DVB Logo
Home
မြန်မာသတင်း
မြန်မာ့ရုပ်သေးသဘင် စန်းထလာ
DVB
·
February 26, 2014
မြန်မာ့ရုပ်သေးသဘင် စန်းထလာ
Donate to DVB

မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှု တိုးမြင့်လာတာနဲ့အမျှ မြန်မာ့ရုပ်သေးပြပွဲတွေမှာလည်း နိုင်ငံခြားသား ကြည့်ရှုသူတွေ တိုးပွားလာနေပါတယ်။

မြန်မာ့ရိုးရာရုပ်သေးသဘင်ကို နိုင်ငံခြားသားတွေ စိတ်ဝင်စားပြီး လာရောက်ကြည့်ရှုသူ များလာတယ်လို့ ရန်ကုန်မြို့က ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ထွေးက ပြောပါတယ်။

[caption id="attachment_52341" align="alignright" width="300"]မြန်မာ့ရုပ်သေး ဇာတ်စင် ဓာတ်ပုံ - ထွေးဦး (မြန်မာ) မြန်မာ့ရုပ်သေး ဇာတ်စင် ဓာတ်ပုံ - ထွေးဦး (မြန်မာ)[/caption]အခု ခရီးသွားရာသီ လာကြည့်သူတွေမှာ အမေရိကန်က ပထမ၊ ဂျာမဏီက ဒုတိယနဲ့ ပြင်သစ်က တတိယ အများဆုံး လာကြည့်ကြတယ်လို့ ဆိုပါတယ်။ ထိုင်း၊ စင်ကာပူနဲ့ တရုတ်ခရီးသည်တွေလည်း အစပျိုးလာရောက်ကြည့်နေကြတယ်လို့ သူက ပြောပါတယ်။

ဦးခင်မောင်ထွေးက “နိုင်ငံခြားသား တိုးရစ်လိုဟာမျိုးတွေ မဟုတ်ဘဲနဲ့ ဒီမှာ အခု ရုံးထိုင်ကြတဲ့ အလုပ်လုပ်ကြတဲ့ NGO (အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ) ဟာမျိုးတွေပေါ့နော် အဲဒါတွေလည်း လာလာကြည့်ကြပါတယ်။ တချို့ဆိုရင် သူတို့ဧည့်သည်တွေလာရင် လိုက်လိုက်ပြတာမျိုး၊ ၂ ကြိမ် ၃ ကြိမ် ထပ်ထပ်ပြီးတော့ကို ရောက်လာတာ တွေ့ရပါတယ်။ အခုဆိုရင် ဒီနှစ်ဆန်းတည်းက ဇန်န၀ါရီ၊ ဖေဖော်ဝါရီလ ရက်ဆက်နီးပါး ကျနော်ကနေရပါတယ်။ တချို့နေ့တွေမှာဆိုရင် နှစ်ပွဲ သုံးပွဲတောင် ကျနော် ကရပါတယ်” လို့ ပြောပါတယ်။

ဒီဇင်ဘာလတုန်းက trip Adviser အင်တာနက်ဝက်ဘ်ဆိုက်က ရန်ကုန်မြို့က ခရီးသွားစွဲဆောင်မှုနေရာ အဆင့်သတ်မှတ်ချက်မှာ ထွေးဦးမြန်မာရုပ်သေးဟာ အဆင့် ၂ နေရာကို ရောက်ခဲ့ပြီးတဲ့နောက် ကြည့်ရှုသူတိုးလာတာဖြစ်ပါတယ်။ လတ်တလောမှာတော့ ကြည့်ရှုသူ ၁၂ ဦးလောက် ဆံ့တဲ့ တိုက်အိမ်ခန်းကျဉ်းမှာ လက်ခံကပြပေးနေပါတယ်။

