DVB Logo
Home
မြန်မာသတင်း
ရေဦးမြို့နယ်၌ ပြည်သူ့အုပ်ချုပ်ရေးစနစ် စတင်ရန်ကြိုးပမ်း၊ ပုလဲမြို့နယ်၌ စစ်တပ်ပစ်ခတ်မှုကြောင့် ရွာသားများ သေဆုံး
DVB
·
March 30, 2022
ရေဦးမြို့နယ်၌ ပြည်သူ့အုပ်ချုပ်ရေးစနစ် စတင်ရန်ကြိုးပမ်း၊ ပုလဲမြို့နယ်၌ စစ်တပ်ပစ်ခတ်မှုကြောင့် ရွာသားများ သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြည်သူ့အုပ်ချုပ်ရေးစနစ်ကို အသက်သွင်းနိုင်ဖို့ စတင်ကြိုးစားနေသလို ပုလဲမြို့နယ်မှာတော့ စစ်ကောင်စီက ရွာတွေထဲ လက်နက်ကြီးတွေ ပစ်ခတ်နေလို့ ရွာသားတွေ ထိခိုက်သေဆုံးကာ တောတောင်တွေထဲမှာ ပုန်းရှောင်နေရပါတယ်။ 

ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မြို့ဝင်မြို့ထွက်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး ရေဦးမြို့ရဲ့ တောင်ဘက်နဲ့ မြောက်ဘက်မှာ စစ်ရေးအရအသာစီး ရယူနေပါတယ်။

စစ်ကောင်စီတပ်တွေကလည်း  နယ်မြေထိန်းချုပ်ဖို့အတွက် နည်းလမ်းစုံနဲ့ ကြိုးစားနေသလို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလည်း ပြည်သူ့အုပ်ချုပ်ရေးကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားနေတယ်လို့ ရေဦး PDF တာဝန်ရှိသူ တယောက်က  ပြောပါတယ်။

ရေဦး PDF ခေါင်းဆောင်တစ်ဦးက “လောလောဆယ် စစ်(-)တွေ ငြိမ်နေတယ်။ ငါတို့လည်း အတွင်းပိုင်းထဲမှာ လုံခြုံရေးအတွက် လုပ်သင့်လုပ်ထိုက်တာတွေ လုပ်နေတယ်။ ပြင်ဆင်နေတယ်။ ပအဖ လုပ်ငန်းတွေ အသက်သွင်းနေတယ်။ ခင်ဦးနဲ့ ရေဦးကြားမှာတော့ စစ်တပ်က အကြောက်တရားသွင်းနေတာပဲလေ။ အလစ်သုတ်ထွက်လာတယ်။ ငါတို့ကို ချောင်းတယ်။ ငါတို့ကလည်း သူတို့မရှိတဲ့အချိန် လုပ်သင့်လုပ်ထိုက်တာတွေ ခပ်သွက်သွက်လုပ်နေတာပေါ့။”

မတ်လအတွင်း PDF တွေရဲ့ ပြောက်ကျားတိုက်ခိုက်မှုကြောင့် ရေဦးမြို့ပေါ်မှာ စစ်သား ၁၀ ယောက်ထက်မနည်း ရှင်းလင်းနိုင်ခဲ့ပြီး မြို့မြောက်ပိုင်းတိုက်ပွဲတွေကနေ ကာဘိုင် ၅ လက်အထိ သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရေဦး PDF၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဟာ တပေါင်းတစည်းတည်း ဖြစ်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့အသိအမှတ်ပြုမှုကိုလည်း ရရှိထားပါတယ်။

နိုင်ငံရေးနဲ့ စစ်ရေးတွေကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်နေပြီး မြို့နယ်အဆင့်မှာတော့ စစ်အာဏာရှင်အမြစ်ပြတ်ရှင်းလင်းရေးမူဝါဒကို ကိုင်စွဲထားတယ်လို့ ရေဦး PDF တာဝန်ရှိသူက ပြောပါတယ်။

