DVB Logo
Home
မြန်မာသတင်း
နတ္တလင်းမြို့နယ်တွင် PDF ထောက်ပံ့သည်ဟု စွပ်စွဲပြီး လူငယ် ၃ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
April 1, 2022
နတ္တလင်းမြို့နယ်တွင် PDF ထောက်ပံ့သည်ဟု စွပ်စွဲပြီး လူငယ် ၃ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
Donate to DVB

ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်၊ ညောင်လေးပင်ကျေးရွာက လူငယ် ၃ ယောက်ကို PDF ထောက်ပံ့သူလို့ စွပ်စွဲပြီး စစ်ကောင်စီတပ်တွေက  မေ ၃၁ ရက်နေ့မှာ ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ် ၃ ဦးထဲက တဦးကိုတော့ သေနတ်နဲ့ပစ်ပြီး ဖမ်းသွားတာလို့ နတ္တလင်းမြို့ခံတဦးက ပြောပါတယ်။

"သူတို့က ကိုမောင်ဆန်းတို့ လင်မယားရယ်၊ ကိုမင်းထွန်းရယ်၊ သူတို့ကို ညနေ ၃ နာရီ ကျော်လောက်မှာ လာဖမ်းသွားကြတာ၊ ကိုမောင်ဆန်းက အသက် ၂၆ နှစ်သာသာပဲရှိသေးတာ၊ သူ့မိန်းမကလည်း သူထက်တော့ငယ်တယ်၊ နာမည်တော့မသိဘူး။ ကိုမောင်ဆန်းက သူ့အဖေ၊အမေတို့နဲ့ ဂူကြီးရွာဘက်က ပြန်လာတာကို လမ်းကနေစောင့်ဖမ်းတာ၊ ကိုမောင်ဆန်းက ထွက်ပြေးမယ်လုပ်လို့ သေနတ်တွေနဲ့ ဝိုင်းပစ်ကြတာ၊ စစ်တပ်နဲ့ အရပ်ဝတ် အင်အား ၄၀ လောက်ရှိတယ်။ သေနတ်တွေနဲ့ ဝိုင်းပစ်ကြတာ ၇ ချက်လောက်ရှိတယ်။ ဒဏ်ရာက တော်တော်ပြင်းထန်မယ်ထင်တယ်။ သွေးတွေက အများကြီးထွက်တာ၊ လမ်းမှာ သွေးထွက်လွန်ပြီး တခုခုဖြစ်မှာ စိုးရိမ်ရတယ်။"

အဲဒီနောက် စစ်ကောင်စီတပ်တွေ ရွာထဲဝင်ပြီး ကိုမောင်ဆန်းမိန်းမနဲ့ ကိုမင်းထွန်းတို့ကိုပါ ထပ်ဖမ်းသွားတယ်လို့ ဆိုပါတယ်။

နောက်ထပ် အဖမ်းခံရတဲ့ ကိုမင်းထွန်းဟာ အသက် ၂၀ ကျော်လောက်ပဲရှိသေးပြီး တောင်ယာလုပ်ကိုင်နေသူဖြစ်ကာ PDF တွေကို ထောက်ပံ့တယ်လို့ စွပ်စွဲပြီး ခမရ ၅ တပ်က စစ်သားတွေက လာဖမ်းသွားတာလို့ ဒေသခံက ဆက်ပြောပါတယ်။

ညောင်လေးပင်ကျေးရွာမှာ အိမ်ခြေ ၃၀၀ ခန့်ရှိပြီး ပြီးခဲ့တဲ့လတည်းက PDF တွေကို ထောက်ပံ့နေတယ်လို့ စွပ်စွဲကာ စစ်ကောင်စီတပ်တွေက အကြိမ်ကြိမ်လာပြီး အိမ်တွေမီးရှို့တာ၊ အိမ်မွေးတိရစ္ဆာန်တွေနဲ့ ဆန်တွေ ယူဆောင်သွားတာတွေ လုပ်လေ့ရှိပြီး ဒေသခံရွာသားတွေကိုလည်း ရွာကနေ မတ်လ ၂၇  ရက်နေ့ အပြီးရွှေ့ပေးရမယ်လို့ နှင်ထုတ်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ နှင်ထုတ်မှုကြောင့် ရွာသားတွေဟာ အိမ်တွေ ရသလောက်ဖျက် ပုံထားပြီးတော့မှ တခါ အုပ်ချုပ်ရေးမှူးတွေကနေတဆင့် ပြန်လာနေဖို့ အကြောင်းကြားတာကြောင့် လတ်တလော နေစရာအိမ်တွေမရှိဘဲ ဒုက္ခရောက်နေကြပါတယ်။

ဒါပေမဲ့ ဒေသခံ အများစုကတော့ စစ်ကောင်စီကို ကြောက်တာကြောင့် တောထဲကနေ ရွာကို ပြန်မလာကြပါဘူး။

စစ်အာဏာသိမ်းပြီးကတည်းက ညောင်လေးပင် အပါအဝင် တောင်ညိုဆည်ထဲက အသုတ်၊ ရေကြည်၊ ရေနောက်၊ သဖန်းချောင်း၊ ဂွေးကြီး၊ ဘိုးကြီး စတဲ့ ကျေးရွာတွေက လူပေါင်း ၄၀ လောက်ကို စစ်ကောင်စီက ဖမ်းဆီးထားပြီး စစ်ကြောရေးမှာလည်း သေဆုံးသွားတာ ၅ ‌ေယောက်လောက်ရှိပြီလို့ ဒေသခံ တောင်သူလယ်သမားအရေး ဆောင်ရွက်နေသူ တဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013