
မန်စီးတီးအသင်းနဲ့ လမ်းခွဲတော့မဲ့ နည်းပြ ဂွါဒီယိုလာဟာ တနင်္ဂနွေနေ့မှာ ကစားမဲ့ အက်စတွန်ဗီလာနဲ့ နောက်ဆုံးပွဲစဉ်မတိုင်မီ မန်ချက်စတာမြို့လယ်ရှိ တိုက်ခန်းကနေ ပစ္စည်းတွေကို စတင်ရွှေ့ပြောင်းနေ ပါတယ်။
ဂွါဒီယိုလာဟာ မန်စီးတီးအသင်းကို ၁၀ နှစ်ကြာ ကိုင်တွယ်ခဲ့ပြီးနောက် အခုရာသီအကုန်မှာ ထွက်ခွာ တော့မှာ ဖြစ်ကြောင်း မေ ၂၃ ရက်က တရားဝင် အတည်ပြုခဲ့တာပါ။
အသက် ၅၅ နှစ်အရွယ် ကာတာလန်နည်းပြကြီးဟာ အယ်လ်တီဟတ်ကွင်းမှာ အဓိက ဆုဖလား ၁၇ လုံး အထိ ဆွတ်ခူးပေးခဲ့ပြီးနောက် ဘောလုံးလောကကနေ ခဏအနားယူကာ ဘာစီလိုနာမြို့ရှိ သူ့နေအိမ်မှာ ပြန်လည်နေထိုင်သွားဖို့ ရှိနေပါတယ်။
မန်စီးတီးအသင်းကလည်း သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကွင်းရဲ့ မြောက်ဘက်ပွဲကြည့်စင်ကို ဂွါဒီယိုလာ အမည် ပေးသွားမှာဖြစ်သလို ရုပ်တု တခုပါ သွန်းလုပ်ပေးသွားမှာ ဖြစ်ပါတယ်။
ချဲလ်ဆီး နည်းပြဟောင်း အန်ဇိုမာရက်စကာက ဂွါဒီယိုလာရဲ့ နေရာမှာ အစားထိုးဝင်ရောက်ဖို့ ရေပန်းစား နေပါတယ်။
Photo:Reuters










