DVB Logo
Home
Lead Story
အင်ဒိုနီးရှား ရိုးရာအစားအစာ ဘာ့က်ဆို စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး
DVB
·
March 1, 2014
အင်ဒိုနီးရှား ရိုးရာအစားအစာ ဘာ့က်ဆို စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး
Donate to DVB

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာ တိုးပွားလာတဲ့ လူလတ်တန်းစားတွေဟာ အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ငွေရှာနိုင်ဖို့ အခွင့်အရေးတွေကို စီစဉ် ပံ့ပိုးနေပါတယ်။

ကလေး ၃ ယောက် မိခင်ဖြစ်သူ ဆူနာရ်နီ ဆန်တိုဆိုဟာ အောင်မြင်တဲ့ စီးပွားရေးသမား တယောက် ဖြစ်ပြီး တနိုင်ငံလုံးမှာ စားစရာ စတိုးဆိုင်ပေါင်း ၃၀ ကျော်ရဲ့ ပိုင်ရှင်လည်း ဖြစ်ပါတယ်။

သူဟာ ရိုးရာ လမ်းဘေးစားစရာတမျိုးဖြစ်တဲ့ ဘာ့က်ဆို အသားလုံးခေါက်ဆွဲပြုတ်ကို အောင်အောင်မြင်မြင် ရောင်းချနေတာ ဖြစ်ပြီး၊ အဲဒီအစားအစာကို လူလတ်တန်းစား ဈေးကွက်အတွက် ဈေးဝယ်စင်တာ မောလ်တွေထဲက ကဖေးဆိုင်တွေထဲကို သွတ်သွင်း ရောင်းချလာခဲ့တာ ဖြစ်ပါတယ်။

Indonesia_Bakso_Business_web_140222_672_2ခေါက်ဆွဲဖတ်၊ ပဲငံပြာရည်အချိုနဲ့ ကြက်သွန်ဖြူတွေ ကြော်လှော်နေတဲ့အနံ့က ဘာ့က်ဆို လပန်ဂန် တမ်ဘာ့က် ဆီနယန်ဆိုင်ရဲ့ မီးဖိုချောင်ကနေ လွင့်ပျံ့ထွက်လာပါတယ်။

ခေတ်မီ လုပ်ငန်းဝတ်စုံ ၀တ်ဆင်ထားတဲ့ အသက် ၄၈ နှစ်အရွယ် ဆူနာရ်နီတယောက် မီးဖိုချောင်ကနေ ထွက်လာပါတယ်။

ဆူနာရ်နီဟာ ငယ်ရွယ်နုပျိုတဲ့ မျက်နှာပြင်ပေါ်မှာ ကြိုဆိုနှုတ်ဆက်တဲ့ အပြုံးနဲ့ ပြုံးပြနေပါတယ်။ ဆူနာရ်နီဟာ သူ့ရုံးခန်းထဲမှာ ထိုင်ချလိုက်ပြီးနောက်မှာတော့ သူ အင်ဒိုနီးရှားရိုးရာ လမ်းဘေးစားစရာကို နှစ်နှစ်သက်သက်နဲ့ တိုးတက်အောင် ဘယ်လို လုပ်ဆောင်ခဲ့တယ်ဆိုတာကို စပြီး ပြောပြပါတော့တယ်။

“ကျမကို အလယ်ဂျာဗားက ဆလာတီဂါမှာ မွေးတာပါ။ အလယ်ဂျာဗားမှာဆိုရင် ဘာ့က်ဆို ခေါက်ဆွဲပြုတ်ကို လူအတော်များများ ရောင်းကြတယ်။ ကျမတို့ ငယ်ငယ်ကတည်းကပဲ ဘာ့က်ဆို ခေါက်ဆွဲပြုတ်ကို စားနေကျပဲပေါ့။ ကျမတို့ ဒီကို ပြောင်းလာတဲ့အခါကျတော့ ကျမတို့ ဘာ့က်ဆို ခေါက်ဆွဲပြုတ်ကို အမြဲလိုလို ရှာမိတယ်။”