အင်တာနက်စာမျက်နှာမှာ ကြည့်သင့်တဲ့နေရာစာရင်းမှာ ၀င်ရောက်ခဲ့တဲ့အတွက် နိုင်ငံခြားသားတွေ ကြည့်သူတိုးလာသလို ခရီးသွား ကုမ္ပဏီတွေဘက်ကလည်း သူတို့ ဧည့်သည်တွေ ကျေနပ်စေဖို့ ရုပ်သေးဇာတ်အဖွဲ့ထံ ကမ်းလှမ်းတာမျိုး ရှိလာတယ်လို့ ဆိုပါတယ်။ သူတို့အဖွဲ့ဟာ နိုင်ငံရပ်ခြားမှာလည်း အကြိမ်ပေါင်းများစွာ သွားရောက်ကပြရပါတယ်။

ရုပ်သေးပွဲကို စိတ်ဝင်စားသူတဦးက တောင်ဥက္ကလာဘက်က ခြံဝင်းတခုမှာ ရုံဆောက်လုပ်ပြီး ကပြဖို့ ကမ်းလှမ်းတာရှိပြီး ဒီအစီအစဉ်အဆင်ပြေရင် ရုပ်သေးရုပ်ထုပြတာမျိုး၊ ရုပ်သေးကြိုးဆွဲ သင်တန်းပေးတာမျိုး လုပ်ဆောင်လို့ရမယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့က ထွေးဦးမြန်မာ ရုပ်သေးဘဘင်က ကပြရသလိုပဲ မန္တလေးမြို့မှာလည်း Mandalay Marionettes Theatre (မန္တလေးကြိုးဆွဲရုပ်သေးကဇာတ်ရုံ) တခု ရှိပါတယ်။
ဒီကဇာတ်ရုံဟာ trip Adviser အင်တာနက်ဝက်ဘ်ဆိုက်က မန္တလေးမြို့က ဆွဲဆောင်မှုရှိတဲ့ နေရာ အဆင့် ၁၁ မှာ ပေးထားပါတယ်။

မာရီယိုနက် ရုပ်သေးကဇာတ်ရုံမှာ အခုဆို အပျိုတော်၊ မြင်း၊ မျောက်၊ ဘီလူး၊ ဇော်၊ သူငယ်၊ ဦးရွှေရိုးနဲ့ ဒေါ်မိုး စတာတွေ ကပြသလို ရာမဇာတ်အကျဉ်း၊ လူနဲ့ မင်းသား အပြိုင်ကကွက်တွေကပြပြီး နှစ်ပါးသွားနဲ့ အဆုံးသတ်တယ်လို ဒီကဇာတ်ရုံကို တည်ထောင်သူလည်းဖြစ် အဖွဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ ဦးသန်းညွန့်က ပြောပါတယ်။
တနှစ်ပတ်လုံး ပွဲမပြတ်ကပြရပြီး ခရီးသွားရာသီမှာ ဧည့်သည် ပိုလာကြောင်း၊ တခါတရံ နှစ်ပွဲ ကပြရတယ်လို့ ဆိုပါတယ်။ သူတို့အဖွဲ့ဟာ နိုင်ငံပေါင်း ၂၈ နိုင်ငံကို အခေါက်ပေါင်းများစွာ သွားရောက်ဖျော်ဖြေခဲ့ကြပြီး တနှစ်ကို နှစ်ခေါက် သုံးခေါက်သွားကပြရတယ်လို့ သူက ပြောပါတယ်။

ညပိုင်း ၁ နာရီကြာ ရုံသွင်းတင်ဆက်တဲ့ ကပွဲရုံမှာ နိုင်ငံခြားသားဧည့်သည်တဦးကို ကျပ် ၁ သောင်းနှုန်းကောက်ခံပြီး မြန်မာတွေကို အခမဲ့ကြည့်နိုင်ပါတယ်။ မန္တလေးမြို့က ဒီကဇာတ်ရုံကတော့ လူပေါင်း ၇၀ ကျော် ဆံ့တဲ့အကြောင်းနဲ့ အဖွဲ့သားတွေအဖို့ နေ့ခင်းပိုင်းမှာ တခြားအလုပ်လုပ်ကိုင်နိုင်ပြီး ညပိုင်းမှာ ရုပ်သေးကကြတာဖြစ်ပါတယ်။

