
ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် အရပ်သား တယောက်သေဆုံးခဲ့ရမှုနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် (အေအေ)အဖွဲ့ရဲ့ ဖြေရှင်းချက်ကို လက်မခံဘူးလို့ သေဆုံးသူရဲ့ မိသားစုဝင်တွေက တုံ့ပြန်ပြောကြားလိုက်ပါတယ်။
မြောက်ဦးဒေသခံ ဦးမောင်ကြီးလှ သေဆုံးခဲ့တာဟာ အေအေအဖွဲ့ရဲ့ ဖမ်းဆီးထားစဉ် ရိုက်နှက်မှုကြောင့်မဟုတ်ဘဲ ဆီးချိုရောဂါအခံရှိတာကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ ဧပြီ ၅ ရက် သတင်းစာရှင်းလင်းပွဲမှာ အေအေ ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခက သတင်းထောက်တစ်ဦးရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့တာပါ။
“နှိက်စက်ညှဉ်းပန်းလို့ သေဆုံးသွားတာ လုံးဝမဟုတ်ပါ။ ဆေးရုံတင်စဉ် ကာလမှာ ကျနော်တို့မှာရှိတဲ့ ဆေးမှတ်တမ်းတွေ၊ နောက်ပြီးဆရာဝန်ပြောဆိုချက်တွေကို ကျနော်တို့ဆီမှာ အားလုံးကို သိမ်းထားတာရှိပါတယ်။ ခန္ဓာကိုယ်မှာ ညိုမဲနေတာတွေ မျက်ကွင်းတွေမှာ ပေါ်နေတာတွေက ဆီးချိုနဲ့ သေတဲ့အခါ အဲလို ပေါ်တတ်တာတွေဖြစ်ပါတယ်။ နောက်တစ်ခုက ကျနော်တို့က သေဆုံးသွားတဲ့သူကို ဆရာဝန်ရဲ့ နောက်ဆုံးစစ်ဆေးချက် မလုပ်လိုက်ရဘူး။ မလုပ်လိုက်ရတာက ဒီလူဟာ ဘာကြောင့် သေဆုံးသွားတယ်ဆိုတာကို ဆရာဝန်တွေ မလုပ်သေးခင် မိသားစုဝင်တွေက အတင်းအကျပ်ယူသွားတာကြောင့် ကျနော်တို့ဟာ လိုအပ်တဲ့ ခွဲစိတ်ပြီးတော့ ဆရာဝန်ရဲ့ တိကျတဲ့ ထွက်ဆိုချက်ကို ယူဖို့မရလိုက်ဘူး” လို့ ဦးခိုင်သုခက ဖြေကြားခဲ့တာပါ။
ဦးမောင်ကြီးလှဟာ အေသုံးလုံးလို့လူသိများတဲ့ ရခိုင်အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လူသတ်အလောင်းဖျောက်တဲ့ ကိစ္စတစ်ခုနဲ့ သူကို စစ်ဆေးနေတဲ့အချိန် သူ့မှာရှိတဲ့ ဆီးချို၊ အသည်းရောင်အသားဝါ၊ ကျောက်ကပ်မကောင်းတဲ့ ရောဂါတွေရှိတာမသိဘဲ မလိုလားအပ်တဲ့ မတော်တဆမှုတစ်ခုကြောင့် သေဆုံးသွားတာဖြစ်တယ်လို့လည်း ဦးခိုင်သုခက ပြောခဲ့ပါတယ်။
ဦးမောင်ကြီးလှ သေဆုံးမှုမှာ ပါဝင်တဲ့ စစ်ဆေးရေးမှူး ၂ ဦးကိုလည်း လက်ရှိမှာ အရေးယူထားသလို ပြစ်မှုနဲ့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကိုလည်း ပေးသွားမယ်လို့လည်းဆိုပါတယ်။
