DVB Logo
Home
Lead Story
မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ နော်ဝေ နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်ပြီး မေးမြန်းချက်
DVB
·
March 4, 2014
မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ နော်ဝေ နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်ပြီး မေးမြန်းချက်
Donate to DVB

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ နော်ဝေနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဘော့ဂီး ဘရန်တန် (Mr. Borge BRENDE) ဟာ သမ္မတ ဦးသိန်းစိန် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွ့ဆုံခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာပြည်ရဲ့ ခရီးစဉ်အပါအ၀င် မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နော်ဝေရဲ့ ရပ်တည်ချက်၊ နော်ဝေက ပံ့ပိုးပေးနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအပါအ၀င် နော်ဝေရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ နိုင်ငံခြားရေး မူဝါဒနဲ့ ပတ်သက်ပြီး ဒီဗွီဘီ ရန်ကုန်ဗျူရိုရုံးအကြီးအကဲ ဦးတိုးဇော်လတ်က တွေ့ဆုံမေးမြန်းထားပါတယ်။

ဝန်ကြီးအနေနဲ့ ခုမြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တခြားနိုင်ငံရေးသမားတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ကျနော်တို့ သိရပါတယ်။ လာမယ့်အနာဂတ်မှာ မြန်မာနဲ့ နော်ဝေအစိုးရတို့ အကောင်အထည်ဖော်ဖို့ အသေးစိတ် သဘောတူညီချက်တွေရော ရရှိပါသလား။

“နော်ဝေက နိုင်ငံတ၀န်း အပစ်ရပ်စဲရေးကို ဆက်ထောက်ခံသွားမှာပါ။ ဒါအပြင် ဆက်လုပ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ဒီမိုကရေစီ အပြောင်းအလဲကိုလည်း ထောက်ခံသွားမှာ ဖြစ်ပါတယ်။ မတူကွဲပြားတဲ့ တိုင်းရင်းသားအုပ်စုတွေကလည်း လုပ်ပိုင်ခွင့်တွေ ရှိနေသလို နိုင်ငံက အမြန် ဖွံ့ဖြိုးတိုးတက်လာနေတာကိုလည်း ကျနော် တွေ့မြင်ရပါတယ်။”

မြန်မာ ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်စဉ်မှာ နော်ဝေက မပါတော့ဘူးလို့ တချို့က ပြောနေတဲ့အတွက် ဆက်ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘာသဘောတူညီချက် ဘာတွေများ ရရှိပါသလဲ။

[caption id="attachment_52661" align="alignright" width="300"]ဦးတိုးဇော်လတ်နှင့် နော်ဝေနိုင်ငံခြားရေး ၀န်ကြီး ဦးတိုးဇော်လတ်နှင့် နော်ဝေနိုင်ငံခြားရေး ၀န်ကြီး[/caption]

“မတူညီတဲ့အဖွဲ့တွေထဲက တဖွဲ့က ငြိမ်းချမ်းရေး အထောက်အပံ့လုပ်တဲ့အဖွဲထဲမှာ ပါဝင်ဖို့ ကျနော်တို့ကို လိုလားနေသရွေ့ ကျနော်တို့ ရှိနေပါ။ ဒီအရေးပါတဲ့ဖြစ်စဉ်မှာ လိုအပ် နေတယ်ဆိုတဲ့ တုံ့ပြန်မှုကို ကျနော်တို့ ရရှိနေသရွေ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကျနော်တို့ ထောက်ခံဖို့ လိုပါတယ်။ နှစ် ၅၀ လက်နက်ကိုင်ပဋိပက္ခကြောင့် လူ့သားချင်းစာနာမှုနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ပေါ်လာပါတယ်။ ဥပမာပြောရရင် မြေမြှုပ်မိုင်းကိစ္စစတဲ့ ကိစ္စတွေလိုမျိုးပေါ့။ ဒါ့အပြင် ခင်ဗျားတို့ တိုင်းပြည်အတွက် လိုအပ်တဲ့ ကျနော်တို့ဆီမှာ နိုင်ငံ သဘာဝသယံဇာတ စီမံခန့်ခွဲတဲ့အခါမှာသုံးတဲ့ ရိုးရာ ဖွံ့ဖြိုးရေးအကူအညီတွေကိုလည်း ကျနော်တို့က ထောက်ပံ့ပေးပါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အပံ့တွေကို ကျနော်တို့ ပေးပါတယ်။ အနာဂတ်မှာတော့ ပညာရေးမှာ အထောက်အကူတွေ ပိုပေးနိုင်မယ်လို့လည်း ကျနော်တို့ မျှော်လင့်ထားပါတယ်။”

စွမ်းအင်ကဏ္ဍ အထူးသဖြင့် ရေအားလျှပ်စစ်နဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေလို လုပ်ငန်းစဉ်တွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ အသေးစိတ် ဘာအစီအစဉ်များ ရှိပါသလဲ။

