DVB Logo
Home
မြန်မာသတင်း
ဝန်ထမ်းပင်စင်သက်တမ်းတိုးမြှင့်မှု လူငယ်အရာရှိများအတွက် ရာထူးတက်ရန် အဟန့်အတားဖြစ်စေ
DVB
·
April 1, 2022
ဝန်ထမ်းပင်စင်သက်တမ်းတိုးမြှင့်မှု လူငယ်အရာရှိများအတွက် ရာထူးတက်ရန် အဟန့်အတားဖြစ်စေ
Donate to DVB

နိုင်ငံဝန်ထမ်းတွေရဲ့ သက်ပြည့်ပင်စင်ကာလကို စစ်ကောင်စီက ၂ နှစ်သက်တမ်း ထပ်တိုးလိုက်တာက မျိုးဆက်သစ် လူငယ် လူလတ်ပိုင်းတွေအတွက်တော့ အနာဂတ်မှာ ရာထူးတက်ရေးကို ပိတ်ပင်တားဆီးလိုက်တဲ့ ဆိုးကျိုး ဖြစ်ပေါ်စေတယ်လို့ စီမံခန့်ခွဲမှုရေးရာကျွမ်းကျင်သူတွေက ထောက်ပြပြောပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေအနေဖြင့် အငြိမ်းစားယူရမယ့် အသက်ကို ၆၂ နှစ်အထိ ပြင်ဆင်သတ်မှတ်လိုက်ကြောင်း အာဏာသိမ်း စစ်ကောင်စီက မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ယင်းထုတ်ပြန်ကြေညာချက်အရ နိုင်ငံတော်ရဲ့ လူ့စွမ်းအားအရင်းအမြစ်ကို ထိန်းသိမ်းဖို့၊ လုပ်သက်ရင့် နိုင်ငံ့ဝန်ထမ်းတွေရဲ့ လုပ်ငန်းအတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတို့အရ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးမှာ ဆက်လက် အထောက်အကူပြုစေဖို့ လုပ်ငန်းကျွမ်းကျင်တဲ့ လုပ်သက်ရင့် နိုင်ငံ့ဝန်ထမ်းတွေကို နိုင်ငံတော်က ဆက်လက် ချီးမြှောက်ဖို့  အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ လမ်းညွှန်မှုအရ အခုလို သတ်မှတ်လိုက်တာလို့ ဆိုပါတယ်။

