
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်အနောက်ခြမ်း၊ ကြောင်ဆင်းအိုင်ရွာအနီးရှိ တဲတွေကို စစ်တပ်က လေကြောင်းကနေ မတ် ၁၆ ရက် မနက် ၁၀ နာရီ ၁၄ မိနစ်မှာ ဗုံးကြဲပြီး ဒုံးကျည်နဲ့ပါ ပစ်ခတ်သွား တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
တန့်ဆည်ဒေသခံတယောက်က “မြေပြင်မှာ ဘာမှမရှိဘူး။ ရွာအပြင်ထွက်ပြီး ကြက်မွေးမြူရေးလုပ် နေကြတဲ့ တောတဲနေရာကို ကြဲချသွားတာ။ နောက်ပြီး Rocket တွေနဲ့လည်း ပစ်သွားတာ။ အဲဒီလို ဗုံကြဲချပြီး Rocketနဲ့ပါ ပစ်ခတ်လို့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီး တယောက် သေဆုံးခဲ့ ရတယ်”လို့ ပြောပါတယ်။
ကြောင်ဆင်းအိုင်ရွာဟာ ကံထူးမရွာအနောက်မြောက်ဘက်မှာ တည်ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။ အဆိုပါ စစ်လေယာဉ်ဟာ တံတားဦး လေတပ်ကနေ တက်လာတာဖြစ်ပြီး ပေါင် ၃၀၀ လို့ ယူဆရတဲ့ ဗုံး ၂ လုံး ကြဲတာနဲ့ ဒုံးကျည် ၃ လုံးနဲ့ အကြောင်းမဲ့ ပစ်ခတ်သွားတာလို့လည်း သိရပါတယ်။
တန့်ဆည်မြို့နယ် ရပ်ကျေးပအဖ အဖွဲ့ဝင်တယောက်က “သတင်းမှားပြီး နေရာမှား တိုက်ခိုက် တာလားတော့မသိဘူး။ အခု တိုက်ခိုက်ခံရတာက ကြောင်ဆင်းအိုင်ရွာရဲ့အနီးက တောတဲတွေကို ဗုံးကြဲချ ပစ်ခတ်ပြီး တိုက်ခိုက်သွားတာ။ အဆောက်အအုံတလုံးလည်း ပျက်စီးပြီး လူတဦးလည်း သေဆုံးခဲ့ရတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က မတ် ၁၅ ရက်ကလည်း ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အတွင်း ရွှေတူးဖော်ရာ နေရာကို လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ ရွှေမျောလုပ်သား ၇ ယောက်ထက်မနည်း သေဆုံးခဲ့ရပြီး ရွှေမျောဖောင် ၁၅ စီးပျက်စီးခဲ့ပါတယ်။










