DVB Logo
Home
Lead Story
စကားလုံးပေါင်းချုပ်အသင်းကြီး
DVB
·
March 28, 2022
စကားလုံးပေါင်းချုပ်အသင်းကြီး
Donate to DVB

ဖေဖော်ဝါရီ ၂၄ မနက် ၆ နာရီလောက်မှာ သူငယ်ချင်းဆီကနေ ဖုန်းဝင်လာတော့ ကျနော် လန့်နိုးသွားတယ်။ အဲဒီတုန်းက ခါခိမြို့က အိမ်မှာ ကျနော် ရှိနေခဲ့ပါတယ်။ ခါခိ ဆိုတာက ယူကရိန်းနိုင်ငံရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး ရုရှားနယ်စပ်နဲ့လည်း နီးပါတယ်။ သူငယ်ချင်းက ပြောတယ်။ 

“စစ်ဖြစ်ပြီ” တဲ့။ 

အခန်းထဲမှာ နာရီဝက်လောက်​နေရင်း ကျနော် သတင်းတွေ‌ လျှောက်ဖတ်ကြည့်တယ်။ နောက် နာရီဝက်လောက်ကြာတော့ အားပြင်းတဲ့ ပေါက်ကွဲသံတသံကို ကျနော် ကြားလိုက်ရတယ်။

“စစ်ဖြစ်တာ သေချာသွားပြီ” ပေါ့။

ဒီနေ့ဆိုရင် စစ်ဖြစ်တာ ၂၇ ရက် ရှိပါပြီ။ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်ကြောင့် ထိခိုက်နစ်နာသူပေါင်း ၂၂၄၆ ယောက် ရှိသွားပါပြီ။ အဲဒီထဲကမှ ကလေး ၆၄ ယောက် အပါအဝင် သတ်ဖြတ်ခံရသူ ၈၄၇ ယောက်ရှိပြီး ၁၃၉၉ ယောက်ကတော့ ထိခိုက်ဒဏ်ရာ (ကလေး ၇၈ ယောက် အပါအဝင်) ရကြပါတယ်။ အဓိကကတော့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဖြစ်ရတာပါ။ ဒီအချက်အလက်တွေကို ကျနော်တို့ရဲ့ ကုလအဖွဲ့အစည်းကြီး UNHCR ရုံးက မတ်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဒီ‌နေ့နဲ့ဆို စစ်ဖြစ်တာ ၂၇ ရက်နေ့မြောက် ရှိပါပြီ။ ရုရှားရဲ့ ဗုံးဒဏ်​ကြောင့် ယူကရိန်းက ကျောင်းတွေ၊ မူကြိုကျောင်းတွေ၊ ဆေးရုံတွေ၊ ပြဇာတ်ရုံတွေ၊ စျေးတွေ၊ ရှော့ပင်းမောတွေ၊ လူနေရပ်ကွက်တွေ ပျက်စီးသွားပါပြီ။ ဒီပုံတွေကိုလည်း ကျနော်တို့ အားလုံး တွေ့မြင်ပြီးကြပါပြီ။ လူသေလောင်းတွေ၊ ဒဏ်ရာရလူတွေရဲ့ စိတ်ထိခိုက်စရာပုံတွေကိုလည်း ကျနော်တို့ မြင်ပြီးကြရောပေါ့။

အဆိုးရွားဆုံး အဖြစ်အပျက်ကတော့ အရပ်သားတွေ ပုန်းခိုနေတဲ့ မာရီယူပိုး ကပြဇာတ်ရုံကြီးကို ရုရှားတွေ ဗုံးကြဲလိုက်တာပဲ ဖြစ်ပါတယ်။ ရုရှား လေယာဉ်မှူးတွေ မြင်ရအောင်ဆိုပြီး အဲဒီ အဆောက်အအုံ ပတ်ပတ်လည်မှာ ရုရှားစာလုံးနဲ့ “ကလေးတွေရှိတယ်” လို့ကို ရေးထားပါသေးတယ်။ ဒါပေမဲ့ မရပါဘူး။ ဗုံးကြဲခံလိုက်ရပါတယ်။

ကျနော်တို့ ယူကရိန်းနိုင်ငံဟာ ဒီလိုဆိုးရွားလှတဲ့ ပြစ်မှုတွေ ခံနေရတာ ရက်ပေါင်း ၂၇ ရက်ရှိသွားပါပြီ။ ဒီစာဖတ်နေတဲ့ စာဖတ်သူအနေနဲ့ ဒါဟာ မကောင်းဘူး၊ စစ်ကို ချက်ချင်းရပ်တန့်ရမယ်လို့ ခံစားမိမယ်ဆိုတာ ကျနော် ယုံပါတယ်။ ဒါပေမဲ့ အခုလို သတ္ထန္တရကပ်ကြီးကို ရပ်တန့်ဖို့ ကမ္ဘာကြီးမှာ တရားဝင်အဖွဲ့အစည်းတွေ ရှိပါတယ်ဆိုတဲ့ အချက်ကိုတော့ဖြင့် ကျနော် သံသယဖြစ်မိပါတယ်။

