DVB Logo
Home
မြန်မာသတင်း
ဒဂုံတက္ကသိုလ် ပညာရေးဆွေးနွေးပွဲ တားဆီးခံရ
DVB
·
February 27, 2014
ဒဂုံတက္ကသိုလ် ပညာရေးဆွေးနွေးပွဲ တားဆီးခံရ
Donate to DVB

ဒဂုံတက္ကသိုလ်မှာ ကျင်းပတဲ့ ပညာရေး ဆွေးနွေးပွဲကို ကျောင်းတာဝန်ရှိသူတွေက ဟန့်တား နှောင့်ယှက်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့ မနက် ၁၀ နာရီက ဒဂုံတက္ကသိုလ် နားနေဆောင် ၁ မှာ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက စီစဉ်ကျင်းပတဲ့ မျက်မှောက်ခေတ်ပညာရေးနဲ့ ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းနဲ့ ပတ်သက်ပြီး ကျောင်းသားတွေ ဆွေးနွေးနေတဲ့ ဆွေးနွေးပွဲကို ဟန့်ထားခံခဲ့ရတာ ဖြစ်ပါတယ်။

[caption id="attachment_52385" align="alignright" width="300"]ဓာတ်ပုံ - Dagon University Students' Union ဓာတ်ပုံ - Dagon University Students' Union[/caption]ဆွေးနွေးပွဲ ကျင်းပနေစဉ်မှာ ဟန့်တားနှောက်ယှက်မှုတွေ ရှိတဲ့ကြောင်း ကျောင်းသားများ သမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူး ကိုနန်းလင်းက ပြောပါတယ်။

“အဲဒီမှာ လာပြီး တားဆီးတာက အရှေ့တိုင်းပညာဌာနက ပါမောက္ခတယောက်က ဆရာအာကာမိုးသူ ဒီပွဲမှာ ဆွေးနွေးနေတာကို လာခေါ်သွားတယ်။ ဆရာအာကာမိုးသူကလည်း အရှေ့တိုင်းပညာဌာနကပဲ။ အဲဒါကို အရှေ့တိုင်းပညာဌာနက ပါမောက္ခတယောက်က လာခေါ်သွားတယ်။ အာကာမိုးသူ နင်ဆွေးနွေးတာ ၅ မိနစ်ပဲ ဆက်ဆွေးနွေးပါ။ ပြီးရင် ငါနဲ့ လိုက်ခဲ့ဆိုပြီး ခေါ်သွားတာ ရှိတယ်။ တနည်းအားဖြင့် ပွဲကို အနှောင့်အယှက် ဖြစ်စေတာပေါ့။ သူတို့ အဲဒီအချိန်မှာ ပြောနေလို့ ဓာတ်ပုံရိုက်တဲ့ အခါကျတော့ ဓာတ်ပုံရိုက်တဲ့ ကျောင်းသားကို အဲဒီ ဓာတ်ပုံကို ချက်ချင်း ပြန်ဖျက်ပေး ဘာညာဆိုပြီး ကြမ်းကြမ်းတမ်းတမ်း ပြောတယ်။ အဲဒီလိုမျိုး ကျနော်တို့ တွေ့ရပါတယ်။”

ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တွေက ပညာရေးဆွေးနွေးပွဲအတွက် မေဂျာတချို့ကို သွားရောက် ဖိတ်ကြားရာမှာလည်း အဆောင်အတွင်း ၀င်ရောက်ခွင့် ပိတ်ပင် ခံခဲ့ရကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အထွေထွေအတွင်းရေးမှူး ကိုနန်းလင်းက ပြောပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်ဆွေးနွေးနေတဲ့ အရှေ့တိုင်းပညာဌာန လက်ထောက်ကထိက ဒေါက်တာအာကာမိုးသူကိုလည်း ဆွေးနွေးပွဲကို ရပ်တန့်ဖို့ လာရောက် ဖိအားပေးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ကျောင်းထဲမှာ ပညာသင်ကြားရေး လွတ်လပ်ခွင့် လိုအပ်ပြီး ကျောင်းသားသမဂ္ဂကို တိုးတက် မြင့်မားအောင် လုပ်ပေးဖို့လိုတယ်လို့ အရှေ့တိုင်းပညာဌာန လက်ထောက်ကထိက ဒေါက်တာအာကာမိုးသူက ပြောပါတယ်။