အင်ဒိုနီးရှားရိုးရာ အစားအသောက်တမျိုး ဖြစ်တဲ့ ဘာ့က်ဆိုဟာ ခေါက်ဆွဲဖတ်၊ ဟင်းသီးဟင်းရွက်၊ အသားလုံးတွေ၊ တို့ဖူးနဲ့ ကြက်သွန်နီကြော်လေးတွေ ပါဝင်တဲ့ စွပ်ပြုတ်ဟင်းရည် ဖြစ်ပါတယ်။

ဘာ့က်ဆို ခေါက်ဆွဲပြုတ်ကို အင်ဒိုနီးရှား တနိုင်ငံလုံးမှာ တွေ့နိုင်ပြီး အစဉ်အလာအရတော့ ရောင်းသူတွေဟာ လမ်းတွေပေါ်မှာ လှည်းတွေ တွန်းပြီး ရောင်းချလေ့ ရှိပါတယ်။
၂၀၀၃ ခုနှစ်မှာတော့ ဆူနာရ်နီဟာ ပလူ့ထ်မောလ် ဈေးဝယ်စင်တာမှာ သူ့ရဲ့ ဆီနာရန် စတိုးဆိုင်ကို ဖွင့်လှစ်ခဲ့ပါတယ်။

နောက် ၁ နှစ်လောက်မှာတော့ တချို့လမ်းဘေးဈေးသည်တွေဟာ ဘာ့က်ဆို အသားလုံး လုပ်ရာမှာ ကြွက်တွေရဲ့အသားကို သုံးနေတယ်လို့ နိုင်ငံပိုင် ရုပ်မြင်သံကြားဋ္ဌာနတခုကနေ သတင်းထုတ်ပြန်သွားပါတယ်။

ဂျကာတာက လူအတော်များများဟာ ကျန်းမာရေးအရ စိုးရိမ်ပူပန်မှုတွေကြောင့် လမ်းပေါ်မှာ ဘာ့က်ဆိုခေါက်ဆွဲပြုတ် စားသောက်တာတွေကို ရပ်ဆိုင်းလိုက်ဖို့ ကြွေးကြော် နေတာ ဖြစ်ပါတယ်။

လူ့အဖွဲ့အစည်းရဲ့ တုံ့ပြန်ချက်က သိပ်ကောင်းပါတယ်လို့ပဲ ပြောရမှာပါ။ ကျမလည်း အင်ဒိုနီးရှား တနိုင်ငံလုံးက မောလ်တွေမှာ ဖွင့်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ခုဆို စားသောက်ဆိုင် ၃၄ ဆိုင် ရှိသွားပါပြီ။

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်နေရတာဟာ အလုပ်လုပ်နေတဲ့ မိခင်တဦး ဖြစ်ဖို့ကို ပိုပြီးတောင် လွယ်ကူစေပါတယ်လို့ ဆူနာရ်နီက ပြောပါတယ်။

“အစပိုင်းကတော့ အိမ်ခြံမြေကုမ္ပဏီတခုမှာ ပညာရှင်တယောက်အဖြစ် အလုပ် လုပ်ခဲ့ပါတယ်။ ကျမက ကွန်ဒိုတွေ၊ တိုက်ခန်းတွေနဲ့ အိမ်ယာတွေကို ဈေးကွက်ရှာတဲ့ ဌာနမှာ လုပ်တာပါ။ နောက် ကျမ အိမ်ထောင် ကျသွားပြီးတော့ ပထမဆုံးကလေးကို ကိုယ်ဝန်လွယ်ထား ရတယ်လေ။ ဒါလည်း ကျမ စနေ၊ တနင်္ဂနွေနေ့တွေမှာ အလုပ် လုပ်နေတုန်းပဲ၊ ဘာလို့လဲဆိုတော့ ကျမက ကျမတို့ရဲ့ အိမ်ရာစီမံကိန်းတွေကို လူတွေကို ပြပေးရတယ်လေ။ နောက်တော့ ကျမ ဒုတိယကလေးကို ကိုယ်ဝန် ထပ်ဆောင်ရပြန်ရော။ ကျမရဲ့ လက်အောက်ဝန်ထမ်း ကောင်လေးတွေကို အဲဒီရက်မှာ မတွေ့ရဘူး။ ကျမ တော်တော်ကို ခံစားလိုက်ရတယ်။ အဲဒါနဲ့ ကျမလည်း ကျမကိုယ်တိုင်အတွက် အလုပ်လုပ်တော့မယ်လို့ တွေးလိုက်မိတယ်ပေါ့။ ကျမရဲ့ ကိုယ်ပိုင်စီးပွားရေး စလုပ်တော့မယ်ပေါ့။”

