DVB Logo
Home
နိုင်ငံတကာ
အမေရိကန် CIA အစီရင်ခံစာကို အီရန်ပယ်ချ
DVB
·
May 9, 2026
Photo:Reuters
Photo:Reuters
Donate to DVB

အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘာ့စ်အာရက်ခ်ချီဟာ အီရန်ရဲ့ စစ်ရေးစွမ်းဆောင်ရည်တွေ ကျဆင်း သွားပြီဆိုတဲ့ အမေရိကန်ထောက်လှမ်းရေး (CIA) ရဲ့ ခန့်မှန်းချက်တွေကို မေ ၈ ရက်မှာ ပယ်ချ လိုက်ပါတယ်။ 

အီရန်ရဲ့ ဒုံးကျည်လက်ကျန်နဲ့ ဒုံးပစ်စင် ပမာဏဟာ စစ်မဖြစ်ခင်ကထက် ၁၂၀ ရာခိုင်နှုန်းရှိနေပြီး CIA က ခန့်မှန်းသလို ၇၅ ရာခိုင်နှုန်း မဟုတ်ဘူးလို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။ 

ဒါ့အပြင် အီရန်ပြည်သူတွေကို ကာကွယ်ဖို့ အသင့်ဖြစ်မှုက ၁,၀၀၀ ရာခိုင်နှုန်း ရှိတယ်လို့လည်း ဆိုပါတယ်။ 

အီရန်နိုင်ငံခြားရေးဝန်ကြီးက “အမေရိကန်ဟာ သံတမန်နည်းလမ်းနဲ့ ဖြေရှင်းနိုင်မဲ့ အချိန်ရောက်တိုင်း အန္တရာယ်များတဲ့ စစ်ရေးလုပ်ရပ်ကိုပဲ ရွေးချယ်လေ့ရှိတယ်။ ဒါဟာ ရိုင်းစိုင်းတဲ့ ဖိအားပေးနည်းဗျူ ဟာလား၊ ဒါမှမဟုတ် အမေရိကန်သမ္မတကို နောက်ထပ် ရုန်းမထွက်နိုင်တဲ့ ရွှံ့နွံထဲရောက်အောင် တယောက်ယောက်က လှည့်စားလိုက်တာလား"လို့လည်း မေးခွန်းထုတ်ထားပါတယ်။ 

ဝန်ကြီး အာရက်ခ်ချီက "အကြောင်းရင်းက ဘာပဲဖြစ်ဖြစ် ရလဒ်ကတော့ အတူတူပါပဲ။ အီရန်လူမျိုး တွေဟာ ဘယ်တော့မှ ဖိအားအောက်မှာ ဒူးထောက်မှာ မဟုတ်သလို၊ အခုလိုအခြေအနေမျိုးမှာ သံတမန်ရေးရာဟာလည်း အမြဲတမ်း သားကောင်ဖြစ်နေရတာပဲ" လို့ ပြောကြားခဲ့ပါတယ်။ 

ဧပြီ ၇ ရက်က အပစ်အခတ်ရပ်စဲရေး ကြေညာပြီးကတည်းက ကြားဖောက်တိုက်ပွဲတွေ ခဏခဏ ဖြစ်နေတာကြောင့် အဲဒီသဘောတူညီချက်ကို အမေရိကန်က ချိုးဖောက်နေတယ်လို့လည်း အီရန်က စွပ်စွဲထားပါတယ်။ 

အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မှာ တိုက်ခိုက်မှုတွေ ထပ်ဖြစ်လာပြီး ပင်လယ်ကွေ့ အတွင်းမှာ အမေရိကန်နဲ့ အီရန်တပ်ဖွဲ့တွေ ထိပ်တိုက်တွေ့ခဲ့ကြပေမဲ့၊ သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်က တော့ အပစ်အခတ်ရပ်စဲရေးဟာ အသက်ဝင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်ကြောင့် အကျပ်အတည်းကို သံတမန်နည်းလမ်းနဲ့ အမြန်ဖြေရှင်းနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်လည်း လျော့သွားပါတယ်။ 

ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို လေကြောင်းကနေ စတင်တိုက်ခိုက်ရာ ကနေ ဒီစစ်ပွဲ စတင်ခဲ့တာဖြစ်ပါတယ်။

အခုနောက်ဆုံးတိုက်ပွဲတွေ မဖြစ်ခင်မှာ အမေရိကန်က စစ်ပွဲအဆုံးသတ်ဖို့ အဆိုပြုချက်တခု တင်ပြထားပေမဲ့ အီရန်ရဲ့ နျူကလီးယားအစီအစဉ် ရပ်ဆိုင်းဖို့နဲ့ ရေလက်ကြားပြန်ဖွင့်ဖို့ ဆိုတဲ့ အချက် တွေကိုတော့ အီရန်က မဖြေရှင်းထားပါဘူး။

တီဟီရန်ဘက်ကတော့ အမေရိကန်ရဲ့ အစီအစဉ်အပေါ် ဆုံးဖြတ်ချက် တစုံတရာ မချရသေးဘူးလို့ ပြောပါတယ်။ 

Source:Reuter

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013