DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသား ၁၃၅ မျိုးနှင့်ပတ်သက်ပြီး သန်းခေါင်စာရင်းကောက်ပြီးမှ ပြင်ဆင်မည်
DVB
·
February 27, 2014
တိုင်းရင်းသား ၁၃၅ မျိုးနှင့်ပတ်သက်ပြီး သန်းခေါင်စာရင်းကောက်ပြီးမှ ပြင်ဆင်မည်
Donate to DVB

မြန်မာနိုင်ငံမှာ အစိုးရက အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသား ၁၃၅ မျိုး သတ်မှတ်ချက်ကို ပြင်ဆင်ပေးဖို့ တိုင်းရင်းသားအဖွဲ့တွေရဲ့ တောင်းဆိုချက်ကို ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူအပြီးမှာ ညှိနှိုင်းဆောင်ရွက်ဖို့ အစိုးရနဲ့ တိုင်းရင်းသားတွေအကြား သဘောတူညီမှု ရခဲ့ပါတယ်။

cen၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးနဲ့ ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့တွေ နေပြည်တော် Mount Pleasant ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးပြီးနောက် အခုလို သဘောတူညီမှု ရရှိခဲ့ကြတာပါ။

၂၀၁၄ သန်းခေါင်စာရင်းကောက်ယူမှုဆိုင်ရာ ချင်းအမျိုးသား အထောက်အကူပြု ကော်မတီရဲ့ ညှိနှိုင်းရေးမှူး ဆလိုင်းအိုက်ဇက်ခင် “ဒီဆွေးနွေးပွဲမှာ ၁၃၅ ကို ကုတ်ထားပြီး လုပ်တဲ့ကိစ္စသည် လုံးဝ ပြဿနာဖြစ်စေတယ်။ မမှန်နေဘူး။ လွဲနေတယ်ဆိုတဲ့ကိစ္စတွေ ကျနော်တို့က ထပ်ခါတလဲလဲ ပြောပါတယ်။ အဲဒီ ကုတ်သုံးတဲ့ကိစ္စသည် မလိုလားအပ်တဲ့ နိုင်ငံရေးဆိုင်ရာ မယုံသင်္ကာမှုတွေ ဖြစ်စေတယ်ဆိုတာကို ကျနော်တို့က ထောက်ပြတယ်။ အဲဒါကိုလည်း သန်းခေါင်စာရင်းကော်မတီဘက်က ၀န်ကြီးကိုယ်တိုင်လည်း လက်ခံပါတယ်။ လက်ရှိ ၁၃၅ သည် ပြဿနာကို ဖြစ်စေတဲ့အတွက်ကြောင့် ဒါကိုပြင်ကြမယ်။ သို့သော်လည်း လောလောဆယ်ကတော့ သန်းခေါင်စာရင်း ကောက်ယူပြီးတဲ့အခါကျမှ ဒီဟာကို တိုင်းရင်းသား ကိုယ်စားလှယ်များနဲ့ တွေ့ဆုံညှိနှိုင်းပြီးတော့မှ ဖြေရှင်းကြမယ်ဆိုတာကို သဘောတူညီချက် ရပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဒီဆွေးနွေးပွဲမှာ သန်းခေါင်စာရင်း ကောက်ယူပြီးလို့ တိုင်းရင်းသားလူမျိုးတွေရဲ့ လူမျိုး အမည်မှန် ပြန်ရေးတဲ့အချိန်မှာ တိုင်းရင်းသားကိုယ်စားလှယ်တွေ ပါဝင်ဆောင်ရွက်ဖို့၊ သန်းခေါင်စာရင်းကောက်ယူတဲ့ ခရိုင်နဲ့ မြို့နယ် သန်းခေါင်စာရင်းကော်မတီကို ဒေသခံတွေနဲ့ ဖွဲ့စည်းပေးဖို့နဲ့ မြို့နယ်တွင်းမှာ နေထိုင်တဲ့ တိုင်းရင်းသားလူမျိုးတွေ ရေးထုံးအမှန်တွေကို ရှင်းပြဖို့ လည်း သဘောတူညီခဲ့တယ်လို့ ပြောပါတယ်။

မနေ့က တွေ့ဆုံဆွေးနွေးပွဲမှာ တိုင်းရင်းသား ၁၀ ဖွဲ့က ကိုယ်စားလှယ် ၂၄ ဦး ပါဝင်ပြီး ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနဲ့ ဗဟိုသန်းခေါင်စာရင်းကော်မတီတို့ ဆွေးနွေးကြတာပါ။ သဘောတူညီချက်တွေကို မကြာခင်မှာ ထုတ်ပြန်သွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာန အရာရှိတဦးက ပြောပါတယ်။

သန်းခေါင်စာရင်းမှာပါတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးဟာ လွန်ခဲ့တဲ့ ၁၉၈၃ ခုနှစ် မတိုင်ခင်ကတည်းက ကောက်ယူထားတဲ့စာရင်းဖြစ်ပြီး ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နဲ့ ရှမ်းစတဲ့လူမျိုးစု ၈ ခုအပေါ် မူတည်ပြီး ကချင်မျိုးနွယ်စု ၁၂ စု၊ ကယား မျိုးနွယ်စု ၉ စု၊ ကရင်မျိုးနွယ်စု ၁၁ စု၊ ချင်းမျိုးနွယ်စု ၅၃ စု၊ ဗမာမျိုးနွယ်စု ၉ စု၊ မွန်မျိုးနွယ်စု ၁ စု၊ ရခိုင်မျိုးနွယ်စု ၇ စု၊ ရှမ်းမျိုး နွယ်စု ၃၃ စုဆိုပြီး အတည်ပြုထားတယ်လို့ သိရပါတယ်။

တိုင်းရင်းသားအဖွဲ့တွေကတော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိတယ်ဆိုတဲ့ သတ်မှတ်ချက်ကို လက်မခံဘဲ ဒါဟာ လူမျိုးနဲ့ တမျိုးကို ခွဲခြားထားသလို ဖြစ်နေပြီး ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကို ထိခိုက်နိုင်တဲ့အတွက် ပြင်ဆင်ပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတ၀ှမ်း ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုတွေကို လာမယ့် မတ် ၃၀ ရက်နေ့က စတင်ပြီး ဧပြီ ၁၀ ရက်နေ့အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုမှာ ပြည်ပရောက် မြန်မာနိုင်ငံသား တွေအပြင် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေတဲ့ ဒုက္ခသည်တွေစာရင်းပါ ထည့်သွင်း ကောက်ယူ သွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ပြည်ပရောက် မြန်မာတွေအတွက်တော့ သက်ဆိုင်ရာနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးတွေက ဆောင်ရွက်သွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်လာစရာမလိုဘဲ စာရင်းပေးနိုင်အောင် စီစဉ်ထား တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုကို ၁၉၇၃ မှာ ၁ ကြိမ်၊ ၁၉၈၃ ခုနှစ်မှာ ၁ ကြိမ် နောက်ဆုံး ကောက်ယူခဲ့ဖူးပါတယ်။

၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာပြည်ရဲ့ လူဦးရေ ၂၈ သန်းလောက်ရှိပြီး ၁၉၈၃ ခုနှစ်မှာတော့ ၃၈ သန်းနဲ့ လက်ရှိ လူဦးရေ သန်း ၆၀ လောက် ရှိမယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013