DVB Logo
Home
Lead Story
ဆန်ရှင်ဆိုတာ ထိရောက်ရဲ့လား
DVB
·
March 29, 2022
ဆန်ရှင်ဆိုတာ ထိရောက်ရဲ့လား
Donate to DVB

မြန်မာပြည်မှာ ဓားပြတွေ ကြီးစိုးနေတာ တနှစ်ကျော် ကြာပါပြီ။ အဲဒီအချိန်မှာ ကမ္ဘာကြီးက ဘာလုပ်နေသလဲလို့ မေးခွန်းထုတ်ကြပါတယ်။ ကျနော်ကတော့ ကမ္ဘာကြီးက သူ့အလုပ်သူ လုပ်နေတယ်လို့ပဲ မြင်မိပါတယ်။

ကုလသမဂ္ဂက တံခါးဖွင့်လိုက်၊ တံခါးပိတ်လိုက် လုပ်ပါတယ်၊

အမေရိကန်က သူ့ဆီမှာတောင် အပြည့်အဝမရှိတဲ့ လူ့အခွင့်အရေးဆိုတာတွေကို တခြားနိုင်ငံတွေဆီ အတင်းထိုးရောင်းနေပါတယ်၊

တရုတ်က လူ့အခွင့်အရေး မရောင်းဘူး၊ လက်နက်တွေရောင်းပါတယ်။

ရုရှားကလည်း သူခိုးလက်ခံအလုပ်ကို လုပ်ပါတယ်၊

အာဆီယံက မြန်မာပြည်ထဲက ဓားပြ၊ သူခိုး၊ မှောင်ခိုအားလုံးဆီက တိုက်လို့ ခိုးလို့ရသမျှကို ဝှက်ပေးထားပါတယ်။

အိန္ဒိယကတော့ ကြောင်သူတော်ပါ။ ဓားပြ၊ သူခိုးတွေနဲ့ တိတ်တိတ်လေး အရောင်းအဝယ်လုပ်တယ်။ လူမိသွားရင် ပြန်ပေးတယ်။

ဩစတေးလျက နောက်ဖေးပေါက်ကဝင်ပြီး ဓားပြတွေဆီမှာ သူ့ပစ္စည်းလေးတွေ သွားပေါင်ထားတယ်။ လူမိတော့ အပေါင်ဆုံးမှာလည်း ကြောက်ရ၊ လူသိမှာလည်း ကြောက်ရနဲ့ အခုထိ ဘာဆိုဘာမှ ဆုံးဖြတ်ချက်မချရသေးပါဘူး၊

အာဆီယံကို ကြည့်လိုက်၊ ဂျပန်ကို ကြည့်လိုက်၊ ကိုရီးယားကို ကြည့်လိုက်နဲ့ပဲ ဆန်ရှင် လုပ်ရကောင်းနိုး၊ အပေါင်ပစ္စည်းတွေ အဆုံးခံပြီး ဆရာ ဖြစ်တဲ့ အန်ကယ်ဆန် ပြောသလို လုပ်ရကောင်းနိုး၊ အဲဒီ ကောင်းနိုးကောင်းနိုးတွေနဲ့ပဲ အခုထိ ကောင်းကောင်းမနိုးဘဲ အိပ်ခြင်ယောင်ဆောင်နေတုန်းပါ။

ဒါပါပဲ။

ကျနော်တို့လည်း ကိုယ့်အလုပ် ကိုယ်လုပ်ကြရမှာပါ။ ကမ္ဘာကြီးက ဘာတွေ လုပ်နေနေ၊ ကိုယ့်အလုပ် ကိုယ်မလုပ်ရင် ကိုယ်ပဲ ခံရမှာပါပဲ။

ကမ္ဘာ့အနောက်နိုင်ငံကြီးတွေက ဆန်ရှင် လုပ်ကြတယ်။ အရှေ့တိုင်းနိုင်ငံတွေက မလုပ်ဘူး။ တကယ်တော့ ဆန်ရှင်ဆိုတာက အယားပြေလုပ်တာပါ။ မထိရောက်ပါဘူး။ ဒါပေမဲ့ အနောက်နိုင်ငံတွေကလည်း ဒါမှမလုပ်ရင် လုပ်စရာမရှိလို့ လုပ်တာပါ။

အရှေ့တိုင်းနိုင်ငံတွေကတော့ မထိရောက်လို့ မလုပ်ဘူး။ ဒီထက်ပိုပြီး ဘာလုပ်နိုင်သလဲလို့ နည်းလမ်းရှာနေရင်းနဲ့ အချိန်ဖြုန်းနေကြမှာပါ။အနောက်နိုင်ငံတွေရဲ့ ဆန်ရှင် ဆိုတာကလည်း သူတို့ ရင်းနှီးမြှုပ်နှံမှုတွေ ထွက်သွားတော့မှ လုပ်တာပါ။

အဲဒီတော့ ဩစတေးလျနဲ့ နယူးဇီလန်လို အရှေ့မကျ၊ အနောက်မကျတဲ့ နိုင်ငံနှစ်နိုင်ငံ ယှဉ်ကြည့်ရင် နယူးဇီလန်က ဆန်ရှင်အပြည့် လုပ်တယ်။ ဩစတေးလျက မလုပ်ဘူး။

ရှင်းပါတယ်။ ဩစတေးလျရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက မြန်မာနိုင်ငံမှာ ကျန်နေသေးတယ်။

နယူးဇီလန်က အရင်ကတည်းက မြန်မာနဲ့ ကုန်သွယ်မှုရှိတာ မဟုတ်ဘူး။

အားလုံးက ကိုယ့်အကျိုးစီးပွားအတွက် ကိုယ်ကြည့်ပြီး လုပ်နေကြတာပါ။

ကျနော်တို့ကလည်း ကျနော်တို့ မြန်မာပြည်သူတွေ ဖိနှိပ်မှုက လွတ်မြောက်ဖို့က ကျနော်တို့ရဲ့ အဓိကပန်းတိုင်ပါ။

ဖိနှိပ်မှုက လွတ်ဖို့အတွက်က ဆန်ရှင်လည်း မထိရောက်ပါ၊ လက်နက်နဲ့ အနိုင်ကျင့်တဲ့သူကို လက်နက်နဲ့ ကာကွယ်မှပဲ ရမှာပါ။

ပြည်တွင်းက PDF တွေကို ပံ့ပိုးဖို့အလုပ်က ကျနော်တို့ရဲ့ အဓိကအလုပ်ပါပဲ။

ကိုယ့်အလုပ် ကိုယ်လုပ်ကြရအောင်၊ ကိုယ့်အလုပ်ကိုယ် မလုပ်ရင် လာမယ့်နှစ်တိုင်းမှာ အထိမ်းအမှတ်ပွဲတွေကို နိုင်ငံပြင်ပမှာပဲ ကျင်းပနေရပါလိမ့်မယ်။

အေးမင်း(တာမွေ)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013