DVB Logo
Home
မြန်မာသတင်း
ဒုချီးရားတန်းပြဿနာနှင့်စပ်လျဉ်းပြီး MSF ကို လုပ်ငန်းလုပ်ခွင့် ရုပ်သိမ်း
DVB
·
February 27, 2014
Donate to DVB

ရခိုင်ပြည်နယ်မှာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေလုပ်ဆောင်နေတဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ကို လုပ်ငန်းတွေ လုပ်ကိုင်ခွင့်ပြုထားတဲ့ နားလည်မှုစာချွန်လွှာ (MoU) သဘောတူညီချက်ကို ရုပ်သိမ်းလိုက်ပြီလို့ မြန်မာအစိုးရ တာဝန်ရှိသူက အတည်ပြုပြောကြားလိုက်ပါတယ်။

display_f361491e95c3737840ebff12ac34713cပြီးခဲ့တဲ့ရက်ပိုင်းက စစ်တွေမြို့မှာ ရာနဲ့ချီတဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေက MSF အဖွဲ့ ရခိုင်ပြည်နယ်က ထွက်သွားဖို့ ဆန္ဒပြခဲ့ကြပြီးနောက် ခုလို လုပ်ငန်းတွေ ဆက်လုပ်ခွင့် ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။

ခုလို MoU ရုပ်သိမ်းရတဲ့ အကြောင်းရင်းဟာ ဒုချီးရားတန်းကျေးရွာပြဿနာနဲ့ ဆက်စပ်နေတယ်လို့ မြန်မာအစိုးရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

“နောက်ဆုံးဖြစ်ခဲ့တဲ့ ဒုချီးရားတန်းဖြစ်စဉ်မှာတော့ MSF အဖွဲ့က သူတို့ကိုယ်တိုင် သေနတ်ဒဏ်ရာ ရရှိသူတွေ၊ ဓားခုတ်ခံရသူတွေ ၁၅ ဦးလောက်ကို ရခိုင်ပြည်နယ်အစိုးရကို တရားဝင် စာရေးသလို နိုင်ငံတကာကိုလည်း ထုတ်ပြန် ပြောကြားတာတွေ လုပ်ခဲ့တယ်။ ဒီဘက်မှာ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရကနေပြီးတော့မှ အမှုမှန်ပေါ်ပေါက်ဖို့နဲ့ ကျူးလွန်သူရှိရင် အရေးယူ ဆောင်ရွက်ဖို့အတွက် အဲဒီလူတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ သူတို့ကုသပေးရ တယ်ဆိုတဲ့ လူတွေကို တွေ့နိုင်ဖို့အတွက် စီစဉ်ပေးပါဆိုပြီး ဆွေးနွေးခဲ့တာတွေရှိတယ်။ အဲဒီလိုပဲ ဒုချီးရားတန်းနဲ့ပတ်သက်လို့ သွားရောက်စုံစမ်းစစ်ဆေးတဲ့ ကော်မရှင် တွေကလည်း မေးမြန်းတာတွေ ရှိတယ်။ အဲဒီလို တေ့တေ့ဆိုင်ဆိုင်ပြောတဲ့အခါကြတော့ သူတို့ ဒီအထောက်အထားတွေ မပြနိုင်ပါဘူး။ သူတို့ရဲ့ ဒေသခံဝန်ထမ်းပြောပြချက်အရ ဒါကို သတင်းပို့တာဖြစ်ပါတယ်လို့ပဲ ပြန်ပြောတယ်။ MSF အနေနဲ့ သူတို့ သတင်းထုတ်ပြန်ချက်မှု အပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့အပြင် စစ်ဆေးတဲ့အခါမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိပါဘူးဆိုတဲ့ အချက်အလက်တွေ ပေါ်ထွက်လာတဲ့အခါမှာလည်း သူတို့ရဲ့ ထုတ်ပြန်ချက်ကိုလည်း ပြန်ရုပ်သိမ်းတာ မရှိဘူး။ အဲဒီတော့ သူ့ရဲ့ လုပ်ဆောင်ချက်တွေက ဒေသမှာ အထောက်အကူ ဖြစ်ရမယ့်အစား ဒေသတွင်း တင်းမာမှုကို မြင့်မားစေပြီးတော့မှ တရားဥပဒေ စိုးမိုးမှုကို ထိခိုက်လာစေနိုင်တဲ့ အတွက်ကြောင့်မို့လို့ ဒီစာချွန်လွှာကို ကျနော်တို့ဘက်က ဆုံးဖြတ်ခဲ့ရတာပဲ ဖြစ်ပါတယ်။”