ပုံတောင်-ပုံညာ-ယော-ဂန့်ဂေါလမ်းကို ထိန်းချုပ်နိုင်ဖို့ နယ်မြေအရ အရေးပါတဲ့ ပုလဲမြို့နယ်မှာတော့ စစ်ကောင်စီက ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ရွာသားတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

မတ်လ ၂၈ ရက်က ကြောင်သန်းရွာဘက်ကနေ လက်ပုဂံရွာထဲကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရွာသားတစ်ယောက် နေအိမ်မှာ သေဆုံးခဲ့ပါတယ်။

ဒီလိုဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ပွားနေတဲ့အတွက် ပုလဲမြို့နယ်ထဲက ဒေသခံပြည်သူတွေဟာ ရွာတွေထဲ မနေရဲတော့ဘဲ ဘေးလွတ်နိုင်မယ်ထင်တဲ့ တောတောင်တွေထဲမှာ ပုန်းခိုအိပ်စက်နေရပါတယ်။

ပုလဲဒေသခံ PDF တစ်ဦးက “မတ်လ ၂၈ ရက်နေ့ မနက် ၇ နာရီခွဲလောက်က မြောက်ဘက် ကြောင်သန်းရွာကနေ လှမ်းပစ်တာ။ ဘုန်းကြီးကျောင်းထဲကလို့ ပြောတာပဲ။ အဲဒါ ကျနော်တို့ရွာ အိမ်ထဲ လာကျလို့။ အသက် ၅၀ နီးပါး အမျိုးသားတစ်ယောက် ဒဏ်ရာရပြီး သေဆုံးသွားတယ်။ ဘာကြောင့်ဆိုတာ ကျနော်တို့လည်း မသိဘူး။ စစ်ကတော့ မြန်မြန်ပြီးတော့မှ အေးမှာ။ ဒီကောင်တွေ မြန်မြန်ကျဆုံးသွားမှ အေးမှာ။ ဘာလို့လဲဆိုတော့ ကျနော်တို့ ခြောက်လှန့်ပစ်တာဆို ရွာမရှိတဲ့နေရာကို ပစ်ရမှာလေ။ ရွာကိုတည့်တည့်ပစ်တယ်ဆိုတော့ ဒေသခံပြည်သူတွေကို ထိတာလေ။ အခုဆို တောထဲအိပ်ကြရတာ ဖြစ်ကုန်ပြီလေ။ ကြောင်သန်းရွာကလည်း ၆ ယောက် ဖမ်းသွားတယ်။ မင်းတိုင်ပင်ဘက် ထွက်သွားတယ် ပြောတယ်။ ပုလဲမြို့နယ်မှာ သူတို့မီးရှို့တာ ၁၂ ရွာတိတိရှိပြီ” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း မြို့နယ်တွေမှာ  စစ်ကောင်စီက အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတာ၊ လျှပ်စစ်မီးမရတာ၊ စက်သုံးဆီဈေး ကြီးမြင့်တာတွေကြောင့် ဒေသတွင်းစီး ပွားရေးလုပ်ငန်းအားလုံး ရပ်ဆိုင်းလုနီးပါး ဖြစ်နေပါတယ်။

ဒီနှစ်မှာ စိုက်ပျိုးရေးလုပ်ငန်းစုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကိုပဲ ဒေသခံတွေက စိုက်ပျိုးထားနိုင်တဲ့အတွက် နောင်နှစ်တွေမှာ စိုက်ပျိုးရေးလုပ်ငန်းအားလုံး မလည်ပတ်နိုင်တော့ဘဲ ကုန်ဈေးနှုန်းအဆမတန်ကြီးမြင့်ပြီး စားနပ်ရိက္ခာပြတ်တောက်တာကို ဒေသခံတွေ ကြုံတွေ့လာရနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013