“လျှပ်စစ်မီးမရှိရင် မတိုးတက်နိုင်ဘူးလို့ ကျနော်တို့ အားလုံး သဘောတူညီထားပါတယ်။ ခင်ဗျား တိုင်းပြည်လို ရေနံ၊ သဘာဝာတ်ငွေနဲ့ အလားအလာရှိတဲ့ နေစွမ်းအင်တို့လို စွမ်းအင် သဘာဝ သယံဇာတတွေ ကြွယ်ဝတဲ့ နိုင်ငံမှာ လူဦးရေ ၇၀ ရာခိုင်နှုန်းက အခြေခံ လျှပ်စစ်မီး မရှိသလို လျှပ်စစ် ဖြန့်ဖြူးပေးတဲ့ ကြိုးတွေရဲ့ အစိတ်အပိုင်း မဖြစ်ဘူးဆိုတာက ၀ိရောဓိ (ဆန့်ကျင်ဘက်)လို ဖြစ်နေပါတယ်။ သဘာဝသယံဇာတတွေကို ပြည်သူ့တွေ အကျိုးရှိအောင် အသုံးပြုနိုင်ဖို့နဲ့ ထိန်းသိမ်းရာမှာ ထောက်ပံ့ဖို့အတွက် အစိုးရဆီကနေ ဖိတ်ခေါ်ချက်ကို နော်ဝေက လက်ခံ ရရှိခဲ့ပါတယ်။”

မြန်မာက သဘာဝသယံဇာတတွေ ပေါတယ်ဆိုတာ သိသာတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာက သဘာဝသယံဇာတတွေကို ပြည်တွင်းမှာ အသုံးပြုရမယ့် အစား ပြည်ပကို တင်ပို့တာကလည်း အဓိက မေးခွန်းတခုလို ဖြစ်နေပါတယ်။ ဒါကြောင့်လည်း ၇၀ ရာခိုင်နှုန်းသော မြန်မာတွေက လျှပ်စစ်မီး မရတာ ဖြစ်ပါတယ်။ ဒီ သဘာဝသယံဇာတတွေကို ပြည်တွင်းမှာ သုံးဖို့အတွက် အစိုးရကို တိုက်တွန်းဖို့ အခွင့်အရေးများ ရပါသလား။ ဒီသဘာဝ သယံဇာတတွေကို အိမ်နီးချင်းနိုင်ငံတွေကို တင်ပို့တာထက် လက်ရှိအစိုးရက ဘာတွေများ စဉ်းစားဖို့ လိုအပ်ပါသလဲ။

“လျှပ်စစ်မီး ဖြန့်ဖြူးတဲ့ ကြိုးတွေတည်ဆောက်ရေးက လျှပ်စစ်မီးရရှိရေး တိုးတက်အောင် လုပ်ဆောင်ဖို့အတွက် ကြိုတင်လိုအပ်ချက်တွေ ဖြစ်ပါတယ်။ အိမ်ထောင်စု ၇၀ ရာခိုင်နှုန်းဟာ လျှပ်စစ်မီး ဖြန့်ဖြူးတဲ့ကြိုးတွေ မရှိတာကိုလည်း တည်ဆောက်ရမှာ ဖြစ်သလို ဒါကိုလည်း ဖြေရှင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီနောက် ဈေးကွက်ကို ဖန်တီးရမှာ ဖြစ်ပါတယ်။ အနာဂတ်မှာလည်း ကြီးမားတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေကို ဆုံးဖြတ်ပြီးရင်တော့ လုပ်ဆောင်တဲ့သူတွေက ဒေသတွင်းဈေးကွက်ကို သွားကြည့်ရမှာ ဖြစ်ပါတယ်။ ဘာလိုလဲဆိုတော့ ဒီတိုင်းပြည်မှာ လျှပ်စစ်ဓာတ်အား တကယ့်ကို လိုအပ်နေလို့ ဖြစ်ပါတယ်။ ဒါဟာလည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အကြိုလိုအပ်ချက် ဖြစ်ပါတယ်။”

လူသားချင်း စာနာမှုဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုတဲ့အခါမှာ တချို့သော ပဋိပက္ခဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ အရေးတကြီး လိုအပ်နေပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ တချို့သော နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ MoU ရပ်လိုက်တာတွေလည်း ရှိနေပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ နော်ဝေရဲ့ ရပ်တည်မှုက ဘယ်လို ရှိပါသလဲ။

