DVB Logo
Home
မြန်မာသတင်း
ဗဟိုဘဏ် ညွှန်ကြားချက်အသစ်ကြောင့် ရွှေနှင့် ဒေါ်လာစျေးကွက်အပေါ် သက်ရောက်မှုရှိနိုင်
DVB
·
April 4, 2022
ဗဟိုဘဏ် ညွှန်ကြားချက်အသစ်ကြောင့် ရွှေနှင့် ဒေါ်လာစျေးကွက်အပေါ် သက်ရောက်မှုရှိနိုင်
Donate to DVB

မြန်မာပြည်တွင်း ဘဏ်စာရင်းတွေကိုဝင်ရောက်လာတဲ့ နိုင်ငံခြားငွေတွေကို တရက်အတွင်း လဲလှယ်ရမယ်လို့ စစ်ကောင်စီဗဟိုဘဏ်က အမိန့်ထုတ်လိုက်တာကြောင့် ပို့ကုန်၊သွင်းကုန်ကဏ္ဍအပြင် ရွှေနဲ့ ဒေါ်လာစျေးကွက်အပေါ်မှာ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့  စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဘဏ်နဲ့ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တဦးဖြစ်သူ ဒေါက်တာစိုးထွန်းက “exporter တွေရဲ့ ဘဏ်အကောင့်ထဲသို့ရောက်ရှိနေသောနိုင်ငံခြားငွေနှင့် ရောက်ရန်ရှိနေသည့် နိုင်ငံခြားငွေများသည် မူလတွက်ချက်ထားတဲ့ ၁ ဒေါ်လာကို (၂၀၅၀) ကျပ်နူန်းမှ (၁၈၅ဝကျပ်) သို့ လျှော့ချရောင်းချရမည်ဖြစ်သည့်အတွက်ကြောင့်(၁၀.၈%) ဆုံးရှုံးမည်ဖြစ်သည်။ ဥပမာအားဖြင့် အမေရိကန်ဒေါ်လာ၁သန်း ရောင်းချမည်ဆိုပါက ကျပ်သိန်း ၂ဝဝဝခန့် ဆုံးရှုံးမည်ဖြစ်သည်။ တခါ importerများအနေဖြင့် အရေးကြီးကုန်ပစ္စည်းအလိုက် ဘဏ်များမှ ၁ ဒေါ်လာလျှင် ကျပ် (၁၈၅၀++) ဖြင့် ဝယ်ယူနိင်မည်ဖြစ်သည်။ ဒေါ်လာဖြင့်ဝယ်ယူတင်သွင်းရသည့် စက်သုံးဆီ၊ စားသုံးဆီ၊ ဆေးဝါး၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများမှာ (export earning) နိုင်ငံခြားငွေအလုံအလောက်သာ ရောင်းချပေးနိင်ပါက မကြာမီအချိန်အတွင်း ၁၀ %ခန့် စျေးနှုန်းကျလာနိင်ပါသည်။ import permit ပိတ်ထားသော ကားများမှာတော့ စျေးမကျနိုင်ပါ။ ဒေါ်လာအရွက်နှင့်ရွှေစျေးက ယခုကြေညာချက်ကြောင့် ဒေါ်လာအရွက် စုဆောင်းထားသူများအပေါ်တွင်ချက်ချင်းသက်ရောက်မူမရှိသော်လည်း ရေရှည်တွင် စျေးနှုန်းကျဆင်း၍ export earning စျေးနှုန်းသို့ နီးကပ်သွားနိုင်ပါသည်။ ရွှေစျေးအနေဖြင့်ကမ္ဘာ့ရွှေပေါက်စျေးနှင့် exchange rate အပေါ်အခြေခံ၍ စျေးဖွင့်ခြင်းဖြစ်သောကြောင့် exchange rate ကျပါက ရွှေစျေးကျမည်ဖြစ်သည်” လို့ သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ သုံးသပ်ရေးထားတာတွေ့ရပါတယ်။

နိုင်ငံခြားငွေနဲ့ ဝင်ငွေရရှိတဲ့ ပြည်တွင်းမှာ နေထိုင်သူတွေအနေနဲ့ အမေရိကန် ၁ဒေါ်လာကို မြန်မာငွေ ၁၈၅၀ ကျပ်နှုန်းနဲ့  AD လိုင်စင်ရဘဏ်တွေမှာ အလုပ်လုပ်ရက် တရက်အတွင်းမှာ ပြန်လည်ရောင်းချဖို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဧပြီလ ၃ ရက်က ထုတ်ပြန်လိုက်တာပါ။