ဟုတ်ပါတယ်။ UN ဆိုတာ ကမ္ဘာမှာ စစ်ပွဲတွေမဖြစ်‌အောင် တားဆီးဖို့၊ တားဆီးနိုင်တဲ့ သြဇာအကြီးမားဆုံး အဖွဲ့ကြီးတစ်ခုပါ။ ဒါကို ရုရှားက ပြည်သူတွေ အပါအဝင် ကမ္ဘာသူ ကမ္ဘာသားအားလုံး ကောင်းကောင်းကြီး သိပါတယ်။ ဒါကြောင့်မို့ UN သမိုင်းကြောင်းတွေ၊ ရည်ရွယ်ချက်တွေ ဘာတွေကို ဖော်ပြဖို့ လိုမယ် မထင်တော့ပါဘူး။ ဟုတ်ပြီ။ ဒါဆိုရင် အဲဒီ UN ဆိုတဲ့ဟာကြီးကနေ ကျနော်တို့ ဘာတွေ မျှော်လင့်လို့ရမတုန်း ခင်ဗျာ၊ ကြည့်လိုက်ကြရအောင်ပါ။

ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ကုလလုံခြုံရေးကောင်စီရဲ့ ယူကရိန်းအရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်မူကြမ်းတစ်ခု ထွက်လာပါတယ်။ အဲဒီမူကြမ်းအရ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်ကို အပြင်းထန်ဆုံး ရှုတ်ချထားကြပါတယ်။ အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၁၁ နိုင်ငံက ထောက်ခံမဲပေးခဲ့ကြပြီး တရုတ်၊ အိန္ဒိယနဲ့ ဆော်ဒီနိုင်ငံတွေက ကြားနေမဲပေးခဲ့ကြပါတယ်။ ဒီလို အများစု ထောက်ခံမဲပေးခဲ့ကြပေမဲ့ ရုရှားတနိုင်ငံတည်းရဲ့ ဗီတိုအာဏာကြောင့် အဆိုပါမူကြမ်းဟာ ပယ်ချခံလိုက်ရပါတယ်။ 

ဒီအစား ဖေဖော်ဝါရီ ၂၈ ရက်မှာ အဲဒီဆုံးဖြတ်ချက်မူကြမ်းနဲ့ ပတ်သက်ပြီး အထွေထွေညီလာခံ အရေးအပေါ်အစည်းအဝေးပြုလုပ်ကာ မဲပေးကြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

မတ်လ ၂ ရက်နေ့မှာ ရုရှားရဲ့ ကျူးကျော်စစ်ကို ရပ်တန့်ဖို့၊ စစ်တပ်တွေ ပြန်ရုပ်သိမ်းဖို့ဆိုပြီး အထွေထွေညီလာခံက ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ၁၄၁ နိုင်ငံ က ထောက်ခံပြီး ၁၅ နိုင်ငံကပဲ ကန့်ကွက်ခဲ့ကြပါတယ်။ ၃၅ နိုင်ငံက ကြားနေခဲ့ကြပါတယ်။ ကုလအကြီးအကဲဆိုသူ အတွင်းရေးမှူးချုပ် ဂူတာရက်ကလည်း “ငြိမ်းချမ်းရေးအတွက် လမ်းဖွင့်ပေးကြဖို့” ရုရှားကိုရော ယူကရိန်းကိုပါ တိုက်တွန်းခဲ့ပါတယ်။

ဒီလောက်ပါပဲ။ ကမ္ဘာ့သြဇာအရှိဆုံးဆိုတဲ့ အဖွဲ့အစည်းကြီးအနေနဲ့ အခုလို ကြောက်မက်ဖွယ် စစ်ပွဲကို ရပ်တန့်ဖို့ ကြိုးစားရာမှာ စကားလုံးတွေ၊ တောင်းဆိုချက်တွေကိုပဲ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါဆို ကျနော်တို့ ဘာတွေ မျှော်လင့်ကြဦးမလဲ။ သူတို့ရဲ့စကားလုံးတွေက ကျနော့်တိုင်းပြည်၊ ကျနော့်နိုင်ငံသားတွေကို ရုရှားရဲ့ သတ်ဖြတ်နေမှုကနေ မရပ်တန့်နိုင်ခဲ့ပါဘူး။ ဒါဟာ လူမှု​​ရေး၊ နိုင်ငံရေးမှာ UN အဖွဲ့ကြီးရဲ့ သြဇာမရှိတော့ဘူးဆိုတာ ကျနော်တို့ကို သဘောပေါက်လာစေတာလည်း ဖြစ်ပါတယ်။ တခြားတဘက်မှာတော့ အခုလို တေမိဇာတ်ခင်းနေတဲ့ UN ကြောင့် အဖိုးတန်တဲ့ အသက်ပေါင်းများစွာ ဆုံးရှုံးနေရပါပြီ။ ပြည်သူတွေရဲ့ အသက်ဟာ သူတို့ရဲ့ ပေါက်ပန်းလေးဆယ် စကားလုံးတွေလောက်သာ တန်ဖိုးရှိပါ‌တော့တယ်။

