DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်း လောင်စာဆီစျေးနှုန်း အနည်းငယ်ပြန်ကျ
DVB
·
April 8, 2022
မြန်မာပြည်တွင်း လောင်စာဆီစျေးနှုန်း အနည်းငယ်ပြန်ကျ
Donate to DVB

ရန်ကုန်စက်သုံးဆီစျေးကွက်မှာ လောင်စာဆီစျေးနှုန်းက ယခင် တလီတာကို ကျပ် ၂၀၀၀ ကျော် ရှိခဲ့ရာကနေ အခု  ကျပ် ၂၀၀၀ အောက် အနည်းငယ် ပြန်ဆင်းလာပါတယ်။ 

ဒီကနေ့ ဧပြီလ ၈ ရက် ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တွေမှာ စျေးကွက်ပေါက်စျေးက တလီတာကို ဓါတ်ဆီ(၉၂) အမျိုးအစား ၁၇၃၀ ကျပ်၊ ဓာတ်ဆီ(၉၅) အမျိုးအစား ၁၇၉၅ ကျပ် နဲ့ ဒီဇယ်(ရိုးရိုး) အမျိုးအစား ၁၉၅၀ ကျပ်၊ ဒီဇယ်(ပရီမီယံ) ၁၉၇၀ ကျပ် ရှိပါတယ်။

ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးလဲလှယ်မှုနှုန်းအား ပုံသေနှုန်းဖြင့် ပြင်ဆင်လိုက်တဲ့အတွက် ကောင်းကျိုးထက် မကောင်းကျိုးက ပိုများလာဖို့ ရှိတယ်လို့ စီးပွားရေးသုတေသီတွေက သုံးသပ်ပြောပါတယ်။

စီးပွားရေးသုတေသီတဦးက “အဲ့ဒါကတော့ ကောင်းကျိုးနဲ့ ဆိုးကျိုး ရှိတာပေါ့။ ပြီးတော့ သူတို့ ဘာရည်ရွယ်ချက်နဲ့ လုပ်လဲ။ အဓိကကတော့ ကျနော် ထင်တာက သူတို့အနေနဲ့ သွင်းကုန်ရဲ့ စျေးကို ကျစေချင်တယ်ပေါ့နော်။ ဒါပေမယ့် ပြဿနာက ဘာရှိလဲဆိုရင် ပို့ကုန်သမားတွေအတွက်က မကိုက်တော့ဘူး။ ပို့ကုန်သမားတွေက သူတို့ ဝယ်တုန်းကတော့ စျေးကွက်ပေါက်စျေးနဲ့ ဝယ်ထားရတာ။ ဒါပေမဲ့ သူတို့က ၁၈၅၀ နဲ့ စျေးဖြတ်လိုက်တော့ ရှုံးတာပေါ့။ ပြီးတော့ စျေးကွက်စီးပွားရေးဆိုတာ ဝယ်လိုအားနဲ့ ရောင်းလိုအားက သူ့ဘာသာ အတက်အကျ ထိန်းညှိသွားတာ။ အခုဟာ ကျနော်ထင်တာကတော့ စစ်ကောင်စီ အနေနဲ့ ၁၈၅၀ သတ်မှတ်လိုက်တာက ကုန်စျေးနှုန်း ထိန်းချုပ်ရေးအတွက်လည်း ပါမယ်ထင်တယ်။ ဘာလို့လဲဆို ၁၈၅၀ သတ်မှတ်လိုက်တော့ သွင်းကုန်စျေးက အဓိက ကျသွားမှာပေါ့။ သွင်းကုန်ပစ္စည်းတွေထဲမှာဆိုရင် လောင်စာဆီ၊ စားအုံးဆီ၊ ဆေးဝါး ဒါတွေက မရှိမဖြစ် သွင်းနေရတာ။ ဒီတော့ ၁၈၅၀ သတ်မှတ်လိုက်တော့ သွင်းကုန်စျေးက နည်းနည်းလေး ကျသွားလို့ ကုန်စျေးနှုန်းက နည်းနည်း ကျသွားမယ်လို့ ခန့်မှန်းရတာပဲ။ ဒါက ကောင်းကျိုးဖက်က ပြောတာပါ။ ဒါပေမဲ့ အဲ့ဒါကို ဘယ်လောက်အထိ ထိန်းနိုင်မလဲဆိုတာ အခြေအနေကို စောင့်ကြည့်ရဦးမယ်။ ဆိုတော့ ကောင်းကျိုးနဲ့ ဆိုးကျိုး ယှဉ်လိုက်ရင် ကောင်းကျိုးနည်းပြီး ဆိုးကျိုးများ မယ်ထင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါပေမဲ့ တရားဝင်လိုင်စင်ရ နိုင်ငံခြားငွေကြေးရောင်းဝယ်ရေးစျေးကွက်မှာတော့ အမေရိကန်ဒေါ်လာ အရောင်းအဝယ်က မရှိသလောက် ဖြစ်နေတယ်လို့ စျေးကွက်အတွင်းမှ စုံစမ်းသိရပါတယ်။