အခုလို ပြင်ဆင်လိုက်တဲ့အပေါ် စီမံခန့်ခွဲမှုရေးရာကျွမ်းကျင်သူတဦးက “အစိုးရဝန်ထမ်း ဌာနတွေမှာ အသက် ၄ဝ ကျော် လူလတ်ပိုင်းအရွယ်ထဲမှာ တချို့ဆိုရင် လုပ်ရည်ကိုင်ရည် ရှိကြတယ်၊ အစွမ်းအစလည်း ရှိကြတယ်။ ဒါကြောင့် သူက ညွှန်မှူးအဆင့်ထိ ရာထူးတက်ဖို့အရေးမှာ ယူနီဖောင်းချွတ်ပြီး ညွှန်မှူးရာထူး ယူထားတဲ့ မိုးကျရွှေကိုယ်တွေပေါ့နော်၊ သူတို့က အသက်က ၆၀ ပြည့်ခါနီးမှာ အခုလို သက်ပြည့်ပင်စင်သက်တမ်းကို ၂ နှစ်ထပ်တိုး လိုက်တဲ့အတွက် သူတို့မှာ လုပ်ပိုင်ခွင့်ကာလ ပိုရသွားစေတယ်။ ဒါမျိုးကတော့ မကောင်းဘူးဗျ။ ဘာလို့မကောင်းလဲဆို ဒီလို သက်တမ်းတိုးလိုက်တဲ့အတွက် ဆိုးကျိုးက အနာဂတ်မျိုးဆက်လူငယ်တွေအနေနဲ့ နေရာရဖို့ ခက်သွားစေတာပေါ့။ ဆိုတော့ လူငယ်တွေအတွက်က နေရာရဖို့ မလွယ်တော့ဘူး။ ဒီတော့ သူတို့အတွက်က ငါတို့ အရှေ့မှာ ပိတ်နေပြီ။ ဒီရာထူးကို ငါတို့ ရဖို့ မလွယ်တော့ဘူး ဆိုပြီး စိတ်ပိုင်းဆိုင်ရာခံစားမှုတွေ ဖြစ်ပေါ်စေနိုင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဝန်ထမ်းရေးရာဌာနမှာအမှုထမ်းခဲ့တဲ့ ဝန်ထမ်းဟောင်းတဦးကတော့ “တချို့ဝန်ထမ်းတွေက ဘာပဲပြောပြော အသက် ၆၀ ရောက်သွားပြီဆိုတာနဲ့ သူတို့က ပင်စင်ရောက်သွားပြီဆိုတော့ ဒီက သက်တမ်းတိုးမှသာ သူတို့က နေလို့ရတာနော်။ သက်တမ်းမတိုးရင် သူတို့ နေလို့ မရတော့ဘူးပေါ့။ အခုတော့ အသက် ၆၂ နှစ်အထိ တရားဝင် သက်တမ်းတိုးထားတဲ့အတွက်ကြောင့် ဆက်နေချင်တဲ့သူတွေအတွက်ကတော့ ကောင်းသွားတာပေါ့။ ပြီးတော့ ဒီပင်စင်သမားတွေအတွက် ပင်စင်တွက်ချက်တဲ့နေရာမှာ သူ့ရဲ့လုပ်သက်အပေါ် မူတည်ပြီးတော့ တွက်တာဖြစ်လို့ ၆၀ ကနေ ၆၂ နှစ်ဆိုတော့ ၂ နှစ် ပိုများလာတဲ့အတွက် ပင်စင်ခံစားခွင့်က ပိုများလာတာပေါ့။ ဒါက အသက် ၆၀ ပြည့်သွားပေမယ့် ဆက်နေချင်သေးတဲ့သူတွေအတွက်က ကောင်းတဲ့အချက်ပေါ့။ မကောင်းတဲ့အချက်ကတော့ ဘာပဲပြောပြော သူတို့က ၆၂ နှစ်အထိ လုပ်မှသာ သက်ပြည့်ပင်စင်ဆိုတာ ရတော့မယ်။ ဒါပေမဲ့ လုပ်သက်ပြည့်ဆိုတဲ့ ၃၀ နှစ်ရှိရင်တော့ လုပ်သက်ပြည့်ပင်စင် ဆိုတာ ယူလို့ရတယ်။ အဲဒီလိုမှမဟုတ်ရင် တခြားဆေးခွင့်တို့ ဘာတို့ အကြောင်းပြပြီးတော့ သွားရတာပေါ့။ ဒါက မလုပ်ချင်တော့တဲ့သူတွေ အတွက်ပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

နိုင်ငံဝန်ထမ်းဥပဒေ၏ အခန်း (၁) အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်အရ ဝန်ထမ်းဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်း တရပ်ရပ်၏ ဖွဲ့စည်းပုံပါ ရာထူး တခုခုတွင် ခန့်အပ်ခြင်းခံရသည့် နိုင်ငံဝန်ထမ်းကို ဆိုသည်။ ယင်းစကားရပ်တွင် ဤဥပဒေပါ ကိစ္စအလို့ငှာ တပ်မတော်သားများ နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ မပါဝင် လို့ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံ့ဝန်ထမ်းဦးရေ ၁၀ သိန်းကျော်ရှိကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့က အမျိုးသားဒီမိုကရေစီအစိုးရ အဖွဲ့လက်ထက်မှာ အစိုးရ၏ စတုတ္ထတနှစ်တာကာလအတွင်း ဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013