DVB Logo
Home
Lead Story
အလကားကျော်စွာ ကြင်စိုး
DVB
·
April 9, 2022
အလကားကျော်စွာ ကြင်စိုး
Donate to DVB

‘အလင်္ကာကျော်စွာဖေကြီး’ အိမ်ထဲ ဝင်ပါအုံးဟ”

“အောင်မယ်လေးဗျ”

ရွာထဲ လျှောက်လာရင်း အဘစောမူးသာ အိမ်ရှေ့ရောက်ချိန် မထင်မှတ်ဘဲ အဲဒီလို လှမ်းခေါ်သံကို ရုတ်တရက်ကြီး ကြားလိုက်ရတော့ လူကို တုန်သွားတာ အမှန်ပါပဲ။

“ဝင်ပါအုံးဟ ‘အလင်္ကာကျော်စွာဖေကြီး’ရ . . . ဟားဟား ဟားဟား ဟားဟား”

နေရင်းထိုင်ရင်းကနေ ဖေကြီးလည်း သည်လောက် ကြီးမြတ် ရှားပါးပြီး တန်ဖိုးရှိလှတဲ့ ဘွဲ့ထူး ဂုဏ်ထူးကြီးကို နာမည်ရှေ့ကနေ နာမဝိသေသနတပ်အခေါ်ခံလိုက်ရတော့ ကြက်သီးတွေတောင်မှ ဖြန်းဖြန်းထသွားတယ်ဗျ။

“ဝင်လာပါပြီ ‘သရေစည်သူ သီရိ သုဓမ္မ အလင်္ကာကျော်စွာအဘ စောမူးသာ’ ခင်ဗျ . . . အ ဟ . . . အ ဟ”

“ဟားဟား ဟားဟား ဟားဟား . . . . ရောင်းသူ ဝယ်သူအသံတူပဲဟေ့။ ဒီကနေ့တော့ 'အလင်္ကာကျော်စွာစကားဝိုင်း' ဖြစ်တော့မှာပဲ ထင်ရဲ့ဗျား . . ဟားဟား ဟား ဟား ဟားဟား”

“မအေရိုးကြင်စိုးကတော့ တနေ့ တမျိုး မရိုးရဘူးဟ” လို့ အဘစောမူးသာက ပြောပါသဗျ။ သူတို့အာဏာသိမ်းအဖွဲ့ကို အခုအချိန်အထိ ကမ္ဘာပေါ်ကဘယ်နိုင်ငံကမှ ‘အစိုးရ’အဖြစ် လုံးဝ အသိအမှတ်မပြုတော့ ခံရခက်နေပြီး စိတ်ရူးပေါက်သလို စိတ်ရူးထရင် ထသလို မဟုတ်တာတွေ  ကြံရာမရ ထထလုပ်ပြနေတာတဲ့။

အခုလည်း အနုပညာနယ်ပယ်ထဲက လူအချို့ကို ရွေးထုတ်ပြီး ဘွဲ့ထူး ဂုဏ်ထူးတွေပေး သူကောင်းပြုနေပြန်ပါသတဲ့ ခင်ဗျ။ ‘လူမှုထူးချွန်’ တွေဆိုတာလည်း အများကြီးပါတဲ့။ သူ့ကို ‘ဘောမ’ နေတဲ့သူတွေကတော့ ရှေ့ဆုံးကပေါ့တဲ့။

ရန်အောင်တို့၊ မို့မို့မြင့်အောင် တို့ကတော့ ထိပ်ဆုံးက ပါတာပေါ့ဗျာတဲ့။ ရဲအောင်၊ ကျော်ရဲအောင်၊ မြင့်မြင့်ခိုင်၊ မြတ်ကေသီအောင်၊ မေသဉ္ဇာဦး၊ ခိုင်သင်းကြည်တို့လည်း ပါကြပါသတဲ့။ 

နေအောင်၊ ခန့်စည်သူ၊ လွင်မိုး၊ နေတိုး၊  ဖိုးသောကြာ၊ ယုန်လေး၊ တင်ဦးလေး၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ ယဉ်လတ်၊ ခင်သီတာထွန်း၊ ထွန်းအိန္ဒြာဗိုတို့လည်း ချီးမြှင့်ခံကြရပါသတဲ့ ဗျား။

“အေး . . . အဲသည်အထဲမှာ ထူးဆန်းတာတွေလည်း အများကြီးကွ ဖေကြီးရ”

“ဘယ်လို ထူးဆန်းတာတွေလဲ အဘ”

“ဟားဟား ဟားဟား ဟားဟား . . .”

အဘစောမူးသာကား ထုံးစံအတိုင်းပင် အားရပါးရရယ်ချလိုက်ပါပေလေ၏။ ပြီးမှ စကားကို ဆက်နိုင်ပါလေ၏။

“အဲသည် ‘လူမှုထူးချွန်တွေ’ထဲမှာ လူ့လောကမှာ မရှိတော့တဲ့သူတွေ ကွယ်လွန် တိမ်းပါးသွားခဲ့ကြရှာပြီ ဖြစ်တဲ့သူတွေလည်း အများကြီးကို ပါနေသကွ”

“ဘယ်သူတွေများ ပါနေလို့လဲ အဘရာ”

ဒါရိုက်တာမောင်တင်ဦး၊ ဒါရိုက်တာမောင်ဝဏ္ဏ၊ ဝင်းဦး၊ ကောလိပ်ဂျင်နေဝင်း၊ ထွန်းဝေ၊ ဦးကျောက်လုံး၊ ဇော်လင်း၊ ကျော်ဟိန်း၊ ညွန့်ဝင်း၊ ဂီတလုလင်မောင်ကိုကိုတို့တွေတောင်မှ ပါနေပါသတဲ့ ခင်ဗျ။ 

“အေး . . . ပြီးတော့ ‘အလင်္ကာကျော်စွာ’ဘွဲ့တွေ ချီးမြှင့်ပြန်သကွ”

“ ‘ဘယ်သူ့’ ကို ပေးသလဲအဘ”

“ဟားဟား ဟားဟား ဟားဟား . . . . ‘ဘယ်သူ့ကို’ လို့ပြောလို့မရဘူး၊ ‘ဘယ်သူတွေကို’လို့ ပြောမှ မှန်မှာကွ . . .”