မြောက်ဦးမြို့နယ် မြို့မရပ်ကွက်နေ ဦးမောင်ကြီးလှကို အေအေအဖွဲ့က ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး မတ်လ ၃၀ ရက်နေ့မှာ သေဆုံးတဲ့အနေထားနဲ့ ဆေးရုံမှာ တွေရှိခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ဦးမောင်ကြီးလှမှာ ဆီးချိုရောဂါလည်း မရှိသလို ကျောက်ကပ်ရောဂါနဲ့ တခြားရောဂါတွေလည်း မရှိပဲ နှိက်စက်ခံရလို့ သေဆုံးသွားခဲ့တာသာ ဖြစ်တယ်လို့ ဦးမောင်ကြီးလှရဲ့ သမီးဖြစ်သူက ပြောပါတယ်။
“ကျမတို့အဖေက ၇ ရက်တိုင်တိုင် နှိက်စက်ခံရပြီး သေလာတာပါ။ ဆီးချို ၊ သွေးချိုရော ကျောက်ကပ်ရောဂါလည်းမရှိဘူး။ တခြား ရောဂါမှလည်းမရှိဘူး။ ညိုမဲနေတဲ့ ဒဏ်ရာတွေက လူတိုင်းကြည့်ရင်သိနိုင်ပါတယ်။ အဲဒါဆီးချိုနဲ့ သေတာလား၊ ဘာကြောင်းသေတယ်ဆိုတာ ထမင်းစားတဲ့ လူတိုင်းသိနိုင်တယ်။”
ဦးမောင်ကြီးလှမှာ အေသုံးလုံးအဖွဲ့ဝင် လုံးဝမဟုတ်ဘဲ ရခိုင်လူမျိုးဖြစ်တဲ့အတွက် စေတနာနဲ့ ကူညီပေးခဲ့တာတွေသာ ဖြစ်တယ်လို့ သမီးဖြစ်သူက ဆိုပါတယ်။
ဦးမောင်ကြီးလှ သေဆုံးမှုနဲ့ ပတ်သတ်ပြီး မိသားစုဝင်တွေကို ရပ်မိရပ်ဖ သံဃာတော်တွေရဲ့ ရှေ့မှာ မိသားစုစိတ်ကျေနပ်တဲ့ အထိတွေ့ဆုံပြောဆိုခဲ့ပြီးဖြစ်တယ်လို့ ခိုင်သုခက ပြောကြားခဲ့ပါတယ်။
အဲဒီလိုပြောကြားချက်နဲ့ ပတ်သတ်လို့ သမီးဖြစ်သူက ငြင်းချက်ထုတ်ပါတယ်။
“ကျမအဖေသေဆုံးမှုနဲ့ ပတ်သတ်မှုနဲ့ ပတ်သက်ပြီး အေအေဆီက ဘာမှအကြောင်းကြားတာ မရှိခဲ့ဘူး။ ကျမအဖေကိုသာ အားလုံးအပြစ်ပုံချခဲ့တယ်။ ဦးခိုင်သုခ ပြောခဲ့တာက ဆေးရုံကို တက်နေတယ်လို့ ကျမတို့က အလောင်းကို ရင်ခွဲရုံထဲမှာသာ တွေခဲ့တာပါ။ ဦးခိုင်သုခ ပြောခဲ့တာက ဆေးရုံတင်ထားလို့ပြောခဲ့ပြီး ဆေးရုံတက်နေတယ်ဆိုရင် သူတို့ ကျမတို့ဆီကို အကြောင်းကြားနိုင်တယ်။ လူသတ်မှုတွေမှာ ပါဝင်ခဲ့ရင်လည်း ကျမတို့ရှေ့က အပြစ်ပေးလို့ ရတယ်”လို့ပြောခဲ့ပါတယ်။
ULA/AA အနေနဲ့ သူတို့ရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အပိုင်းတွေမှာ အာဏာ အလွဲသုံးစားလုပ်မှုနဲ့ အဂတိလိုက်စားမှုတို့ကို လက်မခံပဲ အဲဒီလိုလုပ်ဆောင်နေတယ်ဆိုရင် အချက်အလက် အစုံအလင်နဲ့ တိုင်ကြားနိုင်သလို ဗဟိုကလည်း အဆိုပါ ကိစ္စတွေကို အထူးကြပ်မတ်မယ်လို့ ဧပြီလ ၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။