DVB Logo
Home
မြန်မာသတင်း
ဗဟိုဘဏ်၏ မူဝါဒသစ်ကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းထိခိုက်၊ နိုင်ငံခြားကုမ္ပဏီများကို ကင်းလွတ်ခွင့်ပြုရန် သံရုံးအချို့ တောင်းဆို
DVB
·
April 7, 2022
ဗဟိုဘဏ်၏ မူဝါဒသစ်ကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းထိခိုက်၊ နိုင်ငံခြားကုမ္ပဏီများကို ကင်းလွတ်ခွင့်ပြုရန် သံရုံးအချို့ တောင်းဆို
Donate to DVB

စစ်ကောင်စီဗဟိုဘဏ်က ရုတ်တရက်ပြောင်းလဲလိုက်တဲ့ ညွှန်ကြားချက်ကြောင့် ဒေါ်လာငွေကြေး အပေါ်မှီတည်နေတဲ့ မြန်မာပြည်တွင်းက ပို့ကုန်၊သွင်းကုန် လုပ်ငန်းတွေ ရပ်နားရတော့မယ့် အခြေအနေရှိလာပြီး လာရောက်ရင်းနှီးမြုပ်နှံတဲ့ နိုင်ငံခြားသားပိုင် စီးပွားရေးလုပ်ငန်းတွေလည်း ထိခိုက်မှုရှိစေတယ်လို့ လုပ်ငန်းရှင်တွေနဲ့ သုတေသီတွေက ထောက်ပြ ပြောပါတယ်။

ပြည်တွင်းက နိုင်ငံခြားငွေဝင်သူတွေအနေနဲ့ အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၁၈၅၀ ကျပ်နှုန်းနဲ့ AD လိုင်စင်ရဘဏ်တွေမှာ အလုပ်လုပ်ရက် တရက်အတွင်း ပြန်လည်ရောင်းချဖို့၊ လိုက်နာခြင်းမရှိပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူမယ်လို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်ထားတာပါ။

ဒီညွှန်ကြားချက်ကြောင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းတွေက ရပ်နားရတော့မယ့် အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်တွေက ပြောပါတယ်။

ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်ကြီးတဦးက  “စည်းကမ်းချက်တွေ အများကြီး သတ်မှတ်လိုက်တဲ့အခါ ကျနော်တို့က ဘယ်လိုလုပ်ရမလဲတောင် မသိတော့ဘူးနော်။ တချို့ဟာဆို လိုင်စင်ဘယ်လို လျှောက်ရမလဲတောင် မသိတော့ဘူး။ ဥပမာ Land License နဲ့ ပတ်သက်ပြီး ဘာလုပ်ရမယ်ဆိုတာ မပါသေးဘူး။ အခု ကျနော်တို့လည်း ငွေသွင်းဖို့ ရှိနေတာ။ ဘဏ်ကို မေးတော့လည်း ဘယ်ဆီတင်ရမလဲ မသိဘူး ဖြစ်နေတယ်။ တချို့ကလည်း ကော်မတီဆီတင်လို့ ပြောတယ်။ ကော်မတီဆီကလည်း ညွှန်ကြားချက် မလာသေးဘူး။ ဒါမျိုးတွေ ဖြစ်နေတော့ အခု လောလောဆယ်မှာ ဘာလုပ်ရမှန်းမသိဘူး ဖြစ်နေတယ်။ အဲ့တော့ လုပ်ငန်းတွေလည်း ခဏရပ်ထားရတယ်။ ပြီးတော့ ကိုယ့်ဘဏ်ထဲကို ရောက်တဲ့ ပိုက်ဆံကိုကျတော့ ဘဏ်ဆီ ရောင်းရတယ်။ ကိုယ့်ဘာသာ ဒီငွေကို ပြန်လွှတ်ဖို့အတွက်ကြတော့ သုံးမရဘူး ဖြစ်နေတယ်လေ။ ဆိုတော့ လုပ်ရကိုင်ရတာ ခက်ကုန်တာပေါ့ဗျာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဧပြီ ၃ ရက်က ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်တွေ ထွက်ရှိလာပြီးတဲ့နောက် မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြုပ်နှံထားရှိတဲ့ ပြည်ပနိုင်ငံတွေထဲက မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနဲ့ စင် ကာပူသံရုံးတို့က ကြေညာချက်တွေအသီးသီးထုတ်ပြန်ပြီး ဒေါ်လာငွေကြေး ကိုင်ဆောင်မှုနဲ့ပတ်သက်လို့  သူတို့နိုင်ငံသား စီးပွားရေးလုပ်ငန်းတွေကို   ခြွင်းချက်အနေနဲ့ ကင်းလွတ်ခွင့်ပေးဖို့  တောင်းဆိုထားပါတယ်။

ဂျပန်သံရုံးကတော့ ဗဟိုဘဏ်ရဲ့ မူဝါဒသစ်ကြောင့်  မြန်မာနိုင်ငံတွင်း လုပ်ကိုင်နေကြတဲ့ ဂျပန်ကုမ္ပဏီတွေ အခက်အခဲများစွာ  ရင်ဆိုင်ရမှာဖြစ်ပြီး ဆက်လက်လုပ်ကိုင်ဖို့ ခက်ခဲလာမယ်လို့ ဧပြီ ၄ ရက်က  ထုတ်ပြန်ခဲ့ပါတယ်။