MSF အဖွဲ့နဲ့ ကျန်းမာရေး ၀န်ကြီးဌာနတို့ သဘောတူ လက်မှတ်ထိုးထားတဲ့ မြန်မာနိုင်ငံတွင်း ကျန်းမာရေး ကူညီစောင့်ရှောက်ခွင့် လုပ်ငန်းတွေ လုပ်ကိုင်ခွင့် နားလည်မှု စာချွန်လွှာ MoU ဟာ ၂၀၁၃ ဇန်န၀ါရီလကတည်းက သက်တမ်းကုန်ဆုံးသွားတာဖြစ်ပြီး သက်တမ်းတိုးဖို့ ဆက်ဆွေးနွေးနေစဉ်အတွင်း ဆက်လက်လုပ်ဆောင်ခွင့် ပေးထားတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ် ပြန်ကြားရေး အဖွဲ့က ဦးဦးလှသိန်းကတော့ MoU ကုန်ဆုံးနေပြီဖြစ်တဲ့ MSFနဲ့ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ MoUကို ဆက်လက် လက်မှတ်မထိုးတော့တဲ့အကြာင်း ပြည်ထဲရေး ၀န်ကြီး ဌာနကလည်း အသင်းအဖွဲ့မှတ်ပုံတင်ထားတဲ့ အထဲက MSFကို ဆက်လက် မှတ်ပုံ တင်ခွင့်မပြုတော့တဲ့ အကြောင်း ရခိုင်ပြည်နယ်မှာ MSF လုပ်ငန်းတွေကို ဖေဖော်ဝါရီ ၂၆ ရက်နေ့က စတင်မလုပ်ဆောင်ဖို့ ခေါ်ယူပြောကြားခဲ့တယ်လို့ ပြောပါတယ်။

“ကျနော်တို့ ပြည်ထောင်စုအဆင့်ကနေပြီးတော့မှ ရောက်လာခြင်းဖြစ်ပါတယ်။ MOU ဆိုတာကတော့ ကျန်းမာရေးဝန်ကြီးဋ္ဌာနနဲ့ ထိုးတယ်လို့ သိရပါတယ်။ နောက် အသင်းအဖွဲ့ ဥပဒေအရ မှတ်ပုံတင်တာက ပြည်ထဲရေးမှာ မှတ်ပုံတင်တယ်လို့ သိရပါတယ်။ ဆိုတော့ ကျန်းမာရေး ၀န်ကြီးဋ္ဌာနက MOU မထိုးဘူး။ ပြည်ထဲရေးဝန်ကြီးဋ္ဌာနကလည်း မှတ်ပုံတင်ထားရာကနေ ဆက်လက်မှတ်ပုံတင်ခွင့် မပြုတော့ဘူးဆိုတာကို ပြည်ထောင်စုကနေ အကြောင်းကြားခြင်း ဖြစ်ပါတယ်။”

ဒီိကိစ္စ MSFကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Peter-Paul de Grooteက MoU ဖျက်သိမ်းတဲ့ကိစ္စ အကြောင်းကြားစာမရသေးကြောင်း၊ စစ်တွေမှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့က MSF ရဲ့ MoU နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့သလို ကျန်းမာရေး ၀န်ကြီးဌာနနဲ့ MoU ကို အပြီးသတ်နိုင်ဖို့အတွက် ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ အီးမေးနဲ့ ဖြေကြားခဲ့ပါတယ်။

မြန်မာ ပြန်ကြားရေး ဒုဝန်ကြီးကတော့ ကျန်းမာရေး ၀န်ကြီးဌာနအနေနဲ့ ဒီိကိစ္စ MSFကို ဘယ်တော့ အကြောင်းကြားမလဲ မသိရသေးပေမယ့် ဒီဆုံးဖြတ်ချက်ဟာ ခက်ခက်ခဲခဲ ချမှတ်ရတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံအနနဲ့ နိုင်ငံတကာက လူသားချင်း စာနာမှု အထောက်အပံ့ အကူအညီအတွက် နိုင်ငံတကာ အဖွဲ့အစည်း ပူးပေါင်းဆောင်ရွက်မှု လုပ်မယ်ဆိုတဲ့ ၀ါဒကို ပြောင်းလဲဖို့ မရှိဘူးလို့လည်း မြန်မာအစိုးရ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ကပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း ရခိုင်ပြည်နယ် ပေါက်တော မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ဒီအဖွဲ့ကို ဒေသခံတွေက ဆန္ဒပြကန့်ကွက်ခဲ့တဲ့အတွက် လုပ်ငန်းတချို့ကို ရပ်ဆိုင်းခဲ့ရဖူး ပါတယ်။

MSF အဖွဲ့ဟာ ၁၉၉၂ ခုနှစ်ကတည်းက ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနရဲ့ သဘောတူညီချက်နဲ့ မြန်မာပြည်မှာ ကျန်းမာရေး ကူညီစောင့်ရှောက်မှု လုပ်ငန်းတွေ လုပ်ကိုင်နေတာဖြစ်ပါတယ်။

လတ်တလော ရခိုင်၊ ကချင်၊ ရှမ်းပြည်နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီးတွေမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပြီး HIV/AIDS ဝေဒနာရှင် ၃ သောင်းနီးပါးကို ထောက်ပံ့ထားတယ်လို့ MSF အဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013