
ရန်ကုန်မြို့ရဲ့ မြို့ပြအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်တဲ့ ဖိအားတွေက အဓိက စိန်ခေါ်မှု ဖြစ်နေတယ်လို့ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့က ပြောပါတယ်။
ရန်ကုန်မြို့ရဲ့ တမူထူးခြားတဲ့ ကိုလိုနီခေတ် မြို့ပြ ဗိသုကာလက်ယာ အဆောက်အုံ အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ကာကွယ်မြှင့်တင်ပေးဖို့ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့က (YHT) လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက စတင် ဦးဆောင်ကြိုးပမ်းနေတာပါ။
[caption id="attachment_52332" align="alignright" width="300"]
ဓာတ်ပုံ - Yangon Heritage Trust[/caption]လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ ပြင်ပက ရင်းနှီးမြှုပ်နှံမှုတွေက ၀င်ရောက်လာမှာ ဖြစ်သလို ပြည်တွင်းက ဆောက်လုပ်ရေး လုပ်ငန်းတွေလည်း ထွန်းကားလာမှာဖြစ်လို့ မြို့ပြအမွေအနှစ်ကို ထိန်းသိမ်းဖို့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်တဲ့ ဖိအားတွေက အဓိက စိန်ခေါ်မှုဖြစ်နေတယ်လို့ YHT အဖွဲ့ ညွှန်ကြားရေးမှူး ဒေါ်မို့မို့လွင်က ပြောပါတယ်။
မြို့ကြီးတိုင်းမှာ စနစ်တကျဖွံ့ဖြိုးဖို့အတွက် အစီအစဉ်က ရှေ့က ကြိုတင်ချမှတ်ရတာ ဖြစ်သလို လူတွေကလည်း သိရှိနားလည်ဖို့ လိုပေမယ့် မြန်မာနိုင်ငံမှာတော့ အစီအစဉ်ကို ရှေ့ကနေ သွားနိုင်ဖို့ မလွယ်ဘူးလို့ ဒေါ်မို့မို့လွင်က ပြောပါတယ်။
“ကျမတို့ ဒီမှာက Plan ကို ရှေ့ကနေ သွားနိုင်မယ့် အခွင့်အလမ်းက မရခဲ့ဘူး။ အခု Plan တွေ စလုပ်တာနဲ့ တကယ် ဖွံ့ဖြိုးတိုးတက်မှု လာတာနဲ့က တပြိုင်နက်ဖြစ်နေတယ်။ ဆိုတော့ တခုနဲ့ တခု အမီလိုက်နေတဲ့ဟာမျိုး အခြေအနေ ဖြစ်နေတယ်။ မြို့တွေက တိုင်းပြည်နဲ့လည်း ဆိုင်တယ်။ ဒါကို မှန်မှန်ကန်ကန် ခန့်ခွဲနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ ပြီးတော့ မီးခိုးမထုတ်တဲ့ စက်ရုံပေါ့။ မြို့ရဲ့ ဆွဲဆောင်မှု ရှိတဲ့ဟာ စိတ်ဝင်စားမှုရှိတဲ့ဟာကို ထပ်ပြီး အရောင်တင်ထားခြင်းအားဖြင့် အခြား ကမ္ဘာလှည့် ခရီးသွားတွေ ဘက်ကနေ လာနိုင်တယ်။ အခြားစီးပွားရေးတွေက မျက်စိကျနိုင်တဲ့ အခွင့်အရေးတွေ အများကြီး ရှိပါတယ်။ အခုလက်ရှိ တိုးတက်မှုကိုပဲ ကြည့်မယ်၊ ရေရှည်မကြည့်ဘူးဆိုရင် အခုရတဲ့အခွင့်အရေးနဲ့ ဆောက်တာကိုပဲ ဆောက်သွားမယ်။ တကယ့်စီမံခန့်ခွဲမှု မရှိဘူးဆိုရင် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံး သွားမှာတွေ ရှိမယ်။ တိုင်းပြည်အတွက် ရေတိုပဲ ရပြီး ရေရှည်မရတဲ့ဟာမျိုးတွေလည်း ရှိမယ်။ တကယ်ကတော့ ရေရှည် အကျိုးရှိမယ့်ဟာမျိုးကို Plan ချပြီးတော့ လုပ်သွားဖို့ လိုပါတယ်။ အရေးကြီးတာနဲ့ တန်ဖိုးထားတဲ့ဟာကို သဘောပေါက်ဖို့လည်း လိုပါတယ်။”
ရန်ကုန်မြို့ပြ စီမံခန့်ခွဲတဲ့ကိစ္စဟာ မြန်မာနိုင်ငံ တွေ့ကြုံနေရတဲ့ အဓိက စိန်ခေါ်မှုတွေ အနက် တခုအပါအ၀င် ဖြစ်တယ်လို့လည်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့က ကြေညာထားပါတယ်။
အဖွဲ့တည်ထောင်သူနဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ သန့်မြင့်ဦးကတော့ ရန်ကုန်မြို့ရဲ့ သမိုင်းဝင်မြို့လယ်ဟာ နိုင်ငံရဲ့ ဘီလီယံနဲ့ချီပြီးတန်တဲ့ ပိုင်ဆိုင်မှုတွေထဲက တခုဖြစ်သလို ဒီတန်ဖိုးကို မှန်မှန်ကန်ကန် စီမံခန့်ခွဲနိုင်တာဟာ ရန်ကုန်ကို အာရှရဲ့ မြို့ကြီးတမြို့အဖြစ် အသွင်ပြောင်းစေမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အနာဂတ်ကိုလည်း ပြောင်းလဲစေပါလိမ့်မယ်လို့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က နယူးယောက်မြို့မှာ ကျင်းပတဲ့ ဟောပြောပွဲတခုမှာ ပြောကြားခဲ့ပါတယ်။
နယူးယောက်မှာ ရုံးစိုက်တဲ့ ဗိသုကာလက်ရာနဲ့ အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ကမ္ဘာ့ထိပ်တန်းပုဂ္ဂလိကအဖွဲ့အစည်းဖြစ်တဲ့ World Monuments Fund က ရန်ကုန်မြို့လယ်ကို ဖွံ့ဖြိုးတိုးတက်မှု ခြိမ်းခြောက်ခံရတဲ့ အမွေအနှစ်ဒေသအဖြစ် ၂၀၁၄ ခုနှစ်မှာ စောင့်ကြည့်စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။