နိုင်ငံခြားငွေရောင်းဝယ်ခွင့်လုပ်ငန်းလိုင်စင်ရ (Money Changer) ငွေလဲကောင်တာမှ တာဝန်ခံတဦးက “အခုအခြေအနေက Money Changer တွေမှာ လာရောင်းတဲ့ သူက မရှိသလောက် နည်းသွားပြီ။ ဘာလို့လဲဆို အပြင်ပေါက်စျေးနဲ့က ကွာတယ်လေ။ ဒီမှာက ဗဟိုဘဏ်ငွေလဲနှုန်းနဲ့ ဆိုတော့ ဘယ်သူက လာရောင်းမှာလဲ။ လာရောင်းတဲ့သူ မရှိလို့ ကိုယ်လည်း ပြန်မရောင်း ပေးနိုင်ဘူး။ ကြာလာရင် စျေးကွက် ပျောက်တော့မယ်” လို့ ဆိုပါတယ်။

နိုင်ငံခြားငွေကြေးစျေးကွက်အပေါ် စောင့်ကြည့်လေ့လာသူ တဦးက “အရင်ကတော့ ငွေကြေးလဲလှယ်မှုက floating (နှုန်းရှင်) လုပ်ထားတာပေါ့။ ဗဟိုဘဏ်က ရည်ညွှန်းနှုန်းထား သတ်မှတ်ပေးပြီး စျေးကွက်ပေါက်စျေးကို မျှောထားပေးထားတယ်နော်။ ဒါပေမဲ့ အခုက တဒေါ်လာကို ၁၈၅၀ သတ်မှတ်လိုက်တာက fix exchange rate (ပုံသေ) လဲလှယ်နှုန်း သတ်မှတ်လိုက်တဲ့သဘောပါ။ အဲ့တော့ စျေးကွက်ပေါက်စျေးနှုန်းကို လက်မခံတော့ဘူး ပုံသေလဲလှယ်နှုန်းကိုပဲ လုပ်မယ်ဆိုတော့ သူက ပြောင်းပြန် ပြန်လှည့်သွားတာပေါ့။ ဒီနေရာမှာ ပုံသေလဲလှယ်နှုန်းက စျေးကွက် ပေါက်စျေးနှုန်း မဟုတ်ဘူး ဆိုတော့ ဘာဖြစ်လာနိုင်လဲဆိုရင် မှောင်ခိုစျေးကွက် ပေါ်လာလိမ့်မယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီကနေ့ ဧပြီလ ၈ ရက် နိုင်ငံခြားငွေကြေးစျေးကွက်မှာ အမေရိကန် ၁ ဒေါ်လာ တန်ဖိုးက ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းအရ ငွေလဲကောင်တာတွေမှာ ဝယ်စျေး ၁၈၅၀ ကျပ်နဲ့ ရောင်းစျေး ၁၈၅၅ ကျပ် ရှိပေမဲ့ မှောင်ခိုစျေးကွက်မှာတော့ ဝယ်စျေး ၂၀၁၅ ကျပ်နဲ့ ရောင်းစျေး ၂၀၄၀ ကျပ် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013