DVB Logo
Home
မြန်မာသတင်း
၁၀၅ မိုင်တွင် ငရုတ်ကုန်တင်ကား ရာချီပိတ်မိနေပြီး သိန်းပေါင်းများစွာ ဆုံးရှုံးနေ
DVB
·
April 5, 2022
၁၀၅ မိုင်တွင် ငရုတ်ကုန်တင်ကား ရာချီပိတ်မိနေပြီး သိန်းပေါင်းများစွာ ဆုံးရှုံးနေ
Donate to DVB

မြန်မာဘက်ကနေ တရုတ်နိုင်ငံဘက်ကို ငရုတ်သီး တင်ပို့ရောင်းချခွင့် ပိတ်လိုက်တာကြောင့် ၁၀၅ မိုင်မှာ ငရုတ်ကုန်တင်ကား ရာချီ ပိတ်မိနေပြီး ကျပ်ငွေ သိန်းပေါင်းများစွာ ဆုံးရှုံးနေတယ်လို့ ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ 

မြန်မာနိုင်ငံရဲ့ အရှေ့မြောက် စီးပွားရေး တံခါးပေါက်ဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ တရုတ်ဘက် တင်ပို့မယ့် ငရုတ်တင် ကုန်တင်ကားအစီး ၁၇၁ စီး၊ ရွှေတြိဂံတိုင်း တာချီလိတ်ဘက်မှာ အစီး ၆၀ လောက် ပိတ်မိနေတယ်လို့  ကုန်တင်ယာဉ်ပိုင်ရှင်တွေက  ပြောပါတယ်။ 

“ကျနော်တို့ ၁၀၅ မိုင်ကတော့ ဟို အစီး ၁၇၁ စီး။ တာချီလိတ်ဘက်မှာတော့ ဘယ်နှစီးလဲ မသိဘူး။” လို့ ကုနသည်တဦးက ပြောပါတယ်။ 

ငရုတ်သီး ကုန်တင်ကားက တန် ၂၀ ဆံ့ ရိုးရိုးအအေးခန်းပါကားနဲ့ တန် ၃၂ တန်ဆံ့ တွဲကားဆိုပြီး ၂ မျိုးရှိရာမှာ  ရိုးရိုးကား၁ စီးမှာ ကျပ်သိန်း ၆၀၀ ကျော်၊ တွဲကာ ၁ စီးမှာ ကျပ် သိန်း ၉၀၀ ကျော်ဖိုးလောက် တင်ကြတယ်လို့ သိရပါတယ်။ 

ငရုတ်သီးအစို ၁ ပိဿာ ၅၀၀၀ ကျပ်လောက် ပေါက်ဈေးရှိပြီး ပိတ်မိနေတဲ့ ငရုတ်သီးတွေကိုတော့ အခြောက်လှန်းလိုက်ပေမယ့် အစိမ်း ၄ ပိဿာကို အခြောက် ၁ ပိဿာသာ ပြန်ရတဲ့အပြင် အခြောက် ၁ ပိဿာကို ၆၀၀၀ ဈေးနဲ့သာ ပြန်ရောင်းရတာကြောင့် ၅ ပုံ ၃ ပုံ ခန့် ဆုံးရှုံးနေရတယ် လို့ ဆိုပါတယ်။ 

"ငရုတ်သီးတွေ အရမ်း ရှုံးတယ်။ ဖြတ်လို့ မရလို့ အရမ်း ရှုံးနေတယ်။" လို့ ရွှေလီမြို့က မြန်မာ ကုန်သည် တယောက်က ပြောပါတယ်။ 

ပျမ်းမျှ ၁ ပိဿာကို ၅၀၀၀ ကျပ်နှုန်းနဲ့ တွက်ရင် တန် ၂၀ ကား ၁ စီးမှာ ကျပ် ၆၁၅ သိန်းဖိုး ဆုံးရှုံးနေရပြီး တန် ၃၀ ပါ ကား ၁ စီး မှာတော့ ကျပ် သိန်း ၉၀၀ ကျော်ဖိုးရှုံးနေလို့ ကားရာချီ တင်ပို့ မရတာကြောင့် သိန်းပေါင်းများစွာ ဆုံးရှုံးနေတာပါ။ 

လောလောဆယ် ဖရဲနဲ့ ငှက်ပျော ပေးဝင်ပေမယ့် ငရုတ်သီးကိုတော့ ကိုဗစ်ပိုးတွေ့တယ်လို့ ဆိုကာ ပိတ်ထားတာကြောင့် ဆုံးရှုံးမှုများနေတာလို့ ဆိုပါတယ်။ 

“မရဘူး။ ငရုတ်သီးက အအေးခန်း ပစ္စည်းဆိုတော့ ပေးမဝင်တော့ဘူး လောလောဆယ်” လို့ သူက ထပ်မံ ရှင်းပြပါတယ်။

တချို့ ငရုတ်ကုန်သည်တွေက ပင်လယ်လမ်းကြောင်းကနေ သင်္ဘောနဲ့ လမ်းကြောင်းရှာ တင်ပို့ နေတာတွေရှိတယ်လို့ နယ်စပ်ကုန်သည်တဦးက ပြောပါတယ်။ 

“ခုက တချို့ ပင်လယ်ကနေလည်း သွားနေတယ်။ သင်္ဘောနဲ့ပေါ့နော်။ တာချီလိတ်ဘက်မှာလည်း တချို့ ပိုင်တဲ့ သူတွေကရတယ်။ မပိုင်တဲ့သူက မရဘူး အဲလို ဖြစ်နေတာ။”

မြန်မာနိုင်ငံမှ ငရုတ်သီးကို တရုတ်နိုင်ငံဘက် အဓိက တင်ပို့နေရာ တရုတ်လမ်းကြောင်း ပိတ်လိုက်တာကြောင့် ပို့ကုန်သွင်းကုန်တွေကို မြဝတီလမ်းကိုသာ အားကိုးနေရပေမယ့် တိုက်ပွဲ ဖြစ်လာတာကြောင့် ကုန်သွယ်ရေး ရပ်တန့်သွားခဲ့ရတယ်လို့ ကုန်သည်လုပ်ငန်းရှင်တွေက ပြောပါတယ်။ 

တရုတ်ဘက်အပြင် မြန်မာ့ ငရုတ်တွေကို မြဝတီဘက်ကနေတဆင့် မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်ဝမ်နိုင်ငံတွေဘက်ကို အဓိက တင်ပို့နေတာပါ။ 

မြန်မာနိုင်ငံရဲ့ အဓိက ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်တဲ့ မူဆယ်-တရုတ်နယ်စပ် လမ်းကြောင်းသာမက မြဝတီ လမ်းကြောင်းဖြစ်တဲ့ ထိုင်းနယ်စပ်ဘက်ပါ ထိခိုက်ဆုံးရှုံးနစ်နာ နေရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013