DVB Logo
Home
မြန်မာသတင်း
အင်းစိန်အကျဉ်းထောင်တွင်း အခြေအနေ ပန်းချီပုံကြမ်းများ ထွက်ပေါ်
DVB
·
April 7, 2022
အင်းစိန်အကျဉ်းထောင်တွင်း အခြေအနေ ပန်းချီပုံကြမ်းများ ထွက်ပေါ်
1 / 5
Donate to DVB

အင်းစိန်အကျဉ်းထောင်က အကျဉ်းသားတွေ နေထိုင်နေရတဲ့ အခြေအနေကို သရုပ်ဖော်ထားတဲ့  ထောင်ထဲကနေ ခိုးထုတ်လာတဲ့ မင်ခြစ်ပန်းချီပုံကြမ်း ၁၄ ပုံနဲ့အတူ အကျဉ်းသားဟောင်း ၈ ဦးရဲ့ အင်တာဗျူးတွေကို   ရိုက်တာသတင်းဌာနက ထုတ်ဖော်ရေးသားလိုက်ပါတယ်။

မနှစ်က စစ်အာဏာသိမ်းပြီးကတည်းက အရေအတွက် ထောင်နဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းချုပ်ထားပြီး ပြင်ပလောကနဲ့ အဆက်အသွယ်ဖြတ်ထားတဲ့ မြန်မာနိုင်ငံရဲ့နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်အကျဉ်းထောင်အတွင်းက ရှားရှားပါးပါး ပုံရိပ်တွေကို   မြင်တွေ့ရပါတယ်။

အပြာရောင်မင်နဲ့ ရေးဆွဲထားတဲ့ ပုံကြမ်းတွေထဲမှာတော့ အမျိုးသား အကျဉ်းဆောင်မှာရေခပ်ဖို့ တန်းစီစောင့်နေရပုံတွေ၊ အပူဒဏ်ကြောင့် အကျဉ်းသားတွေ ကြမ်းပြင်မှာ လှဲအိပ်နေကြ၊ စကားပြောနေကြပုံတွေ စသဖြင့် အကျဉ်းခန်းအတွင်းက အကျဉ်းသားအုပ်စုတွေရဲ့နေ့စဉ်ဘဝတွေကို သရုပ်ဖော်ထားပါတယ်။

ဒါ့အပြင် မကြာသေးမီက လွတ်မြောက်လာသူ အကျဉ်းသားဟောင်း  ၈ ယောက်ရဲ့ ပြောကြားချက်အရ ကိုလိုနီခေတ်ကတည်းက ဆောက်လုပ်ထားတဲ့ ရန်ကုန်မြို့ရှိ အင်စိန် အကျဉ်းထောင်မှာ ကြွက်တွေသောင်းကျန်းလွန်းပြီး လာဘ်ပေးလာဘ်ယူများတဲ့ နေရာဖြစ်ကြောင်း၊ အကျဉ်းသားတွေဟာ ကြမ်းပြင်ပေါ်မှာ အိပ်စရာနေရာရဖို့ အခကြေးငွေပေးနေရပြီး ပျံ့နှံ့ဖြစ်ပွားနေတဲ့ရောဂါနဲ့ နေမကောင်းဖြစ်နေသူတွေကိုလည်း မကုသပေးဘူးလို့ သိရပါတယ်။ 

“ကျနော်တို့က သံတိုင်တွေနောက်မှာဆို လူသားတွေ မဟုတ်တော့ဘူး”လို့ အောက်တိုဘာလက ထောင်မှ လွတ်လာချိန်မှာ အကျဉ်းထောင်ထဲက ပုံကြမ်းတွေကို ခိုးထုတ်လာတဲ့ လူငယ်က ပြောပါတယ်။ 

သူဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာတွေနဲ့ ဆက်စပ်ပြီးတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအဝင် သူ မကျူးလွန်ဘူးလို့ငြင်းဆိုထားတဲ့ စွဲချက်တွေနဲ့ လနဲ့ချီ ထောင်ချခံခဲ့ရတာပါ။

ပန်းချီဆရာဟာ မနှစ်က ဧပြီလမှ ဇူလိုင်လအတွင်း ထောင်တွင်းပုံကြမ်းတွေကို ရေးဆွဲခဲ့တာဖြစ်ပြီး သူ လွတ်လာပြီးနောက်မှာ အင်တာဗျူးခံဖို့နဲ့ ထုတ်ပြောဖို့တွေကို ငြင်းဆန်ခဲ့ပြီးတော့ ထပ်အဖမ်းခံရမှာကြောက်တယ်လို့ သူ့ကို ပြောပြခဲ့တယ်လို့ ဆိုပါတယ်။ 

