DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် တောရိုင်းတိရစ္ဆာန်များကို အွန်လိုင်းမှ တရားမဝင် ရောင်းဝယ်မှုများလာ
DVB
·
March 30, 2022
မြန်မာတွင် တောရိုင်းတိရစ္ဆာန်များကို အွန်လိုင်းမှ တရားမဝင် ရောင်းဝယ်မှုများလာ
Donate to DVB

မျိုးသုဉ်းဖို့ အန္တရာယ်ရှိနေတဲ့ တောရိုင်းတိရစ္ဆာန်တွေကို မြန်မာနိုင်ငံမှာ အွန်လိုင်းကတဆင့် တရားမဝင် ရောင်းဝယ် ဖောက်ကားနေတာ သိသိသာသာ တိုးမြင့်လာနေတယ်လို့ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ (WWF) က မတ်လ ၃၀ ရက် ဒီကနေ့  ထုတ်ပြန်ပါတယ်။

WWF ရဲ့  အာရှပစိဖိတ်ဒေသဆိုင်ရာရုံးရဲ့ သုတေသနမှတ်တမ်းသစ်အရ ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်ကြား ကာလအတွင်း မြန်မာနိုင်ငံမှာ တောရိုင်းတိရစ္ဆာန်ထွက် ကုန်ပစ္စည်းတွေကို ဖေ့စ်ဘွတ်ခ်ကတဆင့် ရောင်းဝယ်တာဟာ အရင်ကထက် ၇၄ ရာခိုင်နှုန်း တိုးမြင့်လာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်အတွင်း သက်ရှိတိရစ္ဆာန်၊ အစိတ်အပိုင်းတွေ၊ ပုံစံတဆင့်ပြောင်းလဲထားတဲ့ ပစ္စည်းတွေအဖြစ် ပုံစံအမျိုးမျိုးနဲ့ ရောင်းဝယ်ခဲ့ကြတဲ့ မျိုးစိတ်တွေရဲ့ သုံးပုံတပုံလောက်ဟာ ကမ္ဘာတဝန်း မျိုးသုဥ်းပျောက်ကွယ်ဖို့ အန္တရာယ်ရှိနေတဲ့ မျိုးစိတ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

​မှတ်တမ်းတင်ရခဲ့တဲ့ မျိုးစိတ်တွေရဲ့ ၇၁ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံရဲ့ ၂၀၁၈ ခုနှစ် ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ​ဥပဒေအရ လုံးဝ ကာကွယ်ထားတဲ့ မျိုးစိတ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

WWF ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မှတ်တမ်းတွေအရ ၂၀၂၁ ခုနှစ်အတွင်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရောင်းချခဲ့တဲ့ တောရိုင်းတိရစ္ဆာန်ပစ္စည်းပေါင်း ၁၁၀၀၀ ကျော်ရှိပြီး ဒီထဲမှာငှက်မျိုးစိတ်တွေက ၇၆ ရာခိုင်နှုန်းပါဝင်ပါတယ်။

ကျား၊ ကြောင်လို နို့တိုက်သတ္တဝါတွေက ၂၂ ရာခိုင်နှုန်းပါဝင်ပြီး သင်းခွေချပ်၊ လိပ်လို တွားသွားသတ္တဝါတွေက ၂ ရာခိုင်နှုန်းပါဝင်တယ်။

WWF ရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ တာဝန်ရှိသူတဦးဖြစ်တဲ့ ရှာန်မာတင်က “လူတိုင်းကလည်းလိုချင်တဲ့ တောရိုင်းတိရစ္ဆာန်ထွက်ကုန်ပစ္စည်းတွေကို အွန်လိုင်းမှာ လွယ်လွယ်ကူကူနဲ့ရှာဖွေပြီး ရောင်းဝယ်လို့ရတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ တကယ်လို့ ဒီလိုအပြုအမူတွေကို မပြောင်းလဲဘဲ လူတွေက ဆက်ပြီး တောရိုင်းတိရစ္ဆာန်တွေကို အိမ်မွေးတိရစ္ဆာန်တွေအဖြစ်မွေးနေကြမယ်၊ တောကောင်သားတွေကို စားသုံးနေကြမယ်၊ တိရစ္ဆာန်အစိတ်အပိုင်းကရတဲ့ ပစ္စည်းတွေကို လက်ဝတ်ရတနာတွေအဖြစ် သုံးနေကြမယ်၊ တိုင်းရင်းဆေးတွေမှာ သုံးနေကြဦးမယ်ဆိုရင်တော့ ကျနော်တို့ ပြန်ပေးဆပ်ရမှာက မြန်မာနိုင်ငံရဲ့ တောတောင်၊ ရေမြေ၊ ကောင်းကင်တွေမှာ တောရိုင်းတိရစ္ဆာန်တွေ ကင်းမဲ့လာမယ့် အခြေအနေပါ။ ပြည်သူ့ကျန်းမာရေးနဲ့ပတ်သက်ပြီး အကြီးအကျယ် ထိခိုက်နိုင်တဲ့ လူနဲ့ တိရစ္ဆာန်တွေကြား ကူးစက်နိုင်တဲ့ ရောဂါတွေလည်း ဖြစ်လာနိုင်ပါတယ်” လို့ ပြောပါတယ်။

