
စစ်အာဏာရှင်အစိုးရ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတွေကို ကျောင်းဧရိယာနဲ့အကျယ်အဝန်းကို ပြင်ဆင်ဇို့ ၁ နှစ်အချိန်ပေးထားတယ်လို့ ကျောင်းတည်ထောင်သူ တွေဆီက သိရပါတယ်။
သတ်မှတ်ချက်နဲ့မပြည့်မီသေးတဲ့ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတွေကို ၂၀၂၆-၂၇ ပညာသင်နှစ်အတွင်း ပြင်ဆင်ဖို့ အချိန်ပေးထားပြီး ၂၀၂၇ -၂၈ ပညာသင်နှစ်မှာ ထပ်မံစစ်ဆေးသွားမယ်လို့ ကျောင်းတည်ထောင်သူ တယောက်က DVB ကိုပြောပါတယ်။
"ကျောင်းဧရိယာအကျယ်အဝန်းက အစိုးရကျောင်းရော၊ ပုဂ္ဂလိကကျောင်းရော သတ်မှတ်တာ။ ပုဂ္ဂလိကကျောင်းက ကစားကွင်း၊ စာကြည့်တိုက်၊ ဆေးပေးခန်း ဒီလောက်ပဲ။ ကျောင်းသားဦးရေ နဲ့ စာသင်ကျောင်းကိုက်ညီရင်ရပြီ။ မြေနေရာက ကျောင်းအဆင့်အတန်းနဲ့အလိုက် အကျယ်အဝန်းတော့ ရှိရမယ်။ အဲဒီအချက်တွေ မကိုက်ညီဘူးဆိုရင် တနှစ်အတွင်း ပြင်ပေးရမယ်။”
အမိန့်ညွှန်ကြားချက်တွေ မကြာခဏပြောင်းနေတာကြောင့် နာမည်ရှိပြီး ပုဂ္ဂလိကကျောင်းတွေ အနေနဲ့ ရွာမြေတွေ ဝယ်ယူကာ ပြင်ဆင်ထားကြတယ်လို့ ပုဂ္ဂလိကကျောင်းဆရာမတယောက်က DVB ကို ပြောပါတယ်။
“ညွှန်ကြားချက်တွေက ခဏခဏပြောင်းနေတော့ သူတို့သတ်မှတ်တဲ့စံနဲ့ ကိုက်အောင် လှည်းကူး၊ ရွှေပေါက်ကံ၊ မှော်ဘီနဲ့ အရှေ့ဒဂုံလို မြို့ပြင်တွေမှာ မြေရှာဝယ်ထားကြတယ်။ ဒါမှနောက်ထပ်ပြီး ပေါ်လစီ ထပ်ပြောင်းရင် အဆင်သင့်ဖြစ်မှာ။”
၂၀၂၆ -၂၇ ပညာသင်နှစ်မှာ ကိုယ်ပိုင်ကျောင်း လိုင်စင်အသစ်လျှောက်ထားတဲ့ကျောင်း ၃၆၈ ကျောင်း၊ သက်တမ်းတိုးတဲ့ကျောင်း ၅၉၈ ကျောင်း၊ ကျောင်းအဆင့်တိုးလျှောက်ထားတဲ့ကျောင်း ၁၄၆ ကျောင်းရှိပြီး ၁၀၉၂ ကျောင်းကို လိုင်စင်ချပေးထားတယ်လို့ ပညာရေးဝန်ကြီးနဲ့ နီးစပ်သူ တယောက်က DVB ကို ပြောပါတယ်။
"ကျောင်းအတော်များများ ခွင့်ပြုပေးပါတယ်။ လိုအပ်တဲ့ကျောင်းတွေကိုလည်း ပြင်ဖို့ ညွှန်ကြားထား တယ်။ စိစစ်နေတဲ့ကျောင်းက ၂၀ မပြည့်ဘူး။”
တနိုင်ငံလုံးမှာရှိတဲ့ စာသင်ကျောင်းတွေ စံကိုက်ဖြစ်ဖို့အတွက် မူလတန်းကျောင်း ပေအကျယ် ၃ ဧက ကနေ ၅ ဧက၊ အလယ်တန်းကျောင်း ၅ ဧက ကနေ ၇ ဧကနဲ့ အထက်တန်းကျောင်း ၇ ဧက ကနေ ၁၀ ဧက ရှိရမယ်လို့ စစ်အာဏာရှင်အစိုးရ ပညာရေးဝန်ကြီးဌာနက သြဂုတ်လအတွင်း ထုတ်ပြန်ခဲ့ တာပါ။
စစ်အာဏာရှင်အစိုးရ လက်အောက်ခံ ပညာရေးဝန်ကြီးဌာန သတ်မှတ်လိုက်တဲ့ ကျောင်းမြေ ဧရိယာ အကျယ်အဝန်းနဲ့ ပတ်သက်ပြီး ပညာရေးလောကမှာရော ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း ထူထောင်သူ တွေ ကြားမှာပါ ဝေဖန်မှုတွေ ပြည့်နေပါတယ်။











