DVB Logo
Home
မြန်မာသတင်း
စစ်တပ်ပစ်သတ်မှုကြောင့် ကျဆုံးပြည်သူ ၁၇၀၀ နီးပါးနှင့် သေဒဏ်ချမှတ်ခံရသူ ၉၀ ကျော်ရှိလာ
DVB
·
March 22, 2022
စစ်တပ်ပစ်သတ်မှုကြောင့် ကျဆုံးပြည်သူ ၁၇၀၀ နီးပါးနှင့် သေဒဏ်ချမှတ်ခံရသူ ၉၀ ကျော်ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၆၉၅ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၂,၈၅၃ ယောက် ထိ ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မတ် ၂၁ ရက်အထိ အေအေပီပီက ကောက်ယူ မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၉,၈၁၃ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၈၆၇ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၅၂ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁,၉၇၃ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက် အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၉၁ ယောက် ရှိပြီဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ အမှတ် ၂ ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် စောမျိုးဆက်ဟာ PDF တွေကို ထောက်ပံ့တယ်ဆိုကာ စွပ်စွဲခံခဲ့ရပြီး မတ် ၁၅ ရက်နေ့မှာ အကြမ်း ဖက်စစ်အုပ်စုတပ်က ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီနောက် စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတာကြောင့် ၂ ရက်အကြာ မတ် ၁၇ ရက်မှာ ကျဆုံးသွားခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျောက်တောင်ကျေးရွာမှာ ကျင်းပနေတဲ့ ဘုရားပွဲကို မတ် ၁၉ ရက်ညပိုင်းမှာ တပ်မ ၄၄ လက်အောက်ခံ အမြောက်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၃ ယောက် နေရာတင် ကျဆုံးသွားခဲ့ကြောင်း သိရပါတယ်။ ကျဆုံးသွားသူတွေကတော့ ကျောက်တောင်ကျေးရွာက အသက် ၇ နှစ်အရွယ် အိုင်းမွန်ချမ်း၊ အသက် ၅၀ အရွယ် ဒေါ်ဒေ့သုတ်နဲ့ ပိန္ဒဲတောကျေးရွာက အသက် ၅၄ နှစ်အရွယ် ဒေါ်ငွေကြည်တို့ဖြစ်ကြောင်း သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013