အစဉ်အဆက် ကြားဖူး သိဖူးထားခဲ့တာကတော့ ‘အလင်္ကာကျော်စွာဘွဲ့’ ဆိုတာ  သိပ်ကို ရှားရှားပါးပါး အဖိုးတန်ပြီး တစ်သန်းမှာ တစ်ယောက်ရဖို့ တစ်သန်းမှာ တစ်ယောက်ပေးဖို့ မလွယ်ဘူး ဆိုတာပါပဲ။ 

တစ်နှစ်မှာ တစ်ဦးပေးဖို့ ဆယ်နှစ်မှာ တစ်ဦး ချီးမြှင့်ဖို့ဆိုတာ မလွယ်ကူတဲ့ ဘွဲ့ထူးဂုဏ်ထူးပါ။

‘အလင်္ကာကျော်စွာရွှေမန်းတင်မောင်’ တို့၊ ‘အလင်္ကာကျော်စွာကာတွန်းဦးဘဂျမ်း’ တို့လို ရှားရှားပါးပါးပါ။ အခုတော့ ဘယ်လိုတွေတောင်မှ ချေးပေါသေးပေါ တန်ဖိုးကျအောင် စီမံဆောင်ရွက်တော်မူလိုက်တာပါလိမ့် ရွှေဉာဏ်တော် ‘စူးရောက်’တဲ့ ‘စောက်ရူး’ရယ်လို့ အဘစောမူးသာက တဟားဟားနဲ့ မှတ်ချက်ပြုပါသဗျ။

“အေး . . . လူ ‘အစိတ်’တောင်ကွ”

“ဘုရား  ဘုရား  ဘုရား”

‘အလင်္ကာကျော်စွာ’ ဘွဲ့ပေးတာ ၂၅ ယောက်တောင်မှ ဆိုပါကလားဗျာ။ ဘယ်သူတွေကို ပေးအပ်ချီးမြှင့်လဲ ဆိုတော့ အဘစောမူးသာက လူနာမည်စာရင်းကို ပြောလည်းပြော ပြလည်း ပြပါသဗျ။

၁။ ဘိုကလေးတင့်အောင်

၂။ တက္ကသိုလ်မြတ်သူ

၃။ ကြည်စိုးထွန်း

၄။ လေးမြို င်

၅။ ဒေါက်တာခင်မောင်ညွန့်

၆။ ဒေါက်တာသော်ကောင်း

၇။ မောင်ခင်မင် (ဓနုဖြူ )

၈။ လယ်တွင်းသားစောချစ်

၉။ တက္ကသိုလ်မြတ်စိုး

၁၀။ မောင်ပေါ်ထွန်း

၁၁။ ကိုလေး (အင်းဝဂုဏ်ရည်)

၁၂။ တက္ကသိုလ်တင်ခ

၁၃။ မောင်သာနိုး

၁၄။ သိန်းသန်းထွန်း

၁၅။ ဖိုးကျော့

၁၆။ လေးမြို င်

၁၇။ ထွန်းရီ (ရှေးဟောင်းသုတေသီ)

၁၈။ ထွန်းအောင်ချိန်

၁၉။ နောင်

၂၀။ သူရဇော်

၂၁။ မစန္ဒာ

၂၂။ ညွန့်ဝင်း

၂၃။ ဂီတလုလင်မောင်ကိုကို

၂၄။ ဝင်းဦး

၂၅။ ကောလိပ်ဂျင်နေဝင်း

“ ‘တလှေကြီး’ပါလား အဘရယ်”

“ ' တစ်လှေကြီး’ မဟုတ်ဘူး၊ ‘တစ်သင်္ဘောကြီး’ ပါကွ . . . အာဟ . . . အာဟ . . . အာဟ”

ရှားပါးရင် တန်ဖိုးရှိပြီး ပေါများရင် တန်ဖိုးမဲ့တယ်ဆိုတာ လောကသဘာဝပါ။

‘အလင်္ကာကျော်စွာ’ ဆိုတာ တကယ်တော့ ‘ရှားပါးဘွဲ့ထူး’ ပါလို့ အဘစောမူးသာက မှတ်ချက်ပြုပါသဗျ။

“အေး . . . ဒါပြီးရင်တော့ မအေရိုးကြင်စိုးတို့တွေ ကိုယ့်ဟာကိုယ် မှန်ကြည့်ပြီး မတန်မရာ ဘွဲ့ထူးတွေ ဂုဏ်ထူးတွေ ပြန်ပြီးပေးကြလိမ့်အုံးမကွ”

“ဘယ်လိုဘွဲ့များလဲ အဘ”

“ ‘အောင်ဆန်းသူရိယကြင်စိုး’ တို့ ‘အောင်ဆန်းသူရိယလက်ဖက်ခြောက်’ တို့ ‘အောင်ဆန်းသူရိယဇော်မဲလုံး’ တို့ပေါ့ဗျား . . . ဟား ဟား ဟားဟား ဟားဟား”

“ဘုရား  ဘုရား  ဘုရား”

ဖေကြီး(လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013