“ကျောင်းထဲမှာ ကျနော်တို့ လိုချင်တာက ပညာသင်ကြားရေး လွပ်လပ်ခွင့် Academic freedom ပါ။ ကျောင်းသားထဲမှာ ဆိုရင် ကျောင်းသားနဲ့ ပတ်သက်တဲ့ လုပ်ဆောင်မှုတွေ သူတို့က လုပ်ပါတယ်။ ကျောင်းသားသမဂ္ဂက ရိုင်းပျတာတွေ၊ စော်ကားတာတွေ လုပ်ခဲ့တာ တခုမှ မရှိဘူး။ အဲဒီ ကျောင်းသားသမဂ္ဂတွေကို တိုးတက်အောင်၊ မြင့်မားအောင် လုပ်ပေးဖို့ လိုတယ်။ ပြောမယ်ဆိုရင် သက်ဆိုင်ရာ ကျောင်းအာဏာပိုင်တွေက နည်းအမျိုးမျိုးနဲ့ နှောင့်ယှက်တားဆီးဖို့ လုပ်တယ်။ အဲဒီလိုမျိုးဟာမျိုးက အခုအချိန်အထိ ကျောင်းထဲမှာ အငွေ့အသက်တွေ မကုန်သေးဘူးဆိုတာ သက်သေပါပဲ။ ကျနော်တို့ကို သက်သေပြလိုက်တယ်။ အငွေ့အသက်တွေ ကျန်သေးတယ်။ လွှတ်တော်မှာ ဘယ်လိုပဲပြောင်းပြောင်း ဒီမှာ အငွေ့အသက် မသေသေးဘူး။ ပြည်သူလူထုအမြင်မှာ စကားလုံးအရသာ ပြောင်းလဲတာ။ တကယ်တမ်း လက်တွေ့မှာ ပြောင်းလဲလာမှု လုံးဝမရှိသေးဘူး။”

ကျောင်းသားတယောက် ကိုယ်သင်နေတဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ပြောဆိုခွင့် ရှိတယ်လို့ ဆွေးနွေးပွဲ တက်ရောက်မှုကြောင့် ခေါ်ယူသတိပေးခံရတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဘဏ္ဍာရေးမှူး မတင့်တင့်ဆုက ပြောဆိုပါတယ်။

“ကျောင်းသားတယောက် ကိုယ်သင်နေတဲ့ ပညာရေးနဲ့ ပတ်သက်ပြီးတော့ ပြောခွင့်ရှိ တယ်လို့ ထင်တယ်။ နောက်ပြီးတော့ အဲဒီလိုပြောခွင့်ကို ပိတ်ပင်တာကလည်း ဆရာမတွေ လုပ်နေပြီးတော့ ကျောင်းသားက ပညာရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်တာကို ပိတ်ပင်တယ် ဆိုတာကို ပြင်းပြင်းထန်ထန်ကို ရှုတ်ချချင်တယ်။ တချို့ဆရာမတွေဆို အဲဒီဆွေးနွေးပွဲကို ကလေးတွေက သွားမယ်ဆိုရင်တောင် ဆရာမက အကောင်းနဲ့ သတိပေးတာ၊ မင်းလို့ မသွားကြနဲ့ ဆိုတာအထိ အဲဒီလိုမျိုး ကလေးတွေကို ပြောတယ်။ အဲဒီလိုမျိုး သူလို ဆရာမတယောက်က ပြောလိုက်တော့ ဘယ်ကျောင်းသားက သွားချင်တော့မလဲ။”

မျက်မှောက်ခေတ်ပညာရေးနဲ့ ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းအပေါ် ကျောင်းသူနဲ့ ကျောင်းသားတွေရဲ့ အမြင်သုံးသပ် ဆွေးနွေးပွဲကို ကျောင်းသူနဲ့ ကျောင်းသား ၁၂၀ ကျော် တက်ရောက်ခဲ့ပြီး တက်ရောက် ဆွေးနွေးခဲ့တဲ့ ကျောင်းသူနဲ့ ကျောင်းသားတချို့ရဲ့ အိမ်ကို စာပို့ခြင်း၊ မိဘများကို ခေါ်ယူသတိပေးခြင်းတွေကိုလည်း ကျောင်းတာဝန်ရှိသူတွေက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013