DVB Logo
Home
မြန်မာသတင်း
သြစတြေးလျတရားရုံးတွင် မြန်မာစစ်ခေါင်းဆောင်များ စစ်ရာဇ၀တ်မှုဖြင့် တရားစွဲခံရနိုင်
DVB
·
March 23, 2022
သြစတြေးလျတရားရုံးတွင် မြန်မာစစ်ခေါင်းဆောင်များ  စစ်ရာဇ၀တ်မှုဖြင့် တရားစွဲခံရနိုင်
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတပ်တွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှုတွေအတွက် မြန်မာစစ်ခေါင်းဆောင်တွေကို သြစတြေးလျမှာ တရားစွဲခံရနိုင်တယ်လို့ မဲလ်ဘုန်း အခြေစိုက် ဩစတြေးလျသတင်းစာ The Age မှာ ရေးထားပါတယ်။ 

မြေပြင်ကြီးကြပ် အမိန့်ပေးကွပ်ကဲသူတွေကနေ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အထိ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်အများအပြားကို စွဲဆိုမယ့်အမှုတွေကို မြန်မာနိုင်ငံရဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြင်ဆင်နေပြီး သူတို့ကို ဩစတြေးလျမှာ အလုံးစုံတရားစီရင်ပိုင်ခွင့်အောက်မှာ တရားစွဲဆိုသွားမှာဖြစ်ပါတယ်။ 

ဒီဆောင်ရွက်ချက်ဟာ ဩစတြေးလျမြေပေါ်မှာ ဖြစ်ပွားတဲ့ အမှုတွေ မဟုတ်ခဲ့ရင်တောင်မှ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ တခြားစစ်ပွဲတွင်း နှိပ်စက်မှုတွေကို ကျူးလွန်ကြောင်း သံသယရှိသူတွေကို ဩစတြေးလျဥပဒေအရ အရေးယူခံရဖို့ ခွင့်ပြုပေးမှာဖြစ်ပါတယ်။ 

စစ်တပ်အရာရှိတွေကို စွဲဆိုမယ့်အမှုတွေမှာ မြန်မာနိုင်ငံ အရှေ့ပိုင်း၊ ကယားပြည်နယ်နဲ့ အနောက်မြောက်ဘက်က စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ အရပ်သားတွေကို ပစ်မှတ်ထားပြီး ရွာတွေ မီးရှို့တာနဲ့ မြန်မာနိုင်ငံ အနောက်ဘက် ချင်းပြည်နယ်မှာ နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာတွေလည်း ပါဝင်လိမ့်မယ်လို့ ဆိုပါတယ်။ 

အဲဒီထဲမှာမှ မနှစ်က အနည်းဆုံး လူ ၃၅ ဦးကို ကားတွေထဲမှာ ပစ်ခတ် မီးရှို့သတ်ဖြတ်ခဲ့တဲ့ ကြောက်စရာ ခရစ္စမတ်အကြိုနေ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုလည်း ပါဝင်ပါတယ်။ 

NUG ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ အဆိုအရ ရက်စက်ကြမ်းကြုတ်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဒေသတွေက မြေပြင်ကွပ်ကဲတဲ့ စစ်တပ်အရာရှိတွေကို အရေးယူဖို့ ဆောင်ရွက်နေပြီး တပ်မတော်ရဲ့ လုပ်ရပ်အတွက် အလုံးစုံ တာဝန်ရှိသူဟာ အဓိက ကတော့ မင်းအောင်လှိုင်သာဖြစ်တယ်လို့ ဆိုပါတယ်။ 

မြန်မာစစ်အစိုးရ အဖွဲ့ဝင်တွေအပေါ် စစ်ရာဇ၀တ်မှု စွဲချက် တင်နိုင်ခြေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးပေးဖို့ ထင်ရှားတဲ့ မြန်မာလူမျိုး-သြစတြေးလျနိုင်ငံသားတချို့က ကျနော်တို့ကို တောင်းဆိုထားတယ်လို့ Gilbert + Tobin ဥပဒေလုပ်ငန်းမှ မန်နေဂျင်းပါတနာ Danny Gilbert ဒန်နီဂေးလ်ဘတ်က ပြောပါတယ်။ 

သြစတြေးလျ နိုင်ငံတကာ တရားမျှတမှု ဗဟိုဌာနရဲ့ ရှေ့နေနဲ့ အမှုဆောင်ဒါရိုက်တာ ရာဝန်အာရက်ဖ်ကတော့ နိုင်ငံတကာ တရားစီရင်ရေးဆိုင်ရာ အမှုတွေကို အရေးယူဖို့ ဩစတေးလျအစိုးရကို တိုက်တွန်းခဲ့ပါတယ်။ 

ဒါ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ နိုင်ငံတွေရဲ့ဗီတိုအာဏာဟာ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးရဲ့ လက်လှမ်းမီမှုကို လျော့ပါးစေတာကြောင့် အနည်းဆုံးတော့ သြစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့- ကိုလည်း အမြဲတမ်း စစ်ရာဇ၀တ်မှုစုံစမ်းရေး ယူနစ်တစ်ခု ထူထောင်ဖို့ တိုက်တွန်းထားပါတယ်။ 

ဩစတေးလျအနေနဲ့ ကျူးလွန်သူတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့် မရရှိစေဖို့ သေချာအောင် လုပ်ဆောင်သင့်ပါတယ် လို့လည်း  ပြောကြားခဲ့ပါတယ်။ 

Ref: The Age

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013