DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဧည့်သည်များပြန်လည်ဝင်ရောက်ရန် မျှော်လင့်ချက်နည်းပါး
DVB
·
March 24, 2022
မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဧည့်သည်များပြန်လည်ဝင်ရောက်ရန် မျှော်လင့်ချက်နည်းပါး
Donate to DVB

မြန်မာ့ခရီးသွားကဏ္ဍမှာ ရပ်ထားတဲ့ လုပ်ငန်းတွေ ပြန်စဖို့ အဆင်သင့်ဖြစ်နေပေမဲ့ နိုင်ငံတကာ ခရီးသည်တွေအတွက် ဘေးကင်းလုံခြုံမှုဆိုင်ရာ တာဝန်ယူမှုမရှိဘဲ နိုင်ငံတကာ ခရီးသွားဧည့်သည် လက်ခံရရှိနိုင်ဖို့ အင်မတန် မျှော်လင့်ချက် နည်းနေသေးတယ်လို့ ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

မြန်မာနိုင်ငံအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် ဝင်ရောက်မှုကို လာမယ့် ဧပြီလလယ်ပိုင်းမှာ စတင်လက်ခံဖို့ စစ်ကောင်စီက ပြင်ဆင်နေတာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာဧည့်သည်တွေအတွက် ဘေးကင်းလုံခြုံရေးဆိုင်ရာ တာဝန်ယူမှု၊ တာဝန်ခံမှု အစီအစဉ်တွေကို ချပြဖို့ လိုအပ်တယ်လို့ ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းက ထောက်ပြပါတယ်။

ခရီးသွားလုပ်ငန်းရှင်တဦးက "နိုင်ငံတကာ ခရီးသွားတွေအတွက် လုံခြုံစိတ်ချမှု ကျနော်တို့ ဘယ်လောက်ထိပေးနိုင်လဲ၊ ဘယ်လိုပုံစံမျိုး ပေးနိုင်လဲဆိုတာ သူတို့ ယုံကြည်စိတ်ချလောက်တဲ့ အခြေအနေတခုကို ချပြမှသာ လာဖို့ရှိလိမ့်မယ်။ ဒီအတိုင်းဖွင့်ရင်တော့ ခရီးသည်လာဖို့က ဖြစ်နိုင်ခြေ အင်မတန်နည်းတယ်။ ပြန်ဖွင့်နေပြီ ဆိုတာကိုတောင် နိုင်ငံတကာသိအောင် အတော်လုပ်ယူရဦးမှာ၊ ဧည့်သည်လာဖို့ဆိုတာက ဒုတိယကိစ္စပါ။" လို့ ပြောပါတယ်။

ဒါ့အပြင် ကွာရန်တင်း မူဝါဒကိုလည်း သေချာပြင်ဆင် ချပြဖို့ လိုအပ်တယ်လို့ ထောက်ပြကြပါတယ်။ စစ်ကောင်စီ အရင်ချမှတ်ထားတဲ့ ကွာရန်တင်း မူဝါဒအရ မြန်မာနိုင်ငံကို ဝင်ရောက်လာမယ့် နိုင်ငံတကာ ခရီးသွားဧည့်သည်တွေဟာ မလာရောက်ခင် ၁၄ ရက်ကျော်ကတည်းက ကာကွယ်ဆေး အပြည့်ထိုးနှံထားပြီးဖြစ်ဖို့ လိုကာ သတ်မှတ်ဟိုတယ်မှာ အသွားအလာ ကန့်သတ်ခြင်း ၇ ရက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကိုဗစ်ကင်းရှင်းကြောင်း RT-PCR နည်းနဲ့ စစ်ဆေးထားတဲ့ ဓာတ်ခွဲအဖြေ ရရှိမှသာ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခွင့်ရှိမှာ ဖြစ်ပါတယ်။

ဝါရင့်ဧည့်လမ်းညွှန်တဦးက “ကျနော်တို့ဘက်က  ကွာရန်တင်းမူဝါဒ ကို သေချာချပြမှ ရလိမ့်မယ်။ ဥပမာ နိုင်ငံတကာ ခရီးသည်တွေရဲ့ ခရီးစဉ်ကမှ တပတ်၊ ဆယ်ရက်ကို ကွာရန်တင်း ၇ ရက် ဝင်ရမယ်ဆိုရင် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ တချို့နိုင်ငံတွေမှာဆိုရင် Check & Go လုပ်တယ်။ ကျနော်တို့ ဒါမျိုးရော လုပ်နိုင်မလားပေါ့။ အဲဒါ ကွာရန်တင်းမူဝါဒကို တိကျသေချာတဲ့ အခြေအနေတခုမှာ ချပြမှသာ နိုင်ငံခြားဧည့်သည်လာဖို့ နည်းနည်းလေး မျှော်လင့်ချက် ရှိနိုင်သေးတယ်။” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂ နှစ်ကြာ ပိတ်ထားခဲ့တဲ့ နိုင်ငံတကာ လေကြောင်းလိုင်းတွေနဲ့ နိုင်ငံခြားခရီးသွား ဝင်ရောက်မှုတွေကို နိုင်ငံအတွင်း ကိုဗစ်ရောဂါပိုး ကူးစက်နှုန်းနဲ့ သေဆုံးနှုန်း ကျဆင်းလာတာကြောင့် လာမယ့် ဧပြီ ၁၇ ရက်မှာ  ပြန်လည်ခွင့်ပြုမယ်လို့ ကိုဗစ် ကာကွယ်ထိန်းချုပ်ရေး ဗဟိုကော်မတီက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့ပါတယ်။

ခရီးသွားလုပ်ငန်း ပြန်စချိန်မှာ အာဆီယံဒေသတွင်း နိုင်ငံတွေက ဧည့်သည်တွေကို ဦးတည်ဖိတ်ခေါ်သွားမယ်လို့ စစ်ကောင်စီ ဟိုတယ်နဲ့ ခရီးသွားဝန်ကြီး ဦးဋ္ဌေးအောင်က အောက်တိုဘာလတုန်းက ပြောကြားထားပါတယ်။

မြန်မာ့ခရီးသွားလုပ်ငန်းဟာ ကိုဗစ်-၁၉ ကြောင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလကစပြီး သိသိသာသာ ကျဆင်းသွားခဲ့တာဖြစ်ပြီး အာဏာသိမ်းမှုရဲ့ အကျိုးဆက်ကြောင့်လည်း နိုင်ငံခြားသား ဧည့်သည်တွေ မလာသလောက် နည်းပါးသွားပါတယ်။

ကိုဗစ်မတိုင်ခင် ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံကို ပြည်ပဧည့်သည် လာရောက်မှုက ၄ သန်းခွဲနီးပါးရှိခဲ့ပြီး ၂၀၁၈ ခုနှစ် ဝင်ရောက်မှုထက် ၂၃ ရာခိုင်နှုန်းထိ တိုးတက်ခဲ့ပါတယ်။

အခုအခါ မြန်မာ့ခရီးသွားကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကြီးတချို့ ထွက်ခွာသွားခဲ့ပြီး လုပ်ငန်းအများစုကလည်း ရပ်တန့်ထားရဆဲ အနေအထား ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013