အခု ရုရှားလို အကြမ်းဖက်လုပ်ရပ်တွေကို ထိထိရောက်ရောက် ရပ်တန့်နိုင်ဖို့ဆိုရင် တရားဝင် အဖွဲ့အစည်းသစ်တွေ၊ ယန္တရားသစ်တွေ ဖွဲ့စည်းကြဖို့ ထင်ရှားလာပြီဆိုတာ ပြသနေပါတော့တယ်။ ဒီကိစ္စဟာ အသက်တမျှ အရေးကြီးလှပါတယ်။

အမေရိကန်ကွန်ဂရက်ကို မိန့်ခွန်းပြောတုန်းက ယူကရိန်းသမ္မတ ဇေလန်းစကီးက “ငြိမ်းချမ်းရေးအတွက် နိုင်ငံတွေအနေနဲ့ အဖွဲ့ ဖွဲ့စည်းကြဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် သူက “စစ်မဖြစ်အောင် တားဆီးပေးရမယ့် အဖွဲ့အစည်းတွေက အခုချိန်မှာ တုံဏှိဘာဝေလုပ်နေတဲ့အတွက် အလုပ်မဖြစ်တော့ပါဘူး။ ဒါကြောင့် အဖွဲ့အစည်းသစ်တွေ၊ သမဂ္ဂသစ်‌တွေဖွဲ့ဖို့ လိုအပ်တယ်ဆိုပြီး ပြောကြားသွားပါတယ်။ 

“ငြိမ်းချမ်းရေးအတွက် အဖွဲ့တွေ တည်ထောင်ဖို့ ကျနော် တောင်းဆိုပါတယ်။ ဘယ်လိုအဖွဲ့မျိုးလဲ ဆိုရင် တာဝန်ယူမှုရှိပြီး ပဋိပက္ခတွေကို ရပ်တန့်ဖို့ သိစိတ်ရှိရှိ၊ ခွန်အားရှိရှိ လုပ်နိုင်မယ့် အဖွဲ့ဝင်နိုင်ငံတွေပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့တွေဟာ နှစ်ဆယ့်လေးနာရီအတွင်း လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်ရပါမယ်။ လက်နက်လိုအပ်ရင် လက်နက်၊ အရေးယူပိတ်ဆို့မှု၊ လူသားချင်းစာနာမှုအရ ထောက်ပံ့မှု၊ နိုင်ငံရေးထောက်ပံ့မှု၊ ငွေကြေး အစရှိသဖြင့်.. ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်မယ့်ဟာမှန်သမျှ ထောက်ပံ့ပေးရပါမယ်” ဆိုပြီး ပြောကြားသွားပါတယ်။

ဟုတ်ပါတယ်။ အခု ကျနော် ပြောတဲ့အကြောင်းအရာတွေဟာ စစ်ရဲ့ အနိဋ္ဌာရုံတွေကို သုံးပတ်ကျော်လောက် မြင်ဖူးတဲ့သူတစ်ယောက်ရဲ့ သွေးရူးသွေးတန်း ပြောနေတာတွေ၊ အရေးမပါတဲ့ဟာတွေပါလို့ ခင်ဗျား ပြောနိုင်ပါတယ်။ ဒါပေမဲ့ ကျုပ်လိုလူ နောက်ထပ် ဘယ်သူပေါ်လာဦးမလဲ။ ဘယ်သူဆိုတာ တကယ်တော့ အရေးမကြီးပါဘူး။ ကျုပ်ကတော့ UN နောက်ထပ် ဘာတွေလုပ်မယ်ဆိုတာကို ကြိုမြင်နေတယ်။ စာဖတ်သူမိတ်‌ဆွေ ခင်များရော ဘယ်လို ထင်ပါသလဲ။

ဘာသာပြန်သူ-သပြေညို

Illus Fedin ၏ MARCH 23, 2022 တွင်ရေးသားသော The cost of Blah Blah Blah in the Ukraine Conflict ကို ဘာသာပြန်ဆိုပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013