အီရန်နဲ့ သဘောတူညီချက်တရပ်ကို အလျင်စလို မလုပ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ့ရဲ့သံတမန်ကိုယ်စားလှယ်တွေကို မေ ၂၄ ရက်မှာ ပြောပါတယ်။
အီရန်အစိုးရနဲ့ သဘောတူညီချက်တရပ်ကို အများစု ညှိနှိုင်းပြီးပြီလို့ ကြေညာပြီး တရက်မပြည့်မီမှာ “အချိန်က ကျနော်တို့ဘက်မှာ ရှိနေလို့ အီရန်နဲ့ သဘောတူညီချက်တရပ်ကို အလျင်စလို မလုပ်ဖို့” ထရမ့်ပ်က ပြောခဲ့တာပါ။
သဘောတူညီချက်တရပ် ရရှိပြီး အတည်ပြုပြီး လက်မှတ်ရေးထိုးပြီးတဲ့အထိ ပိတ်ဆို့မှုက အပြည့်အဝ အသက်ဝင်နေမှာ ဖြစ်တယ်၊ နှစ်ဖက်စလုံးက အချိန်ယူပြီး မှန်ကန်အောင် လုပ်ဆောင်ရမယ်လို့ ထရမ့်ပ်က Truth Social လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့ပါတယ်။
“အီရန်နဲ့ ကျနော်တို့ရဲ့ ဆက်ဆံရေးက ပညာရှင်ပိုဆန်ပြီး ထိရောက်တဲ့ ဆက်ဆံရေးတခု ဖြစ်လာနေတယ်” လို့လည်း ဒေါ်နယ်ထရမ့်ပ်က ရေးခဲ့ပါတယ်။
အီရန်ထိပ်တန်းခေါင်းဆောင်ရဲ့ စစ်ဘက်အကြံပေး မိုဆန် ရေဇာအီ ကတော့ ဟော်မုဇ် ရေလက်ကြားကို စီမံခန့်ခွဲခြင်းဟာ အမျိုးသားလုံခြုံရေးကို သေချာစေဖို့ အီရန်အစိုးရရဲ့ “တရားဝင်အခွင့်အရေး” ဖြစ်တယ်လို့ မေ ၂၄ ရက်မှာ ပြောပါတယ်။
ခြိမ်းခြောက်ခံရရင် အီရန်ဟာ နျူကလီးယားလက်နက် မပြန့်ပွားရေး စာချုပ်ကနေ နုတ်ထွက်နိုင်တယ်လို့လည်း ရီဇာအီက ပြောပါတယ်။
ဟော်မုဇ်ရေလက်ကြားကို တိုက်ခိုက်ပြီး ပါရှန်းပင်လယ်ကွေ့ထဲဝင်ဖို့ ဆုံးဖြတ်ရင် ပထမဆုံးအနေနဲ့ အလွန်ခက်ခဲပြီး နာကျင်စရာကောင်းတဲ့ တုံ့ပြန်မှုကို ရင်ဆိုင်ရမယ်လို့လည်း သူက ပြောပါတယ်။
အီရန်နဲ့ နောက်ဆုံးသဘောတူညီချက်တိုင်းက အီရန်အစိုးရကြောင့် ဖြစ်လာနိုင်တဲ့ နျူကလီးယား ခြိမ်းခြောက်မှုကို ဖယ်ရှားရမယ် ဆိုတာကို သူနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့ သဘောတူတယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက မေ ၂၄ ရက်မှာ ပြောပါတယ်။
ခေါင်းဆောင် ၂ ယောက်ရဲ့ မူဝါဒတွေက အတူတူပဲ ဖြစ်ပေမဲ့ ဘယ်ခြိမ်းခြောက်မှုကိုမဆို အစ္စရေးရဲ့ ကာကွယ်ပိုင်ခွင့်နဲ့ လက်ဘနွန် အပါအဝင် ဘယ်နေရာကိုမဆို ကာကွယ်ပိုင်ခွင့်ကို ထရမ့်ပ်က ပြန်အတည်ပြုခဲ့တယ်လို့လည်း နေတန်ယာဟုက ပြောပါတယ်။
Source: Reuters