“လူသားချင်း စာနာမှု အကူအညီတွေ ရရှိရေးအတွက် အရေးပါမှုကို မီးမောင်းထိုးပြဖို့ ကျနော်တို့အတွက်တော့ အရမ်းကို အရေးကြီးပါတယ်။ ခင်ဗျားတို့နိုင်ငံက လူဦးရေ သန်းဝက်နီးပါးဟာ ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်တွေ ဖြစ်ပါတယ်။ ဒီကိစ္စတွေဟာ တခြားသော ဖြစ်ရပ်တွေအပေါ် အကျိုးသက်ရောက်မှု ရှိပါတယ်။ HIV/AIDS ဖြစ်ရပ်မျိုးနဲ့ ဆေးပေးခန်းတွေကလည်း လိုအပ်ချက်တွေ ကြီးမားနေဆဲ ဖြစ်ပါတယ်။ သူတို့နဲ့ စကားပြောဆိုတဲ့နေရာမှာ ရခိုင်ပြည်နယ်အပါအ၀င် တခြားဒေသတွေမှာ ကွဲပြားတဲ့အဖွဲ့တွေရဲ့ ရောက်ရှိနိုင်ဖို့ကိစ္စတွေရဲ့ အရေးပါမှုကို ပြောဆိုဖြစ်ပါတယ်။ လူသားချင်း စာနာမှု အကူအညီတွေဟာ အခြေခံကျသလို အရေးပါတဲ့ အရာလည်း ဖြစ်ပါတယ်။ နိုင်ငံတိုင်းက အခြေခံကျကျ လုပ်ဆောင်သင့်ပါတယ်။ ကျနော် အမြင်အရဆိုရင်တော့ ခင်ဗျားတို့ တိုင်းပြည်မှာ ကြီးမားတဲ့ အခွင့်အလမ်းတွေ ရှိနေပါတယ်။ ကျနော် စင်ကာပူကနေ ရောက်လာပါတယ်။ အရင် နှစ် ၅၀ တုန်းက ဒီဒေသထဲမှာ အကြီးဆုံးတက္ကသိုလ်က ရန်ကုန်မှာ ရှိတယ်ဆိုတာ ဟိုက လူတွေက ပြောပါတယ်။ ဒါကို ပြန်ဖန်တီးဖို့က အရေးကြီးပါတယ်။ ဒါအပြင် ဒေသတွင်း စပါးကျီအဖြစ်လည်း ပြောဆိုပါတယ်။ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းတဲ့အခါမှာ ပိုမို ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ အတူ အစားအစာ ထုတ်လုပ်မှုတွေက ပိုမို မြင့်တက်လာမှာ ဖြစ်ပါတယ်။”

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို တားဆီးထားပါတယ်။ ဒီတားမြစ်ချက်ဟာ ၂၀၁၅ ရွေးကောက်ပွဲအထိ ဆက်ရှိနေမယ်ဆိုရင် နော်ဝေရဲ့ စေ့စပ် ဆွေးနွေးရေး နိုင်ငံခြားရေး ရပ်တည်ချက်က ဘယ်လိုရှိပါသလဲ။

“ခင်ဗျား ပြောသလိုပဲ ကျနော်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြန်တွေ့ခွင့်ရတာကို ဂုဏ်ယူပါတယ်။ ကျနော်တို့ ကောင်းကောင်း စကားပြောဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်တာတွေကိုလည်း ဆွေးနွေးဖြစ်ပါတယ်။ သူက လွှတ်တော် အကြောင်းသိသလို ဒါကိုလည်း အလေးအနက်ထား လုပ်ဆောင်နေပါတယ်။ ဒီကိစ္စတွေကိုလည်း ၀န်ကြီးတွေနဲ့ တွေ့တဲ့ အချိန်မှာ ကျနော်ဆွေးနွေးခဲ့ပါတယ်။ သူတို့က ရလဒ်ကောင်း ရှိလာမယ်ဆိုတဲ့ အာမခံချက်ကို ကျနော် ရခဲ့ပါတယ်။ ခင်ဗျားတို့နိုင်ငံ ဒီမိုကရေစီ အသွင်ပြောင်းလဲရေး ဖြစ်စဉ် တရားဝင် ဖြစ်ရေးကလည်း အရေးပါပါတယ်။”

မြန်မာပြည်သူတွေအတွက် နော်ဝေအစိုးရက ဘာများ ပြောချင်ပါသလဲ။

“ဒီအရမ်းကို အရေးပါတဲ့ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် နော်ဝေက တကယ့် စစ်မှန်တဲ့ လက်တွဲဖော်ဖြစ်ဖို့ ခံယူထားပါတယ်။ နိုင်ငံတ၀န်း အပစ်ခတ်ရပ်စဲဖို့၊ နိုင်ငံတ၀န်း ငြိမ်းချမ်းရေး၊ နိုင်ငံရေးနဲ့ လူမှုရေး ပြောင်းလဲမှုနဲ့ ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်ဖို့နဲ့ ဒီမိုကရေစီ ရေးတို့အတွက် ကျနော်တို့ တတ်နိုင်သလောက် ထောက်ပံ့သွားပါမယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013