ပန်းချီဆရာဟာ သူ့ကို တောင်းဆိုရင် အကျဉ်းသားတွေရဲ့ပုံကို ဆွဲပေးတတ်ကြောင်း၊ သူ ဘယ်နားကိုသွားသွား အကျဉ်းထောင်မြင်ကွင်းတွေ ရေးဆွဲနေတတ်ပြီး၊ အဲလိုပုံဆွဲနေချိန်ဆို သူဟာ သက်သောင့်သက်သာ ရှိနေတတ်ပြီး သူ့အတွက်လည်း မွေးနေ့လက်ဆောင်အဖြစ် ပုံကြမ်းရေးဆွဲပေးခဲ့တယ်လို့ လူငယ်က ပြောပါတယ်။

သူ လွတ်မြောက်လာတဲ့အခါ သူငယ်ချင်းတွေ၊ မိသားစုနဲ့ တခြားသူတွေရဲ့ အခြေအနေတွေကို ချပြဖို့ ဒီပုံတွေကို သူ ခိုးထုတ်ခဲ့တယ်လို့ ပြောပါတယ်။ 

၁၈၇၁ ခုနှစ်က ဗြိတိသျှတို့ တည်ဆောက်ခဲ့တဲ့ အင်းစိန်ထောင်ဟာ မြန်မာနိုင်ငံမှာ အကြီးဆုံး အကျဉ်းထောင်ဖြစ်ပြီး အာဏာသိမ်းပြီးချိန်ကတည်းက အန်အယ်လ်ဒီအစိုးရအဖွဲ့ဝင်တွေနဲ့ ပါတီဝင်တွေ၊ ကျောင်းသားလူငယ်တွေ၊ သတင်းသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အနုပညာရှင်တွေအပါအဝင်  လူပေါင်း ၁၀,၀၇၂ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။

လူပေါင်း ၅၀၀၀၀ လောက်ဆံ့တဲ့ အကျဉ်းထောင်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းသားဦးရေ ၁၀၀၀၀ ကျော်အထိ တိုးလာကြောင်း AAPP မှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ထောင်ထဲမှာတော့ လူပြည့်ကျပ်နေမှုနဲ့အတူ ရေရှားပါးခြင်း၊ ရောဂါဘယတွေ၊ ပင်ပန်းနွမ်းနယ်ခြင်းတွေ၊ အကျဉ်းသားတွေကြားက ရန်ပွဲတွေနဲ့ ရှင်သန်ကြီးထွားလာတဲ့ လာဘ်ပေးလာဘ်ယူမှုတွေလည်း ရှိလာတယ်လို့ မကြာသေးခင်လတွေက လွတ်မြောက်လာတဲ့ လူတွေက ပြောပါတယ်။

အကျဉ်းသားဟောင်းတချို့ကတော့ အစောင့်တွေ ရိုက်နှက်တာကို မျက်မြင် ကြုံတွေ့ခဲ့ရပြီး ဆေးဘက်ဆိုင်ရာ ပံ့ပိုးမှု အနည်းငယ်သာရှိကြောင်း ပြောကြားခဲ့ပါတယ်။

“ဒီလိုကိစ္စတွေက ကျနော်တို့ရှေ့မှာ ဖြစ်ပျက်နေတာမို့လို့  ကျနော်တို့အနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြည်တွင်း အဖွဲ့အစည်းတွေဆီကနေ အရေးပေါ်အကူအညီတောင်းပါတယ်”လို့ တက်ကြွလှုပ်ရှားသူ ကိုနန်းလင်းက  ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက အင်းစိန်အကျဉ်းထောင်မှာ  ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေကြောင်း နိုင်ငံပိုင်မီဒီယာမှာ လူသိရှင်ကြား ထုတ်ပြန်ခဲ့ပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လူပြည့်ကျပ်နေတဲ့ အကျဉ်းထောင်ထဲမှာ ပြန့်ပွားနေတယ်လို့ အကျဉ်းသားဟောင်းတွေက ပြောပါတယ်။

AAPP ရဲ့အဆိုအရ အကျဉ်းသား ၁၀ ဦးထက်မနည်း ကိုဗစ်ရောဂါကြောင့် သေဆုံးသွားရတယ်လို့ သံသယရှိကြောင်း သိရပါတယ်။ 

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေဟာ သူတို့ကို ထောင်ထဲကို ဝင်ရောက်ခွင့် ငြင်းပယ်ခံထားရတယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Ref- Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013