အလားတူ စင်ကာပူသံရုံးကလည်း မြန်မာနိုင်ငံမှာရှိကြတဲ့ သူတို့ရဲ့ စီးပွားရေး ကုမ္ပဏီတွေအနေနဲ့ ဆက်လက်လုပ်ကိုင်ကြဖို့  အခက်အခဲတွေ အများအပြား ကြုံတွေနိုင်တယ်လို့  ဧပြီ ၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ဒီတောင်းဆိုမှုနဲ့ပတ်သတ်ပြီး စီးပွားရေးသုတေသီတဦးက “သူတို့ တောင်းဆိုမှုကို ဒီဘက်က မလိုက်လျောရင် သူတို့ကလည်း မလုပ်တော့ဘူးပေါ့။ ဘာလို့လဲဆို သူတို့ တောင်းဆိုချက်ကို လိုက်လျောမှ လုပ်ငန်းတွေက လည်ပတ်လို့ရမှာလေ။ ဥပမာ မြန်မာပြည်မှာ အော်ရီဒူး ဆက်သွယ်ရေးကုမ္ပဏီဆိုရင် သူတို့ရလာတဲ့ ပိုက်ဆံက ကျပ်ငွေနဲ့ ရတာ။ အဲ့တော့ လကုန်တိုင်းမှာ သူက ဘဏ်တွေမှာ ဒေါ်လာပြန်လဲရတယ်။ ပြီးတော့မှ ရလာတဲ့ အမြတ်ငွေကို သူ့နိုင်ငံဆီ ပြန်ပို့ရတာနော်။ ဒီမှာ လာလုပ်နေတဲ့ နိုင်ငံခြားသား စီးပွားရေးသမားတွေက ရလာတဲ့ ကျပ်ငွေကို ဒေါ်လာနဲ့ ပြန်လဲကြတာ။ ဆိုတော့ ကျပ်ငွေပဲ ကိုင်ရမယ်။ ဒေါ်လာ မကိုင်ရဘူးဆိုရင် နိုင်ငံခြားသားလုပ်ငန်းရှင်တွေအဖို့က ဘယ်လိုမျှ အဆင်မပြေနိုင်ဘူး။ အခုက နိုင်ငံခြားသား မပြောနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေလည်း အဆင်မပြေလို့ ဆိုပြီး အော်နေကြပြီ။ အဲ့တော့ ကျနော်ထင်တယ်၊ ပို့ကုန်ကဏ္ဍအပြင် ပြည်တွင်းမှာ ဒေါ်လာနဲ့လည်ပတ်နေတဲ့လုပ်ငန်း အတွက်ကတော့ ထိခိုက်လိမ့်မယ်။ ပြီတော့ နောက်တချက်က စစ်ကောင်စီ ဆီမှာ နိုင်ငံခြားအရံငွေကြေးက တော်တော် ရှားနေပြီလို့ ခန့်မှန်းရတယ်။ ဒါကြောင့် ဒေါ်လာ ရှိတဲ့ သူတွေဆီက အတင်း လိုက်ညှစ်နေကြတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပို့ကုန်သမားအတွက်က ပို့ကုန်ရတဲ့ ဒေါ်လာငွေကို  ကျပ်ငွေနဲ့ လဲလှယ်ရာမှာ ဗဟိုဘဏ်သတ်မှတ်ဈေးနဲ့  ပြင်ပဈေးကွက်ပေါက်ဈေး ကွာဟနေတဲ့အတွက် ငွေပမာဏ များလာတာနဲ့အမျှ ဆုံးရှုံးနစ်နာမှု ကြီးကြီးမားမားရှိနေတာလည်း ဖြစ်ပါတယ်။ 

ဆန်နဲ့ ပဲမျိုးစုံကို ပြည်ပတင်ပို့နေတဲ့ ပို့ကုန်သမားတဦးကလည်း “ပို့ကုန်သမားအတွက်က ပို့ကုန်ရငွေက ၂၀၅၀ နဲ့ ၁၈၅၀ ကြားမှာဆိုတော့ ကျပ် ၂၀၀ လောက်ကွာဟနေတဲ့အတွက် အဲ့ဒီဟာအတွက်တော့ ဆုံးရှုံးမှုရှိတာပေါ့နော်။ ဒါကြောင့် ပို့ကုန်သမားအတွက်ကတော့ လောလောဆယ်မှာ ဒီဟာနဲ့တွက်ပြီး ရောင်းပေးရတဲ့အတွက် ရှုံးတယ်ဆိုပေမယ့် သူ့အတွက်က ဒီတခေါက်ပဲလေ။ ဒါပေမဲ့ နောက်ဆုံးအဆင့်က ဘာရှိလာမလဲဆိုရင် စျေးချပြီး ဝယ်လို့ ပို့ကုန်သမားကလည်း မကိုက်တဲ့အခါ ထုတ်လုပ်တဲ့သူ လယ်သမားအဆင့်ထိ ဒီသက်ရောက်မှုက အဆင့်ဆင့် ရှိလာနိုင်လို့ တဖြည်းဖြည်းနဲ့ ပြဿနာရှိလာနိုင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်အသစ်ကြောင့် ပို့ကုန် သွင်းကုန်လုပ်ငန်းတွေ၊ အထည်ချုပ် လုပ်ငန်းတွေ အပြင် ဒေါ်လာငွေနဲ့ အသုံးပြုလည်ပတ်နေကြတဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေက အစ NGO တွေအဆုံး သက်ရောက်မှုရှိလာမှာကို စိုးရိမ်နေကြပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013