DVB Logo
Home
မြန်မာသတင်း
သမ္မတပေးပို့ထားသည့် မျိုးစောင့်ဥပဒေကိစ္စ လွှတ်တော်တွင် ရှင်းလင်း
DVB
·
February 27, 2014
သမ္မတပေးပို့ထားသည့် မျိုးစောင့်ဥပဒေကိစ္စ  လွှတ်တော်တွင် ရှင်းလင်း
Donate to DVB

အမျိုးစောင့်ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကတဆင့် ဥပဒေကြမ်း တင်ပြ ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်နာယကက ပြောကြားလိုက်ပါတယ်။

ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတက ပေးပို့လာတဲ့ အမျိုးဘာ သာသာသနာဆိုင်ရာ ဥပဒေ ၄ ရပ် ပြဋ္ဌာန်းရေးကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက သမ္မတဆီ သ၀ဏ်လွှာ ပြန်လည်ပေးပို့ရာမှာ အခုလို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

parliment 1အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ နိုင်ငံတော်သြ၀ါဒစရိယ ဘဒန္ဒ တိလောကာဘိဝံသ လက်မှတ်ထိုး ပေးပို့ထားတဲ့ ဥပဒေ ၄ ရပ်ကို ဥပဒေပြဋ္ဌာန်းပေးဖို့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့တာ ဖြစ်ပါတယ်။

ဒီဥပဒေတွေက ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတွေ ဖြစ်ပါတယ်။

ဒီဥပဒေတွေကို ပြဋ္ဌာန်းနိုင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက ဥပဒေကြမ်း ရေးဆွဲ ဆောင်ရွက်ဖို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားခဲ့တာလို့ လွှတ်တော်အမတ် ဦးဖေသန်းက ပြောပါတယ်။

“သက်ဆိုင်ရာ ၀န်ကြီးဌာနတွေပေါ့။ ဥပမာ ကိုးကွယ်တဲ့ဘာသာ ကူးပြောင်းရေးဆိုင်ရာ ဥပဒေကျတော့ သာသနာရေးဝန်ကြီးဌာန၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနဲ့ တလင်တမယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ကျတော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ လူဦးရေ ထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေကျတော့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန၊ အဲဒီဌာနတွေကို ပြန်ပြီးတော့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနက လူ့အခွင့်အရေးကော်မရှင်နဲ့ ဆက်သွယ်ပြီး အလုပ်လုပ်ရမယ်ဆိုပြီး သူက သ၀ဏ်လွှာပို့တယ်။”

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို)အနေနဲ့ ဒီဥပဒေ ၄ ရပ် ပြဌာန်းပေးဖို့ တနိုင်ငံလုံးရှိ သံဃာတော်တွေအပါအ၀င် နိုင်ငံသား ၁ သန်းကျော်တို့က လက်မှတ်ရေးထိုး ဆန္ဒပြုထားတွေပါ ပူးတွဲ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို)ရဲ့ ဦးဆောင်ဆရာတော်တပါးဖြစ်တဲ့ ရန်ကုန်တိုင်း ဒဂုံမြို့သစ်ရှိ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက လူမျိုးရေးနဲ့ ဘာသာရေးပဋိပက္ခတွေ ဆက်မဖြစ်ပွားဖို့ ဒီဥပဒေတွေ ပြဋ္ဌာန်းဖို့ လိုတယ်လို့ မိန့်ပါတယ်။

“မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ငြိမ်းချမ်းချင်တယ်၊ ဘာသာရေးပဋိပက္ခတွေ၊ လူမျိုးရေးပဋိပက္ခတွေ မဖြစ်ချင်ဘူးဆိုရင် ဒီဥပဒေကို ပြဋ္ဌာန်းပေးလိုက်ရင် မျိုးစောင့်ဥပဒေက ထိန်းသိမ်းသွားပါလိမ့်မယ်။ အဲဒီပဋိပက္ခတွေ မဖြစ်ပေါ်ရေးကို လိုလားမယ်ဆိုရင် ဒီဥပဒေကို ပြဋ္ဌာန်းပေးပါ။ ဘာသာရေးပဋိပက္ခ၊ လူမျိုးရေးပဋိပက္ခတွေ ဖြစ်ထွန်းချင်တယ်၊ တိုင်းပြည် မငြိမ်မသက်ဖြစ်စေချင်တယ်ဆိုရင် ဒီဥပဒေကို မပြန်ဋ္ဌာန်းပေးပါနဲ့။”

လက်မှတ်ကောက်ခံရာမှာ မြို့နယ်နဲ့ ရပ်ကွက်အဆင့်အထိ ဖွဲ့စည်းထားတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့တွေက ကွင်းဆင်း ကောက်ခံတာ ဖြစ်တယ်။ အခုချိန်ထိ လက်မှတ်ပေါင်း ၄ သန်းလောက် ကောက်ခံ ရရှိထားပြီလို့လဲ မိန့်ပါတယ်။

စာရေးဆရာ ထက်မြက်ကတော့ အခုချိန်မှာ အမျိုးစောင့်ဥပဒေပြဋ္ဌာန်းဖို့ မလိုအပ်သေးဘူးလို့ ပြောပါတယ်။

“ဒီအမျိုးစောင့်ဥပဒေတင်ရတာကလည်း ပထမတင်တဲ့ ဆရာတော်တွေရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်တွေ ဖတ်ရတဲ့အခါမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ပိတ်ပင်သလို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကိုလည်း ထိပါးတယ်လို့ ယုံကြည်ယူဆတယ်။ ယူဆတဲ့အတွက် မျိုးစောင့်ဥပဒေက ဒီကနေ့ အခြေအနေမှာ မလိုအပ်သေးဘူး။ တိုင်းပြည်မှာ အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းလောက်တဲ့ ဗုဒ္ဓဘာသာကို ထိပါးမှုတွေ၊ အမျိုးသမီးတွေကလည်း ထင်ရာစိုင်းနေတဲ့ အခြေအနေမျိုးတွေ ရှိတယ်လို့ မယူဆပါဘူး။ ဒါကြောင့် အမျိုးစောင့်ဥပဒေကို အခုချိန်မှာ မပြဋ္ဌာန်းသင့်သေးဘူးလို့ ယုံကြည်ပါတယ်။”

သမ္မတရဲ့ စာထဲမှာ ဥပဒေ ၄ ခုပြဌာန်းရေးကိစ္စဟာ အင်မတန် နက်နဲသိမ်မွေ့တဲ့ ဘာသာ သာသနာရေးကိစ္စရပ်တွေ ဖြစ်တယ်။ ဖွဲ့စည်းပုံမှာ ဖော်ပြမထားတဲ့ ကိစ္စရပ်တွေလဲ ဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013