DVB Logo
Home
မြန်မာသတင်း
နိုင်ငံတကာလေကြောင်းခရီးစဉ်များ ဧပြီ ၁၇ ရက်နေ့ ပြန်ပြေးဆွဲခွင့်ပြုမည်
DVB
·
March 21, 2022
နိုင်ငံတကာလေကြောင်းခရီးစဉ်များ ဧပြီ ၁၇ ရက်နေ့ ပြန်ပြေးဆွဲခွင့်ပြုမည်
Donate to DVB

ကိုဗစ်ကြောင့် ၂ နှစ်နီးပါး ပိတ်ခဲ့ရတဲ့ နိုင်ငံတကာလေကြောင်းခရီးစဉ်တွေကို လာမယ့် မြန်မာနှစ်ဆန်းတရက် ဧပြီ ၁၇ ရက်နေ့က စတင်ပြီး သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ ပုံမှန်ပြန်လည်ပြေးဆွဲခွင့်ပြုမယ်လို့ စစ်ကောင်စီ လက်အောက်ခံ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုအား ထိန်းချုပ်နိုင်ဖို့ နိုင်ငံတကာလေကြောင်း ခရီးစဉ်တွေ မြန်မာနိုင်ငံ ဝင်ရောက်ခွင့် ပိတ်ပင်တာကို နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနတို့က ၂၀၂၀ ခုနှစ် မတ် ၉ ရက်ကစတင်ပြီး ၂၀၂၂ မတ် ၃၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ခဲ့တာပါ။

အခုအခါ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှု၊ ပိုးတွေ့မှုနှုန်း နဲ့ သေဆုံးမှုနှုန်းတို့ သိသိသာသာ ကျဆင်းလာတာကြောင့် မြန်မာနိုင်ငံရဲ့ နိုင်ငံတကာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ လာရောက်မယ့် နိုင်ငံခြားသားတွေ၊ မြန်မာနိုင်ငံသားတွေ နိုင်ငံအတွင်း ဝင်ရောက်ရာတွင် လွယ်ကူချောမွေ့စေဖို့ နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေ ယာယီကန့်သတ်တဲ့အစီအစဉ်အား ၂၀၂၀ ဧပြီ ၁၆ ရက်အထိ သတ်မှတ်ခဲ့ပြီးနောက် အခုလာမယ် ဧပြီ ၁၇ ကစပြီး သတ်မှတ်စည်းကမ်းချက်တွေအတိုင်း ပုံမှန်ပြန်လည်ပြေးဆွဲခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အာဏာသိမ်းစစ်ကောင်စီ မျှော်မှန်းထားသလို မြန်မာနိုင်ငံရဲ့ နိုင်ငံတကာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးလာဖို့က လက်ရှိမြေပြင်အခြေအနေမှာတော့ အဆင်သင့်မဖြစ်သေးဘူးလို့ နှစ်ပေါင်း နှစ်ဆယ်ကျော်လုပ်ကိုင်ခဲ့တဲ့ ခရီးသွားလုပ်ငန်းဝန်ဆောင်မှုလုပ်ငန်းရှင်တဦးက ပြောပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ခရီးသွားလုပ်ငန်းတွေဟာ ဒီနေ့အချိန်အထိ အဆင်သင့်ဖြစ်နေပါပြီ၊ လာလို့ရနေပါပြီ ဆိုပြီးတော့ ကြေညာပြီး ရောင်းချနိုင်ခြင်းမရှိသေးပါဘူး။ အခု ဒီကြေညာချက် ထွက်လာတဲ့ အချိန်အထိပေါ့နော်။ အခု နိုင်ငံတကာလေကြောင်းတွေ ဖွင့်ပြီလို့ သိရပေမယ့် ဗီဇာ ပေါ်လစီဆိုတာ ရှိသေးတယ်နော်။ ဘယ်နိုင်ငံတွေကို ဘယ်လို ဗီဇာပေးမယ်၊ ဘယ်နှစ်ရက် ပေးမယ် စသဖြင့် ဗီဇာ ပေါ်လစီဆိုတာ ရှိပါတယ်။ နောက်တခါ ဗီဇာ ပေါ်လစီပြီးသွားလို့ ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ ကန့်သတ်ချက် (ဥပမာ- ကွာရန်တင်း ဘယ်လိုနေရမယ်) ပြီးတော့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အာမခံ ဘယ်လို ယူလာရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေ ရှိသေးတယ်နော်။ ဆိုတော့ အဲ့ဒီ့ ကန့်သတ်ချက်တွေပေါ်မှာ အခြေခံပြီး နိုင်ငံခြားသားခရီးသွားတွေက လာမှာပါ။ ဒါကြောင့် ဗီဇာ ပေါ်လစီဆိုင်ရာ ကန့်သတ်ချက်တွေ မသိရသေးတဲ့အပြင် တခါ ကွာရန်တင်းနဲ့ ပတ်သက်ပြီး ရက်သတ္တပတ် ၁ ပတ် နေရမယ်ဆိုရင် ဘယ်ဧည့်သည်မှ လာမှာ မဟုတ်ဘူး။ ဒါကြောင့် ကွာရန်တင်း နဲ့ပတ်သက်ပြီး အိမ်နီးချင်းနိုင်ငံတွေမှာ အခုဆိုရင် ထပ်မံဖြေလျှော့ပေးနေတာမျိုးတွေ လုပ်နေရတယ်နော်။ ကျနော်တို့က ကွာရန်တင်းသတ်မှတ်ချက်တွေ ရှိနေဦးမယ်ဆိုရင် လာဦးမှာ မဟုတ်သေးဘူး။ ဒီလိုဟာတွေ ကြည့်ပြီးတော့မှ ကျနော်တို့ ခရီးသွားကုမ္ပဏီတွေက မိမိရဲ့စျေးကွက်ထဲမှာ မိမိပြန်ရောင်းကြရမှာပေါ့နော်။ တချို့လည်း ဂျပန်စျေးကွက်၊ တချို့လည်း ဥရောပစျေးကွက်ပေါ့။ အဲ့လိုမျိုးတွေ လုပ်ရဖို့ ရှိပါတယ်။ ဆိုတော့ ခရီးသွားလုပ်ငန်းအတွက် ရှင်းရှင်းလင်းလင်းသိရပြီဆိုရင် ကုမ္ပဏီတွေဘက်ကလည်း ပြင်ကြဆင်ကြရဦးမယ်၊ ပြီးတော့ ကိုယ့်လုပ်ငန်းကို recovery ပြန်ရအောင်လုပ်ရဦးမယ်ဆိုတော့ အနည်းဆုံး ၆လ လောက်တော့ အချိန်ယူရပါဦးမယ်။ ချက်ချင်းကြီး နိုင်ငံခြားခရီးသွားတွေ ဝင်လာဖို့က မလွယ်သေးပါဘူး။ ဒါပေမယ့် ဝင်လာနိုင်တဲ့သူက ကျန်းမာရေးအတွက် ပြည်တွင်းကနေ ပြည်ပသွားမယ့် သူတွေ များလာနိုင်တယ်” လို့ ဒီဗွီဘီ ကိုပြောပါတယ်။

