
မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဧပြီ ၉ ရက် ဒီမနက်ပိုင်းကစပြီး အမျိုးသားနှစ်ယောက် စီးလာတဲ့ ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်က ပစ်ခတ် ဖမ်းဆီးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပခုက္ကူ ဒေသခံတစ်ဦးက "လောလောဆယ် နှစ်ယောက်အဖမ်းခံရပြီ၊ ယောကျ်ားလေးဆိုင်ကယ်နှစ်ယောက်စီးရင် ပစ်ဖမ်းတာ လမ်းကြိုလမ်းကြားကအစ ဖမ်းနေတာ"လို့ ဆိုပါတယ်။
ပခုက္ကူအမှတ် ၁၂ ပြည်တော်သာလမ်းမှာ ယောကျာ်းလေးနှစ်ယောက် ဆိုင်ကယ်တစ်စီး နှစ်ယောက်စီးတာကြောင့် ဖမ်းဆီးခံရပြီး ရဲကားပေါ်တင်ခေါ်သွားကာ ဆိုင်ကယ်ကိုတော့ ရဲတွေ စီးသွားတယ်လို့ ဆိုပါတယ်။
ဧပြီ ၇ ရက်က Non CDM မြို့နယ်ပညာရေးမှူးဒေါ်တင်တင်ရီ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးတာကြောင့် စစ်ကောင်စီခန့် မကွေးတိုင်းဝန်ကြီး ပခုက္ကူမြို့ကို လာရောက်ပြီးတဲ့နောက် အခုလို လုံခြုံရေးတွေတိုးချထားပြီး ပစ်ခတ်ဖမ်းဆီးနေတာဖြစ်ပါတယ်။
ပခုက္ကူမြို့အဝင်အထွက်၊ လမ်းဆုံလမ်းမတွေမှာ လုံခြုံရေးတိုးချထားပြီး စစ်ဆေးဖမ်းဆီး နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။