ဒီလိုပစ္စည်းတွေကို ဝယ်မယ့်သူမရှိရင်၊ ရောင်းဝယ်ဖောက်ကားမှုကလည်း ရပ်တန့်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

အများပြည်သူ အသိပညာပေးလှုပ်ရှားမှုတခုဖြစ်တဲ့ မြန်မာ့တောကောင်လေးတို့အတွက် ရင်တွင်းစကားသံမှာ ပါဝင်ကူညီခဲ့သူ အဆိုတော်အိမ့်ချစ်က  “သဘာဝမှာရှိနေတဲ့ အရာတိုင်းမှာ သူတို့တည်ရှိနေရခြင်းရဲ့ ရည်ရွယ်ချက်ဆိုတာ ရှိပါတယ်။ တောရိုင်းတိရစ္ဆာန်တွေကို သူတို့ရဲ့ သဘာဝ ကျင်လည်ကျက်စားရာနေရာနဲ့ ဝေးကွာစေတာက အဲဒီ တိရစ္ဆာန်တွေ၊ ကျမတို့ရဲ့ လူမှု အသိုင်းအဝိုင်းတွေနဲ့ ကျမတို့ရဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက် ဖျက်စီးစေတာပါပဲ။ သူတို့ကို ချစ်တယ်၊ ကာကွယ်စောင့်ရှောက်ချင်တယ်ဆိုရင်တော့ သူတို့ ရှင်သန် ကျက်စားရာနေရာမှာပဲ သူတို့ကို လွတ်လွတ်လပ်လပ် ရှင်သန်စေပြီး အန္တရာယ်ကင်းအောင်သာ ဝိုင်းဝန်း စောင့်ရှောက် ပေးကြပါ” လို့ ပြောပါတယ်။

သဘာဝပတ်ဝန်းကျင်ရေးရာပြောင်းလဲတာတွေကို ပြည်သူတွေကိုယ်တိုင် အွန်လိုင်းမှာ သတင်းပို့ အချက်အလက်တွေဖြည့်စွက်နိုင်ဖို့ စီစဉ်ပေးနေတဲ့ ရုက္ခစိုးစီမံကိန်းကလည်း မွန်ပြည်နယ်ထဲမှာ ၂၀၂၁ ခုနှစ် ဧပြီလက ဝက်ဝံမျိုးစိတ်တချို့ ရောင်းချတာကို သတင်းပို့ချက်တွေအရ သိရပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ဩဂုတ်လအတွင်း တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်း ၆၀၀၀ လောက်ကို အွန်လိုင်းကနေ ရောင်းချခဲ့တာကိုလည်း သိခဲ့ရတယ်လို့ ဆိုပါတယ်။

ဖေ့စ်ဘွတ်ခ်မှာ အဝတ်နှာခေါင်းစည်းတွေ၊ လက်မှုအသုံးအဆောင်တွေရောင်းချနေသူတယောက်က “မြန်မာပြည်သူပြည်သား တော်တော်များများက ကာကွယ်ထားတဲ့ တောရိုင်းတိရစ္ဆာန်တွေက ဘာတွေလဲ၊ ဘာကြောင့် သူတို့ကို ကာကွယ်ထားတာလဲဆိုတာ မသိကြဘူး။ အင်တာနက် သုံးစွဲတဲ့ သူတွေကလည်း အများသူငါ မြင်အောင်တင်ထားတဲ့ အဲဒီလို ပို့စ်တွေ၊ group တွေကို တွေ့ခဲ့တယ်ဆိုရင် ဖေ့စ်ဘွတ်ခ်ကို သတင်းပို့ တိုင်ကြားသင့်ပါတယ်။ ဒါမှလည်း ဖေ့စ်ဘွတ်ခ် ဘက်က လိုအပ်သလို ဆောင်ရွက်နိုင်မှာပါ။ ကျမတို့ရဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေ မိသားစုဝင်တွေကလည်း ဒီလို တရားမဝင်ကုန်သွယ်မှုကို အားပေးအားမြှောက်မပြုမိအောင် လုပ်ဆောင်ဖို့လိုပါတယ်” လို့ ပြောပါတယ်။

တောရိုင်းတိရစ္ဆာန်တွေကို အွန်လိုင်းကတဆင့် တရားမဝင် ရောင်းဝယ် ဖောက်ကားနေတာနဲ့ပတ်သက်ပြီး အများပြည်သူတွေရဲ့  ပြုမူဆောင်ရွက်တဲ့ အလေ့အထတွေ ပြောင်းလဲနိုင်စေဖို့ အသိပညာပေးသွားမယ်လို့ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) က ပြောပါတယ်။

Photo -WWF

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013