ထုတ်ပြန်ချက်အရ ပြည်တွင်း နေထိုင်သူတွေရဲ့ ပြည်ပမှ နိုင်ငံခြားသုံးငွေနဲ့ရတဲ့ငွေတွေကို မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ပေးပို့ပြီး နိုင်ငံခြားသုံးငွေတွေ ရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်း (AD) လိုင်စင်ရဘဏ်တွေမှာ နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ပြီး အလုပ်လုပ်ရက် တရက် အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရောင်းချရမယ်၊ ရောင်းချရာမှာ အမေရိကန် တဒေါ်လာကို မြန်မာငွေ ၁၈၅၀ ကျပ်ဖြင့် လဲလှယ် ပေးရမယ်လို့ ဆိုပါတယ်။

အလားတူ ဘဏ်နဲ့ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူတဦးက “အလုပ်လုပ်ရက် တရက်အတွင်းဆိုတာက တကယ်လို့များ ကိုယ်ရောက်လာတာက စနေနေ့မျိုး ဖြစ်ခဲ့လို့ရှိရင် အလုပ်လုပ် ရက်မဟုတ်တော့ဘူးလေ။ ဒီတော့ တနင်္လာနေ့မှာ သွားရောင်းပေါ့နော်။ တချို့တွေက ဘဏ်ပိတ်ရက်တွေနဲ့ ကြုံတာမျိုး ရှိနိုင် တယ်။ ပြီးတော့ အစိုးရ ရုံးပိတ်ရက်မျိုးဆိုရင်လည်း သူ ဘယ်လိုမျှ ရောင်းလို့ရမှာ မဟုတ်ဘူး။ ဆိုတော့ အလုပ်လုပ်ရက် ဆိုတာက အဲ့ဒါကို ရည်ညွှန်း ပြောတာပါ။ ရောင်းတာ ပြုတာနဲ့ ပတ်သတ်လို့ ဘဏ်တွေကလည်း customer သဘောမတူပဲ လုပ်လို့မရဘူး။ ဘဏ်တွေကတော့ ပြောမှာပေါ့နော်။ ရောင်းဖို့လုပ်တော့၊ မလုပ်ရင် သတ်မှတ်စည်းကမ်းချက်နဲ့ မကိုက်ညီလို့ ပြဿနာရှိနိုင်တယ်နော်။ တကယ်လို့များ ဗဟိုဘဏ်က ဒီသတ်မှတ် စည်းကမ်းချက်နဲ့ အညီ မလိုက်နာတဲ့သူတွေ ရှိရင် ပြောပါ ဆိုပြီး လုပ်နိုင်တယ်။ ဒီတော့ ဘဏ်တွေကလည်း ဗဟိုဘဏ်ရဲ့ ထိန်းကွပ်မှုအောက်မှာဆိုတော့ ဒီအချက်အလက်တွေကို တင်ပြပေးနိုင်တာပေါ့။ ဘာလို့လဲဆို သူတို့မှာ တာဝန်ရှိတဲ့အတွက် ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်ကို လိုက်နာကြရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ကတော့ ဒီအမိန့်ကို လိုက်နာခြင်းမရှိပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူခံရမယ်၊ တကယ်လို့ လိုက်နာဆောင်ရွက်ပါက ကင်းလွတ်ခွင့်ပြုမယ့် ကိစ္စရပ်တွေ သီးခြားထုတ်ပြန်ပေးသွားမယ်လို့ မက်လုံးပေးထားပါတယ်။

ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေ ရည်ညွှန်းငွေလဲလှယ်နှုန်းမှာ  ဧပြီလ ၄ ရက်က အမေရိကန် ၁ဒေါ်လာကို မြန်မာငွေ ၁၈၅၀ ကျပ် သတ်မှတ်ထားပြီး ငွေလဲကောင်တာစျေးနှုန်းမှာ ဝယ်စျေး ၁၈၅၀ ကျပ် နဲ့ ရောင်းစျေး ၁၈၆၀ ကျပ် ရှိပါတယ်။ ပြင်ပမှာ အရောင်းအဝယ်ဖြစ်နေတဲ့စျေးနှုန်းက ဝယ်စျေး ၂၀၁၀ ကျပ် နဲ့ ရောင်းစျေး ၂၀၃၀ ကျပ် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013