အလယ်ဂျာဗားကနေပဲ ဆူနာရ်နီရဲ့ ခင်ပွန်းဖြစ်သူကလည်း သူ့ရဲ့ စွန့်စွန့်စားစား စီးပွားရေးလုပ်ငန်းတွေကို အမြဲပဲ အားပေးကူညီပါတယ်။

“အစပိုင်းကတော့ ကျမလည်း စိုးရိမ်မိပါတယ်။ ဘာလို့လဲဆိုတော့ ဈေးဝယ်ကုန်တိုက် မောလ်ထဲမှာ ဆိုင်ခန်းငှားခကလည်း သိပ်ကို ဈေးကြီးတာ ဆိုတော့လေ။ ဒါပေမယ့် ကျမ အမျိုးသားက ကျမကို ကြိုးစားထားဖို့ အားပေးခဲ့ပါတယ်။ သူက ပြောတယ်။ ဒီအခြေအနေက မအောင်မြင်ဘူးဆိုရင် ကျမတို့ လုပ်ရမယ့်ကိစ္စတွေက လုပ်အားခတွေ ရှင်းပေးဖို့ပဲပေါ့နော်။ အဲဒီတော့ ကျမ ငွေရေးကြေးရေးကို သိပ်စိတ်မပူတော့ဘူး။ ဘာလို့လဲဆိုတော့ ကျမ အမျိုးသားကလည်း အလုပ်လုပ်နေတာ ဆိုတော့လေ။”

ဆူနာရ်နီရဲ့ခင်ပွန်းဟာ နေ့လည်စာစားဖို့ သူ့ရဲ့ ပထမဆုံး စတိုးဆိုင်ကို နေ့စဉ် လာလေ့ ရှိပါတယ်။ ဆူနာရ်နီဟာ သူ့ရဲ့ ဘာ့က်ဆို စတိုးဆိုင်တွေမှာ အလုပ်သမား ၉၀၀ လောက်ထိ ခန့်ထားတာပါ။ သူက အိမ်နီးချင်း သြစတြေးလျနိုင်ငံထိတောင် ဆိုင်တွေ ချဲ့မယ်လို့ နောက်ပြောင်ကျီစယ် ပြောပါတယ်။ ကိုယ်ပိုင်လုပ်ငန်း စလုပ်ချင်နေတဲ့ အမျိုးသမီးတွေအတွက် ဆူနာရ်နီရဲ့ အကြံပေးချက်ကတော့ ခြေလှမ်းသေးသေးတွေနဲ့ စလှမ်းပါ။ ချက်ချင်းကြီး ကြီးမား၊ ခမ်းနား၊ ကြီးကျယ်တာတွေ မဖြစ်ချင်ပါနဲ့။ ခြေလှမ်းသေးသေးလေးတွေနဲ့ စတင်ပြီး အဲဒီခြေလှမ်းလေးတွေပေါ်မှာပဲ တည်ဆောက် ကြည့်လိုက်ပါ။ နောက်တော့ ပိုက်ဆံ ဆိုတာကို ဖန်တီးလာနိုင်မှာပါလို့။

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် မစ်ရှဲလ်ရင်းမားက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကနေ သတင်းပေးပို့ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013