
နေပြည်တော်မှာအစိုးရက စီစဉ်ကျင်းပဖို့ရှိနေတဲ့ ပညာရေးဆွေးနွေးကို အရပ်ဘက်အဖွဲ့ အစည်းတခုဖြစ်တဲ့ မြန်မာနိုင်ငံ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) အဖွဲ့ဝင်တွေကို တက်ရောက်ခွင့်မပေးဘဲ အစိုးရက ငြင်းပယ်လိုက်တယ်လို့ ကွန်ရက်တာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာအစိုးရက ဖွဲ့စည်းပေးထားတဲ့ ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးကော်မတီက “အမျိုးသားအဆင့် လက်တွေ့ကျသော ပညာရေးပြုပြင်ပြောင်းလဲမှုဆွေးနွေးပွဲ” တခုကို မတ် ၅ ရက်ကနေ ၆ ရက်ထိ နေပြည်တော်မှာ ကျင်းပဖို့ ရှိနေတာပါ။
ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ကို ဒီဆွေးနွေးပွဲတက်ရောက်ဖို့ အစိုးရက ဖိတ်ကြားခဲ့ပြီးကာမှ တက်ရောက်ခွင့် ငြင်းပယ်လိုက်တာလို့ ကွန်ရက်အဖွဲ့ဝင် ဦးရဲဝင်းက ပြောပါတယ်။
ဒီကွန်ရက်အဖွဲ့ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးမူဝါဒ ချမှတ်နိုင်ရေးအတွက် ရည်ရွယ်ပြီး တိုင်းနဲ့ ပြည်နယ် (၁၄) ခုက ပါမောက္ခ၊ ဆရာ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူတွေအပြင် ဘုန်းတော်ကြီးတွေနဲ့ ပါဝင်ဖွဲ့စည်းထားတာပါ။
ဒီကွန်ရက်အဖွဲ့ရဲ့ ပညာရေးညီလာခံကို ၂၀၁၃ ခုနှစ် ဇွန်လက ရန်ကုန်မြို့မှာ ကျင်းပခဲ့ပြီးတော့ အမျိုးသားပညာရေးမူဝါဒ (မူကြမ်း) ကိုလည်း ပြည်သူ့လွှတ်တော်ကို တင်သွင်းနိုင်ခဲ့ပါတယ်။
ပညာရေးဝန်ကြီးဌာနက ဒီကွန်ရက်ကို ပါဝင်ဆွေးနွေးခွင့်မပြုတာဟာ အစိုးရအဖွဲ့အနေနဲ့ အပြောနဲ့အလုပ် သီးခြားဖြစ်နေတယ်လို့ ကွန်ရက်အဖွဲ့ဝင်ဒေါက်တာဘိုင်အိုက ပြောပါတယ်။
နေပြည်တော်မှာ ကျင်းပမယ့် အမျိုးသားအဆင့် ပညာရေးပြုပြင်ပြောင်းလဲမှုဆွေးနွေးပွဲကို သမ္မတ ဦးသိန်းစိန်လည်း တက်ရောက်ဖို့ရှိနေပြီး ဒီဆွေးနွေးပွဲမှာ မူကြိုပညာရေးကနေ အခြေခံနဲ့ အဆင့်မြင့်ပညာရေးထိ ဘက်စုံပညာရေးမြှင့်တင်နိုင်ဖို့ ကဏ္ဍအသီးသီးခွဲပြီး ဆွေးနွေးဖို့ ရှိနေတယ်လို့ အစိုးရကော်မတီက ထုတ်ပြန်ထားတဲ့ အစည်းအဝေး အစီအစဉ်အရ သိရပါတယ်။
အသံဖိုင်နားဆင်ရန်









