DVB Logo
Home
မြန်မာသတင်း
ကရင်နီစစ်ဘေးရှောင်စခန်းများတွင် သောက်ရေရှားပါး ပြတ်လပ်နေ
DVB
·
March 28, 2022
ကရင်နီစစ်ဘေးရှောင်စခန်းများတွင် သောက်ရေရှားပါး ပြတ်လပ်နေ
Donate to DVB

ရှမ်း-ကယား နယ်စပ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြရတဲ့ ပြည်သူလူထုတွေဟာ သန့်ရှင်းတဲ့သောက်ရေရရှိဖို့ အကူအညီတွေ လိုအပ်နေပါတယ်။

ဖယ်ခုံမြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတခုမှာတော့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် စုစုပေါင်း လူဦးရေ ၇၀၀ ဝန်းကျင်လောက် ခိုလှုံနေကြရတာ ဖြစ်ပြီး သောက်ရေ အခက်အခဲဖြစ်နေတယ်လို့ စစ်ဘေးရှောင်မိသားစုတွေက ပြောပါတယ်

စစ်ဘေးရှောင် အမျိုးသမီးတဦးက “ကျန်းမာရေးနဲ့ ညီညွတ်အောင် ရေကို ကျိုချက်သောက်သုံးဖို့က ထင်းနဲ့ မီးသွေးကလည်း ရှားပါးနေတော့ ရေစိမ်းပဲ သောက်နေရတယ်၊ နေ့စဉ်ဝင်ငွေမရှိတော့ ရေသန့်လည်း ဝယ်မသောက်နိုင်ကြဘူး၊ ဒါ့ကြောင့် သန့်ရှင်းတဲ့ သောက်ရေ လိုအပ်နေတယ်”လို့ ပြောပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဖယ်ခုံမြို့နယ်အတွင်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်း အများစုမှာလည်း သောက်သုံးရေရှားပါးမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

ဒီးမော့ဆိုမြို့နယ်၊ ပန်ပတ်ကျေးရွာမှာ စစ်ဘေးရှောင်‌နေသူတဦးက  “ကျနော်တို့ စစ်ဘေးရှောင်စခန်းမှာ ရေချိုးဖို့မပြောနဲ့၊ ချက်ပြုတ်ဖို့ သုံးရေနဲ့ သောက်ရေတောင် မနည်းရဖို့ ရှာကြံနေရတယ်။ မိုင်နဲ့ချီဝေးတဲ့ ရေဦးရေထွက်တွေကနေ ကိုယ့်ရှိတဲ့ ဆိုင်ကယ်၊ ထော်လာဂျီ၊ ကားတွေနဲ့ သွားခပ်သယ်နေရတယ်။ လာလှူပေးတဲ့ အဖွဲ့တွေရှိပေမဲ့ လူအများနဲ့ဆိုတော့ မလုံလောက်ဘူး”လို့ ပြောပါတယ်။

ကယားပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းတွေမှာ လိုအပ်နေတဲ့ သောက်သုံးရေ လိုက်လံလှူဒါန်းပေး‌နေတဲ့ CDM မီးသတ်အဖွဲ့နဲ့ ပရဟိတလူမှုကူညီရေးအသင်းတွေ ရှိပါတယ်။

ဒါပေမဲ့ လက်ရှိ စက်သုံးဆီဈေးတက်တာရယ် စစ်ဘေးရှောင်စခန်းတွေ များပြားနေတာရယ်ကြောင့် ပြည်သူလူထုတွေရဲ့ သောက်သုံးရေလိုအပ်ချက်ကို အပြည့်အဝ ကူညီပေးနိုင်ဖို့ ခက်ခဲနေကြပါတယ်။

“ကျနော်တို့ဆီမှာ စစ်ဖြစ်နေတာဆိုတော့ ဆီဈေးတွေကလည်း အဆမတန်မြင့်တက်နေတယ်။ ‌စကစက ထိုးစစ်ဆင်နေတာကြောင့်လည်း စစ်ဘေးရှောင်တွေက ပိုများလာတယ်။ ပြည်သူတွေ လိုနေတဲ့ သောက်သုံးရေကို အပြည့်အဝကူညီပေးချင်ပေမဲ့ အခက်အခဲတွေကြောင့် အလှည့်ကျပဲ ပို့ပေးနေရတယ်”လို့ စစ်ဘေးရှောင်တွေကို သောက်သုံးရေလှူဒါန်းပေးနေတဲ့ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒီနှစ်ဖေဖော်ဝါရီလကစပြီ စစ်ကောင်စီတပ်တွေဟာ လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူသုံးပြီး နန်းမယ်ခုံ၊ ကျွန်းတော၊ ကုန်သာနဲ့ ဒေါငံခါးနယ်မြေတွေကို ထိုးစစ်ဆင်ထိန်းချုပ်ထားပါတယ်။ 

စစ်ကောင်စီတပ်က အင်အားသုံးထိန်းချုပ်ထားတဲ့ နယ်မြေတွေဟာ ဒေသခံပြည်သူတွေအတွက် ရေအရင်းအမြစ် အများဆုံးရရှိတဲ့ နေရာတွေဖြစ်တာကြောင့်လည်း သောင်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေဟာ သောက်သုံးရေရရှိဖို့ ပိုမိုခက်ခဲနေကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013