DVB Logo
Home
မြန်မာသတင်း
သိန်း ၂၀၀ အထက်ကားများကို ဘဏ်ငွေလွှဲအထောက်အထားတင်ပြနိုင်မှ ဝင်ငွေခွန်ဆောင်ခွင့်ပြု
DVB
·
March 28, 2022
သိန်း ၂၀၀ အထက်ကားများကို ဘဏ်ငွေလွှဲအထောက်အထားတင်ပြနိုင်မှ ဝင်ငွေခွန်ဆောင်ခွင့်ပြု
Donate to DVB

ကျပ်သိန်း ၂၀၀ အထက်တန်ဖိုးရှိတဲ့ ကားတွေကို ဝင်ငွေခွန် ဆောင်ရာမှာ ဘဏ်ငွေလွှဲအထောက်အထား တင်ပြနိုင်မှ ဆောင်ခွင့်ပေးမယ်ဆိုပြီး စစ်ကောင်စီက သတ်မှတ်လိုက်တယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူတွေက ပြောပါတယ်။

ပြည်တွင်းမှာ ငွေသားစီးဆင်းမှုက လိုအပ်ချက် ရှိလာတဲ့အတွက် ငွေသားသုံးစွဲမှုကို လျှော့ချနိုင်ဖို့ စစ်ကောင်စီက မည်သည့် အခြေပြပစ္စည်းကိုမဆို ဝယ်ယူတဲ့နေရာမှာ ငွေသားအနေနဲ့ ကျပ် သိန်း ၂၀၀ အထိသာ သုံးစွဲဖို့ ကန့်သတ်ထားတာပါ။ တကယ်လို့ ကျပ် သိန်း ၂၀၀ ထက် ကျော်လွန်ပါက ကျန်ရှိငွေပမာဏအား ဘဏ်ငွေစာရင်းနဲ့ချိတ်ဆက်ပြီး ပေးချေရမှာပါ။

စစ်ကောင်စီက အခုလို သတ်မှတ်လိုက်တဲ့အပေါ် ကားဝယ်ရောင်းစျေးကွက်မှာ ယခင်တင်သွင်းထားရှိတဲ့ ကားသစ်တွေအတွက် အခက်အခဲ ရှိလာနိုင်တယ်လို့ ကားအရောင်းစင်တာဖွင့်လှစ်ထားတဲ့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။ 

“အဓိကကတော့ ကားအသစ်တွေပါ။ ကားအဟောင်းတွေကတော့ ပြဿနာ မရှိဘူး။  ဘာလို့လဲဆို သူက နံပါတ်ယူစရာလိုဘူးလေ။ ဒါပေမယ့် ကားအသစ်(brand new) တွေ ဝယ်ယူပြီး နံပါတ် ယူတဲ့အခါ အခွန်သွားဆောင်ရတယ်နော်။ ဝင်ငွေခွန်ပေါ့။ ဝင်ငွေခွန်နဲ့ပတ်သက်ပြီး ပြနိုင်ရင်ပြပေါ့၊ မပြနိုင်ရင် အခွန်သွားဆောင်ရတယ်။ အခွန်ဆောင်တဲ့နေရာမှာ သတ်မှတ်ထားတာက သိန်း ၂၀၀ အထက်ဆိုရင် ဘဏ်ကနေ ငွေပေးချေဖို့ဆိုပြီး သတ်မှတ်ထားတာရှိတယ်။ ဆိုတော့ အဲ့ဒီ့ အထောက်အထား ပြနိုင်မှ ပေးဆောင်လို့ ရမယ်။” 

အလားတူ ကားဝယ်ရောင်းလုပ်ကိုင်နေသူတဦးကလည်း “ဒီမှာတော့ အများစုပေါ့၊ လက်ရှိရောင်းဝယ်နေတာက SKD (ပြည်တွင်းမှာ ပြန်လည်တပ်ဆင်တာ)ထုတ်ကားတွေ များပါတယ်။ ဆူဇူးကီး၊ ဟွန်ဒိုင်းတို့ ဒါတွေကလည်း နဂိုကတည်းက ဘဏ်အကောင့်နဲ့ လက်ခံပြီး ရောင်းနေတာပါ။ ဥပမာ ဆူဇူးကီးဆိုရင် ငွေသား ၁၀ သိန်းလောက်သာ လက်ခံပြီး ကျန်တာ ဘဏ်အကောင့်နဲ့ ရောင်းနေတာနော်။ ဆိုတော့ အများစုက ဘဏ်အကောင့်နဲ့ ပေးချေတာဖြစ်လို့ SKD (ပြည်တွင်းမှာ ပြန်လည်တပ်ဆင်ထုတ်လုပ်တဲ့) ကားတွေက ပြဿနာ မရှိပါဘူး။ ဒါပေမယ့် တခုတော့ရှိတယ်။ CDU ကားပေါ့။ အရင်တုန်းက သွင်းထားတဲ့ လက်ကျန်ကားတွေလေ။ သူတို့က ပါမစ်ကတော့ ပိတ်ထားတာ ကြာပါပြီ။ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလကတည်းက ကားတင်သွင်းခွင့်နဲ့ပတ်သက်ပြီး ပိတ်ထားတာ။ အဲ့ကား လက်ကျန်လေးတွေကတော့ ရှိနေသေးတယ်။ ဆိုတော့ သူတို့အတွက်ကတော့ နည်းနည်း ပြဿနာရှိနိုင်တယ်။ ဘာလို့လဲဆို အများစုက ငွေသားနဲ့ ရောင်းကြတာ။ အဲဒီတော့ နံပါတ်ယူတဲ့အခါ ဘဏ်အကောင့်နဲ့ ပြဖို့အတွက် သူတို့မှာ အခက်အခဲ ရှိနိုင်မယ် ထင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီက ကားတင်သွင်းခွင့်ပါမစ်ကို ပိတ်လိုက်တဲ့ အကျိုးဆက်ကြောင့် ရန်ကုန် ကားဝယ်ရောင်းစျေးကွက်မှာ ကားဟောင်းနဲ့ ကားသစ်တန်ဖိုးက စျေးတက်သွားခဲ့ရပြီး အရောင်းအဝယ်ကလည်း လက်ရှိအခြေအနေမှာတော့ သူ့ဟာနဲ့ သူ ရှိနေတယ်လို့ သိရပါတယ်။

ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ ငွေတွေနဲ့ပတ်သတ်ပြီး စစ်ကောင်စီက သတ်မှတ်ထားတဲ့ ပြည်ထောင်စု အခွန်အကောက်ဥပေဒအရ ငွေ ၁ ကျပ် မှ သိန်း ၃,၀၀၀ အထိကို ဝင်ငွေခွန် နှုန်းထား ၃ ရာခိုင်နှုန်း၊ ကျပ် သိန်း ၃,၀၀၀ မှ သိန်း ၆,၀၀၀ အထိကို ၅ ရာခိုင်နှုန်း၊ သိန်း ၆,၀၀၀ မှ သိန်း ၁၀,၀၀၀ အထိကို ၁၀ ရာခိုင်နှုန်း၊ သိန်း ၁၀,၀၀၀ မှ သိန်း ၃၀,၀၀၀ အထိကို ၁၅ ရာခိုင်နှုန်း၊ သိန်း ၃၀,၀၀၀ အထက်ကို ၃၀ ရာခိုင်နှုန်း ကျခံရမှာဖြစ်ပြီး ဒီဥပဒေကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၈ ရက်မှ မတ် ၃၁ ရက်အထိ အကျိုးသက်ရောက်စေရမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013