အလားတူ ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းဝန်ဆောင်ပေးနေတဲ့ ကုမ္ပဏီပိုင်ရှင်တဦးက “အခု ကမ္ဘာမှာ ခရီးသွားလာတာနဲ့ပတ်သက်ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ဆေးကို ထိုးပြီးသားဖြစ်တဲ့အပြင် သက်ဆိုင်ရာနိုင်ငံတွေရဲ့ သတ်မှတ်စည်းကမ်းချက်တွေအတိုင်း လိုက်နာကြတာဖြစ်လို့ ကိုဗစ်နဲ့ပတ်သတ်ပြီးတော့ မပူပန်ကြတော့ဘူးနော်။ ဒါပေမယ့် ကျနော်တို့ မြန်မာနိုင်ငံမှာက ကိုဗစ်တခုတည်း မဟုတ်ဘူးနော်။ အဓိကဖြစ်နေတဲ့ ပြဿနာက ပြည်တွင်း တည်ငြိမ်ရေးနဲ့ နိုင်ငံရေး ပဋိပက္ခ ရှိနေတဲ့ အခြေအနေမှာ နိုင်ငံခြားသားခရီးသွားတွေ ဝင်ရောက်လည်ပတ်ဖို့ဆိုတာက အတော်မလွယ်တဲ့ ကိစ္စပါ။ ဆိုတော့ ကျနော်တို့ ခရီးသွားလုပ်ငန်းက အရင်ကလို နိုင်ငံခြားသားခရီးသွားတွေအပေါ် မှီခိုရပ်တည်ဖို့က ဒီပြဿနာတွေ အရင်ဆုံး ပြေလည်မှပဲ ရမှာနော်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် တနှစ်တာလုံးမှာ မြန်မာနိုင်ငံကို နိုင်ငံခြားသားခရီးသွားဧည့်သည် ၄ ဒသမ ၃ သန်းကျော် ဝင်ရောက်ခဲ့တာကြောင့် ၂၀၁၈ ခုနှစ်နဲ့နှိုင်းယှဉ်ပါက ၂၃ ရာခိုင်နှုန်း မြှင့်တက်မှု ရှိခဲ့တာပါ။ ၂၀၁၈ ခုနှစ် တနှစ်တာလုံးမှာ နိုင်ငံခြားသားခရီးသွားဧည့်သည်ဝင်ရောက်မှုပမာဏက ၃ ဒသမ ၅ သန်းကျော် ဝင်ရောက်မှုရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013