သူ့မှာ ရုပ်သေးသဘင်ကို ဆက်လက်ထိန်းသိမ်းမယ့် နောက်ထပ် မျိုးဆက်တွေ ရှိနေတယ်လို့ ပြောပါတယ်။ လူငယ်တွေကို ရုပ်သေးပညာသင်ပေးပြီး တတ်ကျွမ်းတဲ့အခါ ပြန်လည်ခန့်အပ်တာဝန်ပေးတယ်လို့ ဦးသန်းညွန့်က ပြောပါတယ်။
“အကိုတို့က ၂၀၀၀ ခုနှစ်က ကခဲ့တာဆိုတော့ကွာ တယောက်တည်း လာလည်း ကတာပဲ။ နှစ်ယောက်ရှိလည်း ကတာပဲ။ ငါတို့က ငွေရေး ကြေးရေးပေါ်မှာ အဓိက မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အနုပညာရေးကို ဖော်ပြတာဆိုတော့ ၁ နာရီအတွင်းမှာ မြန်မာ့ရဲ့အနုပညာလေး အကုန်ကြည့်လို့ရအောင်ပေါ့နော်။ ဒီရည်ရွယ်ချက်နဲ့။ နောက်တခု ရုပ်သေးဆိုတာက ရှားပါးတဲ့ အနုပညာတခုလေ။ အဲဒီတော့ ဒီအနုပညာနဲ့ ပတ်သက်ပြီးတော့ ပျောက်ကွယ်မှာစိုးလို့ ထိန်းသိမ်းတဲ့သဘောနဲ့ကတာ။ လောလောဆယ် တပည့်ပေါင်း ၂၅ ယောက်ရှိတယ်၊ တပည့်တွေလည်း အများကြီးမွေးထုတ်နေပါတယ်။ သင်ချင်တဲ့သူရှိရင်လည်း အလကား သင်ပေးတယ်။”

နှစ်ကာလအပိုင်းအခြားအားဖြင့် တိကျတဲ့ မှတ်တမ်းမှတ်ရာမရှိပေမယ့် မြန်မာ့ရုပ်သေးဟာ နှစ်ပေါ့င်း ၅၀၀ ကျော် သက်တမ်းရှိတယ်လို့ ပညာရှင်တွေအဆိုအရ သိရပါတယ်။
လွန်ခဲ့တဲ့ နှစ်အပိုင်းတွေတုန်းက မြန်မာ့ရုပ်သေးကို ကမ္ဘာလှည့်ခရီးသည်တွေ ဧည့်ခံချိန်မှာ ကပြဖျော်ဖြေဖို့ အဆင့်သာ ထားရှိရာက ရုပ်သေးလောက တဖြည်းဖြည်း ထွန်းတောက် လာတာဖြစ်ပါတယ်။ ဒါပေမယ့် ရုပ်သေးလောကသားတွေကတော့ အစိုးရနဲ့ ခရီးသွားလုပ်ငန်း အေဂျင်စီတွေကပါ မြန်မာ့ရုပ်သေးလောကကို မြှင့်တင်ပြီး မြန်မာ့ရုပ်သေးကို ကမ္ဘာက ပိုမိုစိတ်ဝင်စားအောင် လုပ်ဆောင်ပေးဖို့ မျှော်လင့်နေပါတယ်။

မြန်မာပြည်မှာ လက်ရှိမှာ ပုဂံနဲ့ ရန်ကုန်မြို့ ကရ၀ိတ်ဟိုတယ်မှာလည်း ရုပ်သေးပွဲ ကပြဖျော်ဖြေမှု ထည့်သွင်းထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013