ့ ပါမစ်ထဲမှာ ဖော်ပြထားတဲ့ အလုပ်အမျိုးအစားနဲ့ လက်တွေ့လုပ်ကိုင်နေတဲ့ တာဝန်တွေ ကိုက်ညီမှု ရှိ၊ မရှိကို သေသေချာချာ စစ်ဆေးသင့်ကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။

Source: The Nation Thailand 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013