DVB Logo
Home
မြန်မာသတင်း
သေဆုံး ပါတီဝင်နှင့် ထောက်ခံသူ ၁၂၀၀ ကျော်အတွက် ကြံ့ခိုင်ရေးပါတီက ကျောက်တိုင်စိုက်ထူ
DVB
·
March 26, 2022
သေဆုံး ပါတီဝင်နှင့် ထောက်ခံသူ   ၁၂၀၀ ကျော်အတွက် ကြံ့ခိုင်ရေးပါတီက ကျောက်တိုင်စိုက်ထူ
1 / 2
Donate to DVB

စစ်တပ်အာဏာသိမ်းပြီးနောက် သေဆုံးသွားခဲ့တဲ့  ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်နဲ့ ထောက်ခံဝန်းရံသူတွေအတွက် ဂုဏ်ပြုကျောက်တိုင်ကို မတ်လ ၂၆ ရက် ဒီမနက်ပိုင်းက နေပြည်တော်ရှိ  ပါတီဌာနချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ သေဆုံးခဲ့ကြတဲ့ ပါတီဝင်တွေ၊ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ ပါတီဝန်းရံသူတွေကို အောက်မေ့သတိရတဲ့အနေနဲ့ ၂ မိနစ်ငြိမ်သက်ပြီး ပါတီအလံကို တဝက်လျှော့ချလွှင့်တင်တာ၊ ကမ္ဗည်းမော်ကွန်းကျောက်တိုင်မှာ မီးထွန်းခဲ့တာတွေ လုပ်ခဲ့တယ်လို့ ပါတီက ထုတ်ပြန်ထားပြီး စုစုပေါင်း သေဆုံးသူ ၁၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ဒီပွဲကို ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနဲ့ ဇနီးအပါအဝင် ပါတီတာဝန်ရှိသူတွေ၊ ထွက်ပြေးတိမ်းရှောင်နေကြသူတွေ တက်ရောက်ကြတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၃ ရက်နေ့မှာ ကြံ့ခိုင်ရေးက ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ စစ်တပ်အာဏာသိမ်းထားတဲ့ ၇ လအတွင်း ကြံ့ခိုင်ရေးပါတီဝင်၊ မိသားစုနဲ့ ထောက်ခံအားပေးသူပေါင်း ၂၅၀ ကျော် အသတ်ခံခဲ့ရတယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံတဝန်း ဒေသအလိုက်ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်အာဏာ ရှင်ကို လက်နက်စွဲကိုင်တော်လှန်နေတဲ့ အဖွဲ့တွေက အာဏာသိမ်း အကြမ်းဖက်စစ်အုပ်ရဲ့ အပေါင်းပါတွေ၊ မဟာမိတ်ကြံ့ခိုင်ရေးပါတီဝင်တွေ၊ စွမ်းအားရှင်တွေ၊ ပျူစောထီးတွေ၊ သူလျှိုတွေ၊ ဒလန်တွေ သတင်းပေးတွေကို နေ့စဉ်လို့လို သုတ်သင်ရှင်းလင်းတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလအတွင်း အခု မတ် ၂၅ ရက်အထိ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်လို့ အပြစ်မဲ့ကျဆုံးပြည်သူ ၁,၇၀၇ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၂,၉၇၀ ယောက် ထိ ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ကျဆုံးသွားတဲ့ ပြည်သူတွေအတွက် ဂုဏ်ပြုတဲ့အနေနဲ့ ပြုလုပ်ထားတဲ့ အုပ်ဂူတွေကိုတော့ စစ်ကောင်စီက ဖျက်ဆီးပစ်ခဲ့ပါတယ်။ 

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၉,၉၃၀ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၈၇၃ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၅၂ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

သုတေသနအဖွဲ့အစည်းတခုဖြစ်တဲ့ Data for Myanmar ကလည်း မတ် ၂၂ ရက်အထိ အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေဟာ ပြည်သူတွေရဲ့ လူနေအိမ်ပေါင်း ၈၀၀၀ လောက်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Photo- USDP

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013