DVB Logo
Home
မြန်မာသတင်း
၈၈ မျိုးဆက် ပုဒ်မ ၄၃၆ ပြင်ရေးကို ဦးတည်
DVB
·
February 28, 2014
၈၈ မျိုးဆက် ပုဒ်မ ၄၃၆ ပြင်ရေးကို ဦးတည်
Donate to DVB

ဦးမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ဦးစားပေးလုပ်ဆောင်မယ်လို့ မြို့နယ်အသီးသီးက အဖွဲ့ကိုယ်စားလှယ် ၂၀၀ ခန့်ကို အသိပေးကြေညာလိုက်ပါတယ်။

1939841_689402381117666_2133245859_nရန်ကုန်မြို့ ကျိုက္ကဆံ-ဓမ္မပီယ သာသနာ့ရိပ်သာမှာ နှစ်ရက်တာကျင်းပတဲ့ ဒီစုံညီအစည်းအဝေးကို မြို့နယ်ပေါင်း ၁၀၀ ကျော်က ကိုယ်စားလှယ်ပေါင်း ၂၀၀ ကျော် တက်ရောက်ပါတယ်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင် ဦးမင်းကိုနိုင်က စုံညီ အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အဓိက ကျတဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင် ရေးဟာ လတ်တလော အရေးအကြီးဆုံး ကိစ္စဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“ကျနော်ပြောပြီးပြီ။ ကျနော်တို့ တိုက်ဆိုင်တာရှိမယ်။ မတိုက်ဆိုင်တာရှိမယ်။ ဘယ်လိုမှ မနေတာရှိမယ်။ ဒါဟာ လူ့အဖွဲ့အစည်းဖြစ်တဲ့အတွက် လူတွေဟာ ပြဿနာပေါင်းစုံ ပုဒ်မပေါင်းစုံ၊ အကြောင်းအရာပေါင်းစုံကို တင်ကြ အော်ကြမှာပဲ။ ကျနော်တို့ဟာ ဦးစားပေးတွေရှိတယ်။ ဒီနေ့ကတော့ ကျနော်တို့ ရှင်းရှင်းလင်းလင်း တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ နောက်ဆုံး ပြောလိုက်ပြီ လိုအပ်လို့။ ၄၃၆ ဟာ ကျနော်တို့အတွက် အရေးကြီးဆုံး သွားရမယ့် လတ်တလော အရတော့ လက်ငင်းအလုပ်ပဲ။”
ပုဒ်မ ၄၃၆ ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ချင်ရင် ကိုယ်စားလှယ် ၅ ပုံ ၁ ပုံက တင်ပြရမယ်။ ကိုယ်စားလှယ်ဦးရေ လေးပုံသုံးပုံကျော်က ထောက်ခံရမယ်။ ပြီးတဲ့အခါ ဆန္ဒခံယူပွဲလုပ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေရဲ့ တ၀က်ကျော်က ထောက်ခံရမယ် စတဲ့ သတ်မှတ်ထားတာပါ။ ဒီအပေါ် ရွေးကောက်ခံမဟုတ်ဘဲ လွှတ်တော်တက်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်က မထောက်ခံရင် ပြင်မရတဲ့အခြေအနေလို့ ထောက်ပြနေကြ တာပါ။

ဦးမင်းကိုနိုင်က လွှတ်တော်ပြင်ပမှာလည်း နိုင်ငံရေးအားကောင်းဖို့လိုတဲ့အကြောင်းနဲ့ ဒီမိုကရေစီ အားကောင်းဖို့အတွက် အရပ်ဘက်အဖွဲ့အစည်း အားကောင်းဖို့လိုကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒီစုံညီ အစည်းအဝေးခေါ်ယူတဲ့ ရည်ရွယ်ချက်ကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းပြောခွင့်ရသူ ဦးဂျင်မီက ခုလို ပြောပါတယ်။

“ကျနော်တို့က အရင်တုန်းက ကွန်ရက်ပုံဖွဲ့စည်းထားတာလေ၊ အချက်နှစ်ချက်ပေါ့။ တချက် လုပ်ဖော်ကိုင်ဖက်အချင်းချင်း တနေရာတည်းမှာ တွေ့ဆုံပြီးတော့မှ ကျနော်တို့ ရင်းနှီးမှု ရအောင်ရယ်။ နောက်တချက် အလုပ်ပေါ့။ နောက်ပိုင်းဆက်လုပ်သွားမယ့် အလုပ်တွေမှာလည်း ချည်နှောင်မှု အားကောင်းကောင်းနဲ့ ဆက်သွယ်ရေး အားကောင်းကောင်းနဲ့ ဆက်ပြီးအလုပ်လုပ် သွားနိုင်ဖို့ရယ် အဲဒီနှစ်ချက်ပေါ့ အဓိက။”

ဒီစုံညီအစည်းအဝေးဟာ ရှစ်ဆယ့်ရှစ်မျိုးဆက် ခေါင်းဆောင်တွေအဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပူးတွဲပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို ပူးပေါင်းလုပ်ဆောင်မယ်။ နယ်ပယ်အသီးသီးကို သွားရောက်ပြီး လူထုကို စည်းရုံးမယ်ဆိုတဲ့ အစီအစဉ် ချမှတ်ပြီးနောက် ခေါ်ယူတဲ့ အစည်းအဝေးဖြစ်ပါတယ်။

ဒီစုံညီ အစည်းအဝေးပြီးတာနဲ့ ကနဦး လုပ်ဆောင်မယ့်အလုပ်နဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ဦးဂျင်မီက ခုလိုပြောပါတယ်။

“အန်တီစုနဲ့ ကျနော်တို့ ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်ရှိတယ်လေ။ ပုဒ် ၄၃၆ ကို ပြင်ဆင်ရေးပေါ့။ အဲဒါကတော့ ကျနော်တို့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမနဲ့ပတ်သက်လို့ကတော့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ကျနော်တို့ သွားပါလိမ့်မယ်။ နောက်တချက်က ဘာလဲဆိုတော့ ကျနော်တို့ ၈၈ မျိုးဆက်တွေက နယ်ပယ်အသီးသီးမှာ ဒေသခံပြည်သူတွေရဲ့ နစ်နာချက်တွေပေါ့။ အဲဒီ နစ်နာချက်တွေကို ကျနော်တို့က ဆောင်ရွက်ပေးနေရတဲ့အဖွဲ့အစည်းတွေပါ။ ဆိုတော့ ဒေသခံ ပြည်သူတွေရဲ့ နစ်နာချက်တွေကိုလည်း အရင်ကထက် ကျနော်တို့ ထိထိရောက်ရောက် ပိုပြီးတော့ ဆောင်ရွက်နိုင်အောင်ပေါ့။ အဲဒီကိစ္စကိုလည်း ကျနော်တို့ ဆက်ပြီးတော့ အကောင်အထည်ဖော်သွားပါမယ်။”

၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေဟာ ၁၉၈၈ ခုနှစ် သမိုင်းဝင် ရှစ်လေးလုံး လူထုအုံကြွမှုကာလတုန်းက ဦးဆောင်ခဲ့ကြတဲ့ ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်ကြပြီး တပ်မတော်အစိုးရလက်ထက်မှာ နှစ်ပေါင်းများစွာ ထောင်သွင်း အကျဉ်းချခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဖြစ်ပါတယ်။

စုံညီ အစည်းအဝေးကနေ ထွက်ပေါ်လာမယ့် သဘောတူညီချက် စည်းမျဉ်းစည်းကမ်း မူဝါဒတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ပေးသွားမယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013