DVB Logo
Home
မြန်မာသတင်း
လယ်တီသာသနိက အဆောက်အအုံ ပြောင်းရွှေ့မှု ဒေသခံ သံဃာတော်များ လက်မခံ
DVB
·
February 26, 2014
လယ်တီသာသနိက အဆောက်အအုံ ပြောင်းရွှေ့မှု ဒေသခံ သံဃာတော်များ လက်မခံ
Donate to DVB

လက်ပံတောင်း ကြေးနီစီမံကိန်းဧရိယာအတွင်းရှိ လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်တော်နဲ့ စေတီတော်ကို ပြောင်းရွှေ့ဖို့ ၀မ်ပေါင်ကုမ္ပဏီ၊ ဦးပိုင်ကုမ္ပဏီနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စီစဉ်နေပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လယ်တီသိမ်တော်နဲ့ စေတီတော်ဟာ ဆားလင်းကြီးကနေ ပုသိမ် - မုံရွာသွားတဲ့ ကားလမ်းပေါ်မှာ ရှိပြီး မူလနေရာနဲ့ မီတာ ၁၅၀၀ ဝေးတဲ့ ကျော်ရွာ တောင်ဘက် ကွင်းအမှတ် ၇၇၄ (က) ဝေဠုဝန်ကျောင်းတိုက်အနီးကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတာပါ။

[caption id="attachment_50966" align="alignright" width="300"]လယ်တီ သာသနိက အဆောက်အအုံများကို မြင်တွေ့ရစဉ် လယ်တီ သာသနိက အဆောက်အအုံများကို မြင်တွေ့ရစဉ်[/caption]ဖေဖော်ဝါရီ ၂၅ ရက်နေ့က လယ်တီသာသနိက အဆောက်အအုံတွေကို ရွှေ့ပြောင်းရေးနဲ့ ပတ်သက်ပြီး ကြေးနီစီမံကိန်း အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီရဲ့ ဥက္ကဋ္ဌ ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းအပါအ၀င် စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးနဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက်ဆရာတော်နဲ့ ဆရာတော်ကြီး တချို့က သာသနာရေးဆိုင်ရာ ထုံးတမ်းအစဉ်အလာတွေနဲ့ ညီညွတ်စေရေးအတွက် သြ၀ါဒ ကထာတွေ ချီးမြှင့်ခဲ့တယ်လို့ သိရှိပါတယ်။

လယ်တီသာသနိက အဆောက်အအုံတွေ ရွှေ့ပြောင်းရေးနဲ့ ပတ်သက်ပြီး သြ၀ါဒခံယူပွဲမှာ လက်ပံတောင်းတောင် ဒေသရှိ ကျေးရွာ ၂၆ ရွာက ဒေသခံ သံဃာတော်တွေ ပါဝင်မှု မရှိခဲ့ဘူးလို့ ဇီးတောရွာ စမ်းမြ၀တီကျောင်းတိုက်က ဥူးအာလောက အခုလို မိန့်တော်မူပါတယ်။

“ဒေသခံ ဆရာတော်တွေ တပါးမှလည်း မပါဝင်ခဲ့ဘူး။ ဒေသခံလူထု တယောက်မှလည်း မပါဝင်ခဲ့ဘူး။ သူတို့ မဟန ဘုန်းကြီးတွေနဲ့ မြို့နယ် သံဃာ့မဟာနာယက ဘုန်းကြီးတွေနဲ့ပဲ မနေ့က သြ၀ါဒ ခံယူပွဲမှာ လုပ်ကိုင် ဆောင်ရွက်သွားကြခြင်း ဖြစ်ပါတယ်။ အဆောက်အဦကိုတော့ ဖျက်လို့ ရကောင်းရမယ်ပေါ့။ ဒီနေရာရဲ့ ဘုရားနဲ့ သိမ်ရဲ့ မြေကိုတော့ ရွှေ့ပြောင်းလို့ ရတဲ့အရာ မဟုတ်ပါဘူး။ အဲဒါကြောင့်မို့လို့ တကယ်တမ်း ဗုဒ္ဓဘာသာဝင် နိုင်ငံဖြစ်တဲ့အလျောက် ဆရာတော်ကြီးများဟာ ဆရာတော်ကြီးများဖြစ်တဲ့အားလျှော်စွာ ယခုလို ဆုံးဖြတ်သွားတာဟာ အင်မတန်မှ ၀မ်းနည်းစရာဖြစ်တယ်ဆိုတဲ့ အကြောင်းကို ဦးဇင်းတို့ ပြောချင်ပါတယ်။”

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ရေး ကော်မရှင် အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီက အစီရင်ခံစာရဲ့ အကြံပြုချက်တွေကို လျစ်လျူရှုနေတယ်လို့ လက်ပံတောင်းတောင် အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ဦးမင်းမင်းက အခုလို ပြောဆိုပါတယ်။

“ဒေသခံ ပြည်သူလူထုက ဒီစီမံကိန်းကြီး လက်ခံတာက အစီအရင်ခံစာအတိုင်း အတိအကျ ဆောင်ရွက်ပေးမှ ဒီစီမံကိန်းကို ထောက်ခံမယ်။ အစီရင်ခံစာအတိုင်း လုပ်မပေးရင် ကျနော်တို့ဟာ စီမံကိန်းကြီးကို ကန့်ကွက်နေမယ်လို့ အမြဲတမ်းပြောခဲ့တယ်။ သိမ်ကိစ္စမှာလည်း အစီရင်ခံစာက မူလပုံစံမပျက် သင့်တော်သောနေရာကို ဒေသခံသံဃာ၊ သံဃာတော်ကြီးတွေနဲ့ ညှိနှိုင်းပြီးတော့ ရွှေ့ပြောင်းပေးရမယ်လို့ ပြောတယ်ခင်ဗျ။ အခုသူတို့ လုပ်မယ့်ပုံစံက ဖြိုဖျက်ပြီးတော့ အသစ်ပြန်ဆောက်မယ့် ပုံစံ ဖြစ်နေတယ်။ အဲဒါဆိုရင်တော့ လုပ်ငန်းဖော်ဆောင်ရေးကော်မတီက အစီရင်ခံစာ ချိုးဖောက်နေတယ်။ အစီရင်ခံစာရဲ့ အကြံပြုချက်တွေကို လျစ်လျူရှုတယ်လို့ ပြောလို့ရတယ်။ အဲဒါကြောင့်မို့လည်း စီမံကိန်းကြီးကို မထောက်ခံပဲ ဖြစ်နေတာ။”

မနေ့က ပြုလုပ်တဲ့ လယ်တီ သာသနိက အဆောက်အအုံ ရွှေ့ပြောင်းရေးနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သြ၀ါဒခံယူပွဲမှာ လယ်တီ သိမ်နဲ့ စေတီတော် ဖျက်သိမ်းဖို့အတွက် လက်မှတ်ထိုးရရင် မထိုးမယ့် သံဃာတော်တွေ ပါဝင်ကြောင်း လယ်တီ လက်ပံတောင်းဒေသ အင်ကြင်းတောင်ပေါ် မှာ သီတင်းသုံးနေတဲ့ ဆရာတော် ဥူးစန္ဒာသီရီ က ပြောပါတယ်။

“သူတို့ရဲ့ နီးစပ်ရာသံဃာတော်တွေနဲ့ သူတို့ ကြိုးကိုင်လို့ရမယ့် သံဃာတော်တွေပဲ ပင့်ဖိတ်သွားတာ ဖြစ်တဲ့အတွက် ဦးဇင်းတို့ ကျန်တဲ့ သံဃာတော်တွေ သံဃာငယ်လေးတွေ ကိုယ်တိုင်ကလည်း ဖျက်သိမ်းမယ့် ကိစ္စကို သဘောမတူကြပါဘူး။ ကျန်တဲ့ သံဃာတော် တော်တော်များများကလည်း ဆန္ဒတူ သဘောတူ မဟုတ်ပါဘူး။ မနေ့က တက်ရောက်တဲ့ အထဲတောင်မှ ဖျက်ဖို့ လက်မှတ်ထိုးရမယ်ဆိုရင် မထိုးဘူးဆိုတဲ့ သံဃာတော်တွေ ပါပါတယ် ဒကာကြီး။”

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ရေး ကော်မရှင် အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက သာသနိက အဆောက်အအုံတွေ ရွှေ့ပြောင်းခြင်းနဲ့ ပြန်လည် တည်ဆောက်ခြင်း အဖွဲ့ကနေပြီး ဓလေ့ထုံးထမ်းစဉ်လာနဲ့အညီ ရွှေ့ပြောင်းနိုင်ဖို့ ဆောင်ရွက်နေကြောင်း ပထမအကြိမ် ပြည်သူ့လွှတ်တော် အဌမ ပုံမှန် အစည်းအဝေးမှာ ပြန်